တစ်ပတ်ကြာစွန့်ခွါြခင်းမှ ၄ နှစ်ပြည့်ပြီဖြစ်သည့် ထန်တလန်မြို့ဒေသခံပြည်သူများ

စာ‌‌‌‌ေရးသူ –Grace

၂၀၂၁ ခုနှစ်၊ စက်တင်ဘာလဟာ ထန်တလန်မြို့ခံများအတွက် ဘယ်တော့မှမေ့လို့မရမယ့် နှစ်တနှစ်ဖြစ်ပါတယ်။

မတရားအာဏာသိမ်းတဲ့ အကြမ်းဖက်စစ်တပ်နဲ့ အဆိုပါလုပ်ရပ်ကို လက်မခံနိုင်ကြတဲ့ ချင်းတော်လှန်ရေးတပ်ဖွဲ့ များ အကြားထိတွေ့ တိုက်ပွဲများစဖြစ်ခဲ့တဲ့ ကာလ၊ ထန်တလန်မြို့ခံများက မိမိတို့ရဲ့ နေအိမ်၊ ခြံဝန်း၊ မိမိတို့ရဲ့မြို့ နဲ့ ဝေးကွာခဲ့ကြတဲ့ နှစ်ဖြစ်လို့ပါပဲ။

ထန်တလန်မှာ ၂၀၂၁ ခုနှစ် စက်တင်ဘာ လဆန်းပိုင်းကနေစလို့ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေကြား ခပ်စိတ် စိတ် ထိတွေ့ပစ်ခတ်မှုတွေ ဖြစ်ခဲ့လို့ မြို့ခံတစ်ချို့က လဆန်းပိုင်းကတည်းကနေ ထန်တလန်မြို့ကိုခဏရှောင်ဖို့ ကိုယ်နဲ့နီးစပ်ရာ ကျေးရွာဘက်ကို စတင်ထွက်ခွါခဲ့ကြပါတယ်။

ဒီလိုနဲ့ စက်တင်ဘာလ ၁၈ ရက်နေ့မှာတော့ နှစ်ဖက်အကြား ထန်တလန်မြို့အစွန်ဆုံး ကျောင်းရပ်ကွက်ဘက်မှာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ရာ စစ်တပ်ဘက်က အသေအပျောက်များခဲ့လို့ သူတို့လုပ်လေ့လုပ်ထရှိတဲ့အတိုင်း ကျောင်းရပ်ကွက် ၊ ဆောက်လုပ်ရေးဌာန လမ်းခွဲနားက  လူနေအိမ်များကို မီးလောင်ဗုံးများဖြင့် စတင်ပစ်ခတ်ကာ မီးရှို့ခဲ့လို့ နေအိမ် ၂၀ ဝန်းကျင်မီးလောင်ပြာကျခဲ့ပါတယ်။

တစ်ဖက်မှာ စစ်တပ်ကိုကြောက်ရ၊ တစ်ဖက်မှာ စစ်ဘေးရှောင်ကြရနဲ့ မီးလောင်နေတဲ့နေအိမ်များဟာ မီးငြှိမ်းမယ့် သူမရှိတော့ဘဲဒီတိုင်း တဖြည်းဖြည်းလောင်ကာ ပြာကျခဲ့ရပါတယ်။ အဲဒီမီးကိုငြှိမ်းဖို့ဆင်းလာတဲ့ ခရစ်ယာန် အမှုတော်ဆောင်တစ်ပါးကို အကြမ်းဖက်သမားများက ရက်ရက်စက်စက် ပစ်ခတ်ခဲ့လို့ ဆုံးပါးသွားပါတယ်။ အဲဒီနေ့က ရပ်နီးရပ်ဝေးက ထန်တလန်မြို့ခံများအားလုံး မျက်ရည်မျက်ခွက်နဲ့ နေခဲ့ရတဲ့ နေ့တစ်နေ့ဖြစ်ပါတယ်။

အဲဒီတုန်းက ထန်တလန်မြို့ခံများထဲက သုံးပုံ နှစ်ပုံဟာ ထန်တလန်မြို့ကိုစွန့်ခွါခဲ့ကြပြီဖြစ်လို့ ညနေမိုးချုပ်ခါနီး အိမ်မှာမွေးထားတဲ့ ခွေးလေးများ၊ ကြောင်းလေးများ၊ ဝက်လေးများ စတဲ့အိမ်မွေးတိရိစ္ဆာန်များဟာ ပိုင်ရှင်ကို ရှာရင်း ညိုးရင်း၊ လူသူအသွားအလာ မရှိတော့ဘဲ ထန်တလန်မြို့ဟာ ငြိမ်သက်ပြီးခြောက်ကပ်ကပ်ဖြစ်ခဲ့ပါတယ်။

စက်တင်ဘာလ ၁၈ ရက်နေ့အထိ ထန်တလန်မြို့ကိုမစွန့်ခွါသေးဘဲ ကျန်နေသေးနဲ့ ရာဂဏန်းခန့် လူနည်းစုများအနက် ဦးပါအုပ် တို့ မိသားစု လည်းအပါအဝင်ဖြစ်ခဲ့ပါတယ်။

အဲဒီညကတည်းကနေ မြို့ကနေထွက်ဖို့ ဦးပါအုပ်တို့မိသားစု လည်းပြင်ရင်းဆင်ရင်း ၊ သေနတ်၊ ဗုံးသံများ ကြားထဲ ညအိပ်လည်းမပျော်  ၊ အကြမ်းဖက်သမားများတွေ့မှာစိုးလို့ မီးလည်းမဖွင့်ရဲဘဲ  မိုးလင်းဖို့ကို ထိုင်စောင့်ခဲ့ ကြကာ မနက်မိုးလင်းတာနဲ့ အဆင်ပြေတဲ့ကားနဲ့လိုက်ပြီး ထန်တလန်မြို့ကို ရက်သတ္တပတ်အနည်းငယ် အတွက် စွန့်ခွါခဲ့ကြပါတယ်။

ဦးပါအုပ် တို့မိသားစုဟာလည်း အများနည်းတူ မြို့ကို အလွန်ဆုံးတစ်ပတ် ဒါမှမဟုတ် နှစ်ပတ် ခန့် ရှောင်ပြီး တောထဲမှာ ခဏရှောင်ဖို့ ထွက်သွားခဲ့ကြတာဖြစ်တယ်။ နှစ်ပတ်ခန့်ကြာရင် ပြန်လာမှာပဲဆိုတဲ့အတွေးနဲ့ တော ထဲနေဖို့ဆိုတော့ အဝတ်အစား အကောင်းစား၊ မရှိမဲ့ရှိမဲ့ တန်ဖိုးကြီး ရိုးရာအဝတ်အထည်များ၊ ဆွဲကြိုးများ၊ နားကပ် များကို လုံခြုံမယ့်နေရာမှာသိမ်းထားပြီးတော့ အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ မြို့ကို စွန့်ခွါ ခဲ့ကြပါတယ်။

တစ်ကယ့်လက်တွေ့မှာ တောတောင်တွေထဲ နေထိုင်ဖို့အဆင်မပြေတာကြောင့် ထန်တလန်မြို့နယ်ထဲက တောရွာ လေးမှာ ဦးပါအုပ် တို့မိသားစု ရောက်ရှိခဲ့ကြပါတယ်။ မိသားစု စားဝတ်နေရေး အတွက်လိုအပ်တဲ့ အရာတွေ တစ်ခုမှပါမလာကြတဲ့ သူတို့မိသားစုဟာ ရွာသားများက စာနာလို့လာရောက်ပေးအပ် ဌားရမ်းထားတဲ့ အိုးခွက်ပန်းကန်များ၊ ဆန်၊ ဆီ၊ ဆား များနဲ့ ဝမ်းဖြည့်ခဲ့ရပြီး မြို့ပြန်လို့ရမယ့်ရက်ကို စောင့်နေခဲ့ကြပါတယ်။

ဒါပေမယ့် ထန်တလန်မြို့ခံများ ထင်ထားသလိုမဟုတ်တော့ တစ်နေ့ပြီးတစ်နေ့  စောင့်ရင်း စောင့်ရင်း၊  နေ့ရက်တွေကို ရေတွက်ရင်းရေတွက်ရင်း အခုဆိုရင် ထန်တလန်မြို့ကိုမပြန်နိုင်ကြတာ လေးနှစ် တောင်ရှိလာပြီ ဖြစ်ပါတယ်။

အိမ်ပြန်ဖို့ စောင့်မျှော်နေကြတဲ့ ဦးပါအုပ် တို့အပါအဝင် ထန်တလန်မြို့ခံများဟာ မြို့ကိုပြန်နိုင်မယ့် အစား တစ်နေ့တစ်ခြား ထန်တလန်မြို့တွင်း နေအိမ်များကို စစ်အုပ်စုကတဖြည်းဖြည်း မီးရှို့ခဲ့လို့ ဘယ်တော့များ မိမိတို့ အိမ်ပါသွားမလဲဆိုတဲ့ အတွေးနဲ့ မစားနိုင်၊ မအိပ်နိုင်ဖြစ်ကာ စစ်ရှောင်ဘဝရဲ့အစကို ခက်ခက်ခဲခဲကျော်လွှားခဲ့ကြရ ပါတယ်။

ကျန်းမာရေးအခြေအနေမကောင်းလှတဲ့ ဦးပါအုပ် တို့ မိသားစုဟာအဆိုပါတောရွာလေးမှာ ၈ လ ဝန်းကျင်နေထိုင် ပြီးနောက် အခြေအနေအမျိုးမျိုးကြောင့် သူစိမ်းမြေ ဖြစ်တဲ့ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ဘက်ကို ၂၀၂၂ ခုနှစ်၊ မေလ မှာပြောင်းရွှေ့ခဲ့ရပြန်ပါတယ်။

ဘာသာစကား၊ လူမှုနေထိုင်ပုံကအစ မတူညီတဲ့ပတ်ဝန်းကျင်အသစ်မှာ ဦးပါအုပ်တို့မိသားစု အနေကြပ် အထိုင်ကြပ်နေခဲ့ရပြီး ဦးပါအုပ်ဟာ ကြုံ့ရာကျပန်းအလုပ်လုပ်ကိုင်ကာ မိသားစုကို ရှာကျွေးခဲ့ရပါ တယ်။

“စရောက်ခါစကတော်တော်မလွယ်ဘူး။တစ်ခါတော့တိုက်ဆောက်တဲ့နေရာမှာ တစ်နေ့ ရူပီး ၅၀၀ ရမယ်ဆိုပြီး သွားလုပ်တာ စကားအပြောအဆိုနားမလည်တော့ သူပြောတာနားမလည်၊ ကိုယ်ပြောတာလည်းသူ နားမလည်ဖြစ် ကုန် တယ်။ သူတို့ တူတောင်းရင်ကိုယ်က ပေါက်တူးပေးလိုက်၊ သူတို့သဲတောင်းရင်ကိုယ်က ကျောက်စရစ် ပေးလိုက်၊ အဲလို အလွဲလွဲအချော်ချော်တွေဖြစ်ခဲ့တယ်။” ဆိုပြီး ဦးပါအုပ်က ရယ်မောရင်းပြန်လည်ပြောပြ ထားပါ တယ်။

ဒါ့အပြင် အိန္ဒိယ နိုင်ငံသားမဟုတ်တဲ့ မြန်မာစစ်ရှောင်များအတွက် တပါးသူတိုင်းပြည်မှာ လိုရာလုပ်လို့မရဘဲ အခက်အခဲအများအပြားကို ရင်ဆိုင်ခဲ့ရပါတယ်။

“ဒီကိုရောက်ပြီးနောက် နိုင်ငံတစ်နိုင်ငံရဲ့ နိုင်ငံသားဖြစ်ရတာဘယ်လောက်အကျိုးရှိတယ်ဆိုတာသိရတယ်။ ဒီကို ရောက်ပြီး စစ်ရှောင်ဆိုတဲ့ခေါင်းစဉ်အောက်မှာ နိုင်ငံသားမှတ်ပုံတင်မရှိတာ ဘယ်လောက်ခက်ခဲမှန်းသိသွားတယ်။ ဆိုင်အသေးလေးဖွင့်မယ်ဆိုလည်းမရ၊ ဆိုင်ကယ်၊ သုံးဘီး၊ ကား စတာတွေကနေ ငွေရှာမယ်ဆိုလည်းအဆင်မပြေ၊ ကိုယ့်တိုင်းပြည်ပြန်ဖို့ကလည်း အဆင်မပြေဆိုတော့ အတွေးတွေကလည်း အတည်တကျမဖြစ်နိုင်ဘူး။ စစ်ရှောင် ဘဝကိုတော်တော်လည်း အီနေပြီ။” လို့ပြောပါတယ်။

ဦးပါအုပ်တို့ မိသားစုနည်းတူ မီဇိုရမ်ပြည်နယ်အတွင်း ခိုလှုံရင်းအခက်အခဲမျိုးစုံကြုံနေကြတဲ့ ထန်တလန်မြို့ခံ တွေ အများအပြားရှိနေကြပါတယ်။

ထန်တလန်မြို့ဟာ အကြမ်းဖက်စစ်တပ်အာဏာမသိမ်းခင် အိမ်ခြေ ၂၀၀၀ ကျော်၊ မိသားစု ၂၂၀၀ ကျော် နဲ့ လူဦးရေ ၁၀၄၀၀ ဦးကျော်နေထိုင်ခဲ့ကြပြီး ဖွံ့ဖြိုးတိုးတက်မှုအလွန်မြန်ဆန်တဲ့မြို့လေးဖြစ်ခဲ့ပါတယ်။

ထန်တလန်မြို့မှာ တိုက်ပွဲတွေစဖြစ်ပြီးနောက် ထန်တလန်မြို့ခံများဟာ အသက်ဘေးကနေလွတ်ဖို့ ပြည်တွင်း၊ ပြည်ပက ရွာပေါင်း ၁၄၀ နီးပါးကိုပြန့်ကြဲ စစ်ရှောင်ကြကာ ထန်တလန်မြို့ကို အလွန်ပြန်ချင်နေတဲ့ လူတွေထဲကနေ ထန်တလန်မြို့ကို ထာဝရစွန့်ခွါသွားသူ ၂၀၀ ကျော်ရှိလာပြီဖြစ်ပါတယ်။

ယခုအခါ ထန်တလန်စစ်ရှောင်များဟာ ထန်တလန်မြို့ကိုပြန်နိုင်ဖို့ မျှော်လင့်ချက် နဲ့ မသေချာမရေရာတဲ့ ဘဝမှာ နေစဉ်ရုန်းကန်လှုပ်ရှားကြရင်း ထန်တလန်မြို့ကိုပြန်လည်ခြေချနိုင်ဖို့ မျှော်လင့်ချက်ရင်း မျှော်လင့်ရင်း ၄ နှစ်တောင်ပြည့်ခဲ့ပြီဖြစ်ပါတယ်။

ဓာတ်ပုံ-လူမှုကွန်ရက်

နောက်ဆုံးရသတင်းများ

တောင်ခင်ရန်းရွာကိုလေကြောင်းထပ်မံပစ်ခတ်ပြီးပျူစောထီးကျေးရွာတွေကိုရိက္ခာချပေး

၂၀ ၊ နို၀င်ဘာ ၊၂၀၂၅ Zalen မကွေးတိုင်း ၊ ဂန့်ဂေါမြို့နယ် မြောက်ပိုင်းရှိ တောင်ခင်ရန်းကျေးရွာကို ဒီကနေ့ နို၀င်ဘာလ ၂၀ ရက်နေ့ မှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုထပ်မံပြုလုပ်ခဲ့ပြီး ပျူစောထီး ကျေးရွာတွေမှာ ရိက္ခာတွေချပေးနေတယ်လို့ ...

ဆက်ဖတ်ရန်