၉၊ ဇူလိုင်၊ ၂၀၂၅
Zalen
၂၀၂၄ ဇူလိုင် ကနေ ၂၀၂၅ ဇူလိုင်အထိ တစ်နှစ်အတွင်း ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ရှိ အွန်လိုင်းငွေလိမ်လုပ်ငန်း ကျားဖြန့် တွေကနေ အိန္ဒိယနိုင်ငံသား ၈၄၀ ဦး လွတ်မြောက်လာခဲ့တယ်လို့ ရန်ကုန်ရှိ အိန္ဒိယသံရုံးက ဇူလိုင်၉ ရက်နေ့ ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။
မြဝတီရှိကျားဖြန့်လုပ်ငန်းတွေက လွတ် မြောက်လာတဲ့ အိန္ဒိယနိုင်ငံသား ရှစ်ဦးကို ဒီနေ့မှာ ဘန်ကောက်က တစ်ဆင့် အိန္ဒိယကို ပြန်လည်ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။
ကျားဖြန့်လို အလုပ်ကမ်းလှမ်းမှုတွေကို သံရုံးတွေနဲ့ တိုင်ပင်ဆွေးနွေးခြင်းမရှိပဲ လက်မခံဖို့ အိန္ဒိယသံရုံးက အကြံပြုထားပြီး တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုတွေဟာ အနာဂတ်မှာ ပြန်လည်ဝင်ရောက်ခွင့် ကန့်သတ်နိုင်တယ်လို့ သတိပေးထားပါတယ်။
ဇူလိုင် ၈ရက်နေ့မှာ ကျားဖြန့်အလုပ် လုပ်ကိုင်ခဲ့တဲ့ အိန္ဒိယနိုင်ငံသား ရှစ်ဦး၊ အင်ဒိုနီးရှားနိုင်ငံသား ၁၃ ဦး၊ ကမ္ဘောဒီးယား နိုင်ငံသား တစ်ဦး တို့ကို မြန်မာဘက်က ထိုင်း-မြန်မာ အမှတ်(၂) ချစ်ကြည်ရေးတံတားကနေ လွှဲပြောင်းပေးခဲ့ပါတယ်။
ထိုင်း-မြန်မာနယ်စပ်တကြောမှာ ဆက်ရှိနေသေးတဲ့ ကျားဖြန့်လုပ်ငန်းခွင်တွေထဲမှာ လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသား အယောက် ၃၀,၀၀၀ ကို တရုတ်ဘက်လွှဲပေးဖို့ ထိုင်း-မြန်မာ-တရုတ် သုံးနိုင်ငံတွေ့ဆုံချိန်မှာ တရုတ်က တောင်းဆိုလိုက်တယ်လို့ သိရပါတယ်။
၂၀၂၅ ခုနှစ် ပထမနှစ်ဝက် ၆ လအတွင်း စစ်ကောင်စီက မြန်မာကို တရားမဝင်နည်းလမ်းနဲ့ ဝင်ရောက်လာပြီး ကျားဖြန့်လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသားအပါအဝင် နိုင်ငံခြားသား၉,၁၉၈ ဦးကို စစ်ဆေးဖော်ထုတ်နိုင်ခဲ့ပြီး ၈,၉၀၀ ကျော်ကို နေရပ်လွှဲပြောင်းပေးခဲ့တယ်လို့ သတင်းစာထဲမှာ ဖော်ပြထားပါတယ်။
Helen