ဇူလိုင် ၁၇၊၂၀၂၅။
Zalen
တောလူ ရေးသည်။
“အရှေ့ကိုနဲနဲတိုးကြည့်ပါ ခရီးနဲနဲပိုရောက်မှာ။အပေါ်ကိုနဲနဲတက်ကြည့်ပါ မြင်ကွင်းကျယ်ကျယ်မြင်ရမှာပါ”
ကျွန်တော် မတူပီမြို့သိမ်းပြီးနောက် နှစ်ကြိမ် ေရာက်ခဲ့တယ်။ မတူပီမြို့ကိုဖြတ်သွားပြီးခရီးနှင်ခဲ့တာပါ။ မတူပီ-ရေဇွာကို ဆက်သွယ်ထားတဲ့ လမ်းကနေသွားခဲ့ပါတယ်။
ပထမတစ်ကြိမ်က မတ်လထဲသွားခဲ့တာ။ အဲဒီအချိန်တုန်းက မတူပီ-ရေဇွာဘက်ကိုသွားတဲ့လမ်းမှာ အခက်အခဲတစ်ချို့ရှိလို့ သွားရအဆင်မပြေဘူးဆိုတဲ့အကြောင်း မိတ်ဆွေတွေကပြောလာတော့ “နောက်ဆုတ်ဖို့ကြိုးစားရင်းရှေ့တိုးမိ”ဆိုသလို ဖြစ်ခဲ့မိတယ်။
ဒါပေမယ့် တစ်ကယ်တမ်း သွားရတဲ့အချိန်မှာ မိတ်ဆွေတွေပြောပြသလောက် ဆိုးမနေတာကို သတိထားမိတယ်။ သို့ပေမဲ့ တစ်ချို့နေရာတွေမှာ သွားလာရေးအမှန်တကယ်ခက်ခဲတာလည်းရှိနိုင်ပါတယ်။
အပြင်ကမြင်တဲ့အမြင်ထက် လက်တွေ့ ထိတွေ့ရတဲ့အရာက ပိုပြီးတော့ အတွင်းကျကျသိစေသလိုတစ်ချို့ကအမြင်မဟုတ်ဘဲ အထင်ဆိုတာကို သိလိုက်ရတယ်။
အဲဒီအခေါက်ခရီးနှင်ခဲ့တာ ပျော်လည်းပျော်၊၀မ်းလည်းသာသလို ရင်ထဲမှာ ဒီလမ်းကနေအောင်အောင်မြင်မြင်သွားနိုင်တယ်ဆိုတဲ့စိတ်နဲ့ကြည်နူးမိခဲ့ပါတယ်။ ဘာလို့ဆို လမ်းပန်းဆက် သွယ်ရေးကောင်းမွန်ခြင်းရဲ့ အနှစ်သာရကို သိခွင့်ရလို့ပါပဲ။ ခုလိုသွားလာနိုင်ဖို့ အစစအရာရာကူညီပေးကြတဲ့သူတွေအားလုံးကိုလည်း ဒီနေ ရာကနေ ကျေးဇူးစကား ဆိုပါရစေ။
ဒုတိယအကြိမ် ထပ်သွားဖြစ်တာက မေလထဲမှာပါ။ အသွားတုန်းကလည်း အရင်တစ်ခေါက်လို ချောချောမွေ့မွေ့ပါပဲ။ ကိုယ့်ရဲ့ အလုပ်ကိစ္စကိုပြီးမြောက်အောင်လည်း လုပ်နိုင်ခဲ့တယ်။
ကျွန်တော့်ရဲ့ခရီးသွားချိန်၀မ်းသာရတဲ့ အရသာက အခုမှပဲစလာပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော်တို့တွေ လိုချင်နေတဲ့ဆန္ဒတွေထဲကတစ်ခုလို့ပြောရင် အဲဒါဟာ စည်းလုံးဖို့ဆိုတာ တွေးရပါလိမ့်မယ်။
ယခင်က စစ်ကောင်စီ တပ်ဖွဲ့တွေမတူပီမြို့ ပေါ်မှာ တပ်စွဲနေထိုင်နေသေးတာကြောင့် မတူပီ – ရေဇွာ လမ်းကို ဖြတ်သန်းသွားလာနိုင်ဖို့ခက်ခဲနေခဲ့တာဖြစ်ပါတယ်။
မတူပီမြို့ပေါ်ရှိ ခလရ ၁၄၀ ၊ ခမရ ၃၀၄ တပ် ရင်း၊ ဗျူဟာကုန်းတွေကိုတော့ ချင်းညီနောင်ဦး ဆောင်တဲ့မဟာမိတ်တပ်ဖွဲ့များက ချင်းညီနောင်စစ်ဆင်ရေးမတူပီအဖြစ် ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၉ ရက်နေ့မှာ သိမ်းယူခဲ့တာဖြစ်ပါတယ်။
အဲဒီနောက် မတူပီ – ရေဇွာလမ်းပိုင်းအသုံးပြုမှုတွေ ပြန်လည်စတင်လာတာကတော့ နို၀င်ဘာလကနေစပြီး ဆိုင်ကယ်အသွားအလာတွေခပ်စိပ်စိပ်ပြုလုပ်လာနိုင်ကြပါတော့တယ်။
ဒီလိုသွားလာနိုင်ဖို့က အဖွဲ့အစည်းထဲကဆိုရင် သက်ဆိုင်ရာတာရှိသူတွေရဲ့ ထောက်ခံချက်တွေလိုအပ်သလို၊ အရပ်သားပြည်သူတွေဆိုရင် မှန်ကန်တဲ့ မတူပီမြို့၀င်ဂိတ်က ထောက်ခံချက် လက်မှတ်(ဖြတ်ပိုင်း)တွေ လိုအပ်ပါတယ်။
ပြီးခဲ့တဲ့ မေလ ၂၀ ရက်နေ့က မတူပီမြို့နယ်အခြေပြုတော်လှန်ရေးတပ်ဖွဲ့ နှစ်ခုရဲ့ သဘော တူဆုံးဖြတ်ချက်တွေကြောင့် မော်တော်ကားတွေပါခွင့်ပြုခဲ့ကြတာကြောင့် လမ်းပိုင်းအသွား၊အ လာတွေကတော့ ယခင်ကထက်ပိုမို သွားလာနေကြပါပြီ။
အရင်ကထက်သွားရလာရတာတွေလည်းလွတ် လပ်ပေါ့ပါးမှုရှိသလို ယခင်တပ်မဟာ ၂ ဖက်က ဖြတ်ပိုင်းကိုလည်း တပ်မဟာ ၁ ဂိတ်က ကောင်းမွန်စွာလက်ခံပေးသလို ဖြတ်ပိုင်းတစ်ခုထဲနဲ့ ဂိတ်နှစ်ခုကို ချောချောမွေ့မွေ့ဖြတ်ကျော်လို့ရနေပြီပဲဖြစ်ပါတယ်။
မတူပီ မြို့နယ်ကနေ စစ်အာဏာရှင်ကိုတွန်းလှန်ရင်း တူညီတဲ့ခံယူချက်တွေနဲ့ အဖွဲ့တွေကွဲသွားကြတဲ့ တပ်မဟာ -၁ နှင့်တပ်မဟာ – ၂ ရဲ့ တူညီ တဲ့ သဘောတူညီချက်ကြောင့်ပါပဲ။
ကျွန်တော် ဒီအဖွဲ့ နှစ်ခုရဲ့သဘောတူညီချက် တွေကိုမြင်ရပြီးနောက် ခရီးကနေပြန်လှည့်လာတဲ့အခါ အရင်တစ်ခေါက်က ကျွန်တော်သွားခဲ့တဲ့ ခံစားချက်မျိုးနဲ့မတူတော့ပါဘူး။
တောတောင်သဘာ၀တွေတောင် ပိုပြီးစိမ်းလန်း စိုပြေနေတယ်လို့ပြောရင် ပိုမယ်မထင်ပါဘူး။ လမ်းတလျောက် ကျေးငှက်တွေရဲ့ တွန်းကျူးသံတွေကလည်း သာယာနာပျော်ဖွယ်အတိပါပဲ။ လမ်းမှာတွေ့ရတဲ့ လမ်းသွားလမ်းလာခရီးသည်တွေဟာလည်း ရယ်လို့ ပြုံးလို့ပါ။
မတူပီ – ရေဇွာ ကြားကရှိတဲ့ ကျေးလက်ဒေသက ပြည်သူလူထုတွေကလည်း အပြုံးကိုယ်စီ။
ဆိုင်ကယ် တင်မက ကားတွေပါ သွားလာတာမြင်ရတော့ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာရတယ်။
အရင်တစ်ခေါက်သွားတုန်းက မိုးတွေမရွာပေမယ့် ဆိုင်ကယ် တွေအသွားအလာမရှိသ လောက်။ ဒီတစ်ခေါက် ခရီးမှာတော့ မိုးတွေကရွာ၊ မြေတွေကပြို၊ လမ်းတွေက ပျက်စီးနေပေမယ့် ဆိုင်ကယ်သာမက ကားတွေပါသွားလာ နေတာမြင်ရတယ်။
အရင်တစ်ခေါက်ကတော့ လမ်းတစ်လျှောက်ဓာတ်ပုံတွေရိုက်ဖို့တောင် သတိမထားမိပေမယ့် ဒီတစ်ခေါက်မှာတော့ ကိုယ်စိတ်ထဲကနေ ရိုက်ချင်တဲ့ ဓာတ်ပုံလေးတွေကို ရိုက်နိုင်ခဲ့တယ်။
ချင်းပြည်နယ်ရဲ့အလှတရားတစ်ခုကိုဖန်တီးထားတဲ့ မတူပီရဲ့ ကဗျာလည်းဖြစ်တဲ့ ဘုံတလာရေတံခွန်ရဲ့ မိုးရာသီအစပြုတဲ့ လတွေမှာခရီးတွေနှင်ရတာကြောင့် မိုးကသည်းလိုက်၊ စဲလိုက်၊ကြဲလိုက်ပါပဲ။
အခြေခံပညာ ကျောင်းတုန်းကကျောင်းအတူတက်ခဲ့ဖူးတဲ့ သူငယ်ချင်းတွေနဲ့လည်း ဒီတစ်ခေါက်ခရီးလမ်းမှာ ပြန်ဆုံကြလို့ ရယ်ရယ်မောမော ဟာသတွေနှောပြီးစကားပြောချိန်တွေတောင် ရခဲ့ပါတယ်။
မတူပီ နဲ့ ရေဇွာ ဟာ မိုင်အားဖြင့် ၆၈ မိုင် ကွာဝေးပြီးအများအားဖြင့် ကျောက်ခင်းလမ်းပိုများနေပါတယ်။ မတူပီကနေ ဖနိုင်ရွာ ကျော်တဲ့အထိ ကတ္တရာ လမ်းရှိပြီး လမ်းမပေါ် ကကျေး ရွာတွေ မှာ လည်းအလားတူကတ္တရာလမ်းတွေခင်းထားကြပါတယ်။
မတူပီ -ရေဇွာ ကြားက မတူညီတဲ့လမ်းတွေကနေသွားရတာလည်း ကွဲပြားတဲ့ခံစားချက်တွေရှိစေပါတယ်။ လှပတဲ့ နေရာဒေသ တစ်ခုချင်းစီကိုလည်း မြင်တွေ့ခွင့်ရခဲ့တယ်။
အများအားဖြင့်သွားရင် မတူပီကနေ သွားမယ်ဆို ဖနိုင်၊ငလိုင်၊ လောင် လှော်၊ခွါငန်း၊ဇကန်း၊သိမ်ဆည်း၊ ထောင်လန်၊ရုမ်ငိုး၊ဟရင်ထန်၊ရေဇွာဆိုပြီး ကျေးရွာတွေဖြတ်ရပါတယ်။ တစ်ခါတစ်လေခရီးသွားတဲ့လူတွေက လမ်းကျဉ်း၊ လမ်းကြမ်းတွေဟာသူတို့အတွက် ခရီးကိုမြန်မြန်ပိုရောက်စေမယ်၊ အချိန်ပိုသက်သာစေမယ်ဆိုရင် ဒီအချက်တွေကိုဦးစား ပေးစဉ်းစားတတ်ကြပါတယ်။
ကျွန်တော်လည်း တစ်ခါတစ်လေ ဒီလို ဆုံးဖြတ်ရတာသဘောကျပါတယ်။ အဲလိုနဲ့ ကျောက်ခင်းလမ်းမကြီးအတိုင်းသွားရင် ၆ မိုင်ခန့်ပိုသက်သာမယ့်လမ်းကိုရွေးပြီးသွားလိုက်ပါတယ်။ ခွါငန်းကနေ ရာဆိုး၊ ဟုန်လေး၊ ထောင်လန်ကိုပြန်ပေါက်တဲ့ မြေသားလမ်း အဆင်းအတက်လေးအတိုင်း ဆိုင်ကယ်နဲ့ ခရီးနှင်ဖြစ်ခဲ့ပါတယ်။
ခရီးကြမ်းနှင်ရတဲ့အခါ ဆိုင်ကယ်က အလွယ်ဆုံး၊ အမြန်ဆုံးပါ။ အသက်သာဆုံးတော့မဟုတ်ပါဘူး။ အခုလို ခရီးရှည်တွေသွားတဲ့အခါမှာတော့ အနည်းအကျဉ်းတော့ဆိုင်ကယ် ပြင်တတ်နိုင်ရင်တော့ ပိုပြီးတော့ ခရီးသွားရတာသက်တောင့်သက်သာ ဖြစ်ရတယ်။
လမ်းခရီးတလျှောက် ဒေသခံတွေနဲ့ ပြောဆိုဆက်ဆံရာမှာ ဘာသာစကားတွေ မတူကြပေမယ့် ဗမာလို ပြောနိုင်၊ ဆိုနိုင်ကြလို့ ကိုယ့်အ တွက် ခက်ခဲတဲ့ပြဿနာမဟုတ်ခဲ့ဘဲ အဆင်ပြေခရီးစဥ်ဖြစ်ခဲ့ပါတယ်။ တဆက်တည်းမှာလည်း ခုလို သွားလမ်းသာပြီး လာလမ်းဖြောင့်စေခဲ့တဲ့အဓိက အချက်ကို တစ်ကိုယ်တည်း တွေးတောဆင်ခြင်နေပါတယ်။
အဲဒါကတော့ ဆောင်းပါးအဖွင့်မှာဖော်ပြခဲ့တဲ့ သီချင်းစာသားလေးလို ကျွန်တော်တို့အားလုံး ရှေ့ကိုပဲ နည်းနည်းချင်းစီသွားပြီး ခရီးတွေပိုရောက်အောင် သွားကြရမယ်။ အပေါ်ကိုတက်ရင်းတက်ရင်း မြင်ကွင်းကျယ်ကျယ် မြင်နိုင်တဲ့ သူတွေဖြစ်ကြဖို့ လိုအပ်တယ်ဆိုတာပါပဲ။