အောက်တိုဘာ ၂၇၊ ၂၀၂၅
Zalen
အာဆီယံထိပ်သီးအစည်းအဝေးတွေမှာ မြန်မာ စစ်ခေါင်းဆောင် တက်ရောက်ဖို့ အာဆီယံအနေနဲ့ ဆက်လက် ကန့်သတ်ထားမယ်လို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးကနေအောက်တိုဘာ ၂၆ ရက်မှာ ထုတ်ပြန်ပါတယ်။
မြန်မာ့နိုင်ငံအရေးအတွက် ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို အာဏာသိမ်းစစ်တပ်က အကောင်အထည်မဖော်နိုင်တာကြောင့် အခုလို ပိတ်ပင်တာလို့ ဆိုပါတယ်။
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာ မြန်မာ့အရေး ဘုံသဘောထား ၅ ရပ် အကောင်အထည်ဖော်တာနဲ့ ပတ်သက်ပြီး အလွတ်သဘောအနေနဲ့ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေက အောက်တိုဘာ ၂၅ အစည်းအဝေးလုပ်ခဲ့တာပါ။
အာဆီယံ ထိပ်သီးအစည်းအဝေးတွေအပြင် နောက်ဆက်တွဲ အစည်းအဝေးတွေမှာပါ မြန်မာစစ်ခေါင်းဆောင်တွေကို တက်ခွင့်မပြုဘဲ နိုင်ငံရေးမပါတဲ့ ကိုယ်စားလှယ်တွေကိုသာ တက်ခွင့်ပြုမယ်လို့ သိရပါတယ်။
အာဆီယံခေါင်းဆောင်တွေရဲ့အစည်းအဝေးမှာ မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်တိုးတက်မှုတွေကို ဆွေးနွေးခဲ့သလို နိုင်ငံအတွင်းပဋိပက္ခတွေနဲ့ ဆိုးရွားတဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အခြေအနေတွေအပြင် ဘုံသဘောတူချက် ၅ ချက် အကောင်အထည်ဖော်မှု သိသာထင်ရှားတဲ့ တိုးတက်မှုမရှိတဲ့အပေါ် အထူးစိုးရိမ်ကြောင်း ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
လာမယ့်နှစ်မှာ အာဆီယံဥက္ကဋ္ဌ ရာထူးကို မြန်မာက လက်ခံရမှာဖြစ်ပေမဲ့ လက်ရှိအခြေအနေတွေကြောင့် မြန်မာအစား ဖိလစ်ပိုင်က တာ၀န်ယူရမှာ ဖြစ်ပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာတဲ့ အခြေအနေတွေကြောင့် ၂၀၂၁ ခုနှစ် ဧပြီမှာ အာဆီယံထိပ်ပိုင်းခေါင်းဆောင်အစည်းအဝေးမှာ ဘုံသဘောတူညီချက် ၅ ရပ်ကို ထုတ်ပြန်ခဲ့ပြီး မြန်မာစစ်တပ်အကောင်အထည်ဖော်မှု အခြေအနေတွေကို အကြံပြုချက် ပေးကြတာလည်း ဖြစ်ပါတယ်။
အရပ်သားတွေ၊ အများပြည်သူပိုင်အဆောက်အတွေ၊ အရပ်သားနေအိမ်တွေအပေါ် အကြမ်းဖက်မှုတွေကိုလည်း ပြစ်တင်ရှုံ့ချပြီး အကြမ်းဖက်မှုတွေကို အရေးယူဖို့၊ အရပ်သားတွေရဲ့ လုံခြုံရေးကို အာမခံဖို့နဲ့ လူသားချင်း စာနာမှုအကူအညီတွေကို ဖန်တီးဖို့၊ အကျိုးစီးပွားမပါတဲ့ နိုင်ငံရေး ဆွေးနွေးချက်တွေလုပ်ဖို့ကိုလည်း တိုက်တွန်းထားပါတယ်။
လက်ရှိ အာဆီယံ ဆက်စပ်အစည်းအဝေးတချို့ကို စစ်ကောင်စီ လက်အောက်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဟောက်ခန့်ဆုမ်း ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်နေပါတယ်။
Mary


















