တနှစ်တာ စောင့်မျှော်နေရတဲ့ ပလက်ဝ သုံးလောင်းပြိုင်လူသတ်မှုရဲ့ တရားမျှတမှု

စာရေးသူ – အယိုက်လင်း

အာရက္ခတပ်တော် (ULA/AA) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ တန်းဆိပ်ရွာနဲ့ လောင်းကဒူးကျေးရွာကြားမှာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ပထမအပတ်မှာ ကလေးတစ်ဦးအပါအဝင် မိသားစုသုံးဦး သုံးလောင်းပြိုင် လူသတ်မှုဖြစ်ပွားခဲ့ပါတယ်။

အသတ်ခံရသူတွေဟာ ပလက်ဝမြို့နယ် မောင်နှမကျေးရွာမှ အသက် (၆၁) နှစ်အရွယ် ဦးဆန်းအောင် ၊ သားဖြစ်သူ အသက် (၂၆) နှစ်အရွယ် ဦးအိုက်မြင့် နဲ့ မြေးဖြစ်သူ အသက် (၁၃) နှစ် အရွယ် မောင်ပီစီထွန်း တို့ဖြစ်ကြပါတယ်။

ဦးဆန်းအောင်တို့ မိသားစုဝင် သုံးဦးဟာ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၈ ရက်နေ့မှာ မီဇိုရမ်ပြည်နယ်မှ ကုန်စည်တွေကို ဟွန်ဒါစက်လှေနဲ့ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့သို့ ပို့ဆောင်ပြီး ပြန်လာစဥ် လူတစုက ဓားနဲ့ ခန္ဓာကိုယ်ကို အပိုင်းပိုင်း ခုတ်ဖြတ်ပြီး အလောင်းတွေကို ခြုံတွေမှာ ပစ်ထားခဲ့တာဖြစ်ပါတယ်။

Zalen ad

ဒါဟာ ပလက်ဝမြို့နယ်ကို အာရက္ခတပ်တော် (ULA/AA) က ထိန်းချုပ်ထားပြီး ၈ လအကြာမှာ ဖြစ်ပွားတာဖြစ်ပါတယ်။

ကြားကာလ ခူမီးချင်းမျိုးနွယ်စုရေးရာ အတိုင်ပင်ကောင်စီ (IKACC) ကလည်း ၎င်းအမှုမှန် ပေါ်ပေါက်ရေး၊ တရားမျှတရေးအတွက် ကျူးလွန်သူကို ထိုက်သင့်တဲ့ ပြစ်ဒဏ်ပေးနိုင်ရေး နည်းပေါင်းစုံနဲ့ ကြိုးပမ်းသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

လူသတ်မှုဖြစ်ပွားပြီး တစ်နှစ်တာအတွင်း ကျူးလွန်သူ တရားခံကို ဖော်ထုတ်နိုင်ခြင်းမရှိသလို ဖမ်းဆီးအရေးယူဆောင်ရွက်နိုင်ခြင်း မရှိသေးတာကြောင့် ကျူးလွန်သူ လူသတ်တရားခံတွေဟာ ဒီကနေ့ထိ လွတ်မြောက်နေဆဲဖြစ်ပါတယ်။

ပလက်ဝမြို့ကို အာရက္ခတပ်တော် (ULA/AA) က ထိန်းချုပ်ပြီးနောက် ၎င်းထိန်းချုပ်နယ်မြေအတွင်း လုံခြုံရေးအတွက် တပ်စခန်းတွေ အများပြားချထားသလို အုပ်ချုပ်ရေးယန္တယားတွေ အရှိန်ဟုန်မြင့် တည်ဆောက်နေတာ တွေ့ရပါတယ်။

ဒါ့အပြင် တိုက်ပွဲတွေ မရှိတော့တာဟာ အုပ်ချုပ်ရေးလုပ်ငန်းများ စတင်ရန် အခွင့်အရေးဖြစ်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ရန် အခက်အခဲ မရှိပေမယ့် ULA/AA ကမူ ထိုသုံးလောင်းပြိုင် လူသတ်မှု တရားခံကို စုံစမ်းဖော်ထုတ် အရေးယူ မဆောင်ရွက်နိုင်ခဲ့ပါဘူး။

ပလက်ဝမြို့နယ်မှာ ဆက်သွယ်ရေး ဖုန်းလိုင်း၊ အင်တာနက်လိုင်း ခက်ခဲမှုကြောင့် အချိန်နဲ့တပြေးညီ လူသတ်မှုနဲ့ပတ်သက်လို့ မတိုင်ကြားနိုင်သော်လည်း ၎င်းတို့ရရှိတဲ့ အချက်အလက်တွေကို ULA/AA ထံ တိုင်ကြားထားတယ်လို့ သိရပါတယ်။

ULA/AA ထိန်းချုပ်တဲ့ ပလက်ဝမြို့နယ်မှာ လူသတ်မှု၊ မုဒိမ်းမှုစတဲ့ ကြီးလေးသော ပြစ်မှုများကို ၎င်းတို့ရဲ့ တရားစီရင်ရေးအဖွဲ့က မည်သို့ အရေးယူဆောင်ရွက်သည်ဟူသော ခိုင်မာသည့် သတင်းမှတ်တမ်းများနဲ့ အစီရင်ခံစာများကို ရရှိရန် ခက်ခဲသော အခြေအနေနဲ့ ရင်ဆိုင်နေရနိုင်တယ်လို့ ရခိုင်နိုင်ငံရေးသမားတစ်ဦးက သုံးသပ်ထားပါတယ်။

“ဒေသခံတွေအနေနဲ့ စိုးရိမ်စိတ်ကြောင့် အမှုတိုင်ကြားဖို့ တုံ့ဆိုင်းနေကြတယ်။ ဆက်သွယ်ရေး ဖုန်းလိုင်း၊ အင်တာနက်လိုင်းလည်း ပြတ်တောက်ထားပြီး ပြင်ပလူတွေနဲ့ သတင်းတွေပြောပြဖို့ ခက်ခဲတယ်။ နောက်ပြီး AA က စနစ် စတင်တည်ဆောက်နေဆဲ ကာလ ဖြစ်တဲ့အတွက် ပြစ်ဒဏ်ချမှတ်တဲ့ အသေးစိတ် အချက်အလက်တွေ၊ စီရင်ဆုံးဖြတ်တဲ့ လုပ်ငန်းစဉ်တွေကို အစိုးရဌာနတွေလို မှတ်တမ်းတင်ပြီး အများပြည်သူကို အတိအကျ ထုတ်ပြန်ဖို့ အားနည်းနေပါသေးတယ်။ သူတို့ရဲ့ စီရင်ချက်တွေနဲ့ ပတ်သက်တဲ့ တရားဝင် စာရွက်စာတမ်းတွေ၊ စီရင်မှုတွေကိုလည်း ပြင်ပကလူတွေ အလွယ်တကူ လက်လှမ်းမီ ရရှိနိုင်ခြင်း မရှိပါဘူး” လို့ သူက ပြောပါတယ်။

ULA/AA ရဲ့ တရားစီရင်ရေးစနစ်ဟာ လက်ရှိချိန်မှာ အသွင်ကူးပြောင်းရေးကာလ သို့မဟုတ် တော်လှန်ရေးကာလ အခြေအနေမှာ ရှိနေသေးတယ်လို့ ဆိုပါတယ်။

ULA/AA မှာ ကြီးလေးသော ပြစ်မှုများကို စီရင်ရန် ဥပဒေ၊ တရားရုံး၊ လုပ်ထုံးလုပ်နည်း (DLEPS) စသည့် အခြေခံအုတ်မြစ်များကို စတင်တည်ဆောက်ထားပြီး ၎င်းတို့ရဲ့ နယ်မြေမှာ တရားဥပဒေစိုးမိုးရေး ကို ဆောင်ရွက်ဖို့ ကြိုးပမ်းနေတာကို တွေ့ရပါတယ်။

ဒါပေမယ့် ကျွမ်းကျင်သော တရားရေးဝန်ထမ်းများ အင်အား မလုံလောက်ခြင်း၊ လုပ်ထုံးလုပ်နည်းဆိုင်ရာ ချို့ယွင်းချက်များနဲ့ စစ်ကာလ လုံခြုံရေးဆိုင်ရာ ကန့်သတ်ချက်များ တို့ကြောင့် အဆိုပါစနစ်သည် ရှုပ်ထွေးသော လူသတ်မှု၊ မုဒိမ်းမှု စသည့် ကြီးလေးသည့်အမှုများကို နိုင်ငံတကာ စံနှုန်းများနှင့်အညီ ပီပီပြင်ပြင်၊ ပွင့်လင်းမြင်သာစွာ တရားမျှတမှုရှိရှိ ကိုင်တွယ်ဖြေရှင်းရန်အတွက် စိန်ခေါ်မှုများစွာ ရှိနေသေးသည်ဟု ချင်းအမျိုးသားတစ်ဦးက သုံးသပ်ထားပါတယ်။

“ပလက်ဝကဲ့သို့သော ဒေသတစ်ခုတည်းမှာ အရေးယူမှုများ မတွေ့ရခြင်းဟာ စနစ် လုံးဝမရှိခြင်းထက် စစ်ရေးပဋိပက္ခကြားမှ စနစ်ကို တည်ဆောက်နေရခြင်းရဲ့ အခက်အခဲတွေ ကျွမ်းကျင်သူနဲ့ အရင်းအမြစ် မလုံလောက်မှုများနဲ့ သတင်းအချက်အလက် ပွင့်လင်းမြင်သာမှု နည်းပါးခြင်း တို့နဲ့ ပိုမိုသက်ဆိုင်နိုင်ပါတယ်။”လို့ သူ ဆိုပါတယ်။

ပလက်ဝမြို့နယ်ဟာ စစ်ရေးပဋိပက္ခများကြောင့် လမ်းကြောင်းတွေ ပိတ်ဆို့ထားတဲ့ ရခိုင်ပြည်နယ်အတွက် အိန္ဒိယနိုင်ငံမှ အခြေခံစားသောက်ကုန် တင်သွင်းရာ အဓိက ကုန်သွယ်ရေး လမ်းကြောင်း ဖြစ်နေပါတယ်။

ထိုသို့သော အရေးပါတဲ့ လမ်းကြောင်းပေါ်မှာ အခုလို လူသတ်မှုနဲ့လုယက်မှုဖြစ်ပေါ်လာတာက ဒေသခံ ကုန်သည်များကို အကြီးအကျယ် ထိတ်လန့်စေပြီး၊ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများ ရပ်ဆိုင်းသွားနိုင်တဲ့အထိ စိုးရိမ်စရာဖြစ်နေတယ်လို့ ရခိုင်ကုန်သည်တစ်ဦးက ပြောဆိုထားပါတယ်။

အကယ်၍ ပြစ်မှုကျူးလွန်သူများကို ဖော်ထုတ်နိုင်ခြင်း မရှိပါက အလားတူ ရာဇဝတ်မှုများ ထပ်မံဖြစ်ပွားလာနိုင်ပြီး ဒေသတွင်း ကုန်စည်စီးဆင်းမှုကို ကြီးမားစွာ ထိခိုက်စေနိင်သောကြောင့် လုံခြုံရေးကိစ္စကို အမြန်ဆုံး ဖြေရှင်းပေးရန် ရခိုင်ဒေသခံများကလည်း လိုလားနေကြပါတယ်။

ဒါ့အပြင် ပလက်ဝမြို့နယ်မှာ ဖြစ်ပွားတဲ့ သုံးလောင်းပြိုင် လူသတ်မှု ဟာ ငွေကြေးနဲ့ ကုန်ပစ္စည်း လုယက်လိုမှုမှ ဖြစ်ပေါ်လာခြင်းဟု ယူဆရပြီး ယင်းဖြစ်ရပ်က ဒေသခံလူထုအတွင်း အသက်အန္တရာယ်နဲ့ပတ်သက်တဲ့ ထိတ်လန့်မှုကို ကြီးမားစွာ ဖြစ်ပေါ်စေခဲ့တယ်လို့ ဒေသခံ ခူမီး(ချင်း) တွေက ဆိုပါတယ်။

အထူးသဖြင့် ကုလားတန်မြစ်ကြောင်းတစ်လျှောက် သွားလာလုပ်ကိုင်နေရတဲ့ ခူမီးတိုင်းရင်းသား ကုန်သည် မိသားစုကို ပစ်မှတ်ထား သတ်ဖြတ်ခြင်းကြောင့် အေးချမ်းစွာ နေထိုင်လိုသော ဒေသခံများရဲ့ စိတ်ထဲမှာ “ဘယ်သူ့ကိုမှ မယုံရဲတော့ခြင်း” နဲ့  “ဘယ်သူကမှ လုံခြုံမှုမပေးနိုင်တော့ခြင်း” ဆိုတဲ့ လုံခြုံရေး ယုံကြည်မှု ပျက်စီးခြင်း ကို ဖြစ်စေပါတယ်။

စစ်ရေးပဋိပက္ခများကြောင့် စားဝတ်နေရေး ကုန်သွယ်ရေး လမ်းကြောင်းကိုသာ အားထားနေရတဲ့ ဒေသတစ်ခုမှာ ယခုလို ရာဇဝတ်မှုများက လူမှုဘဝတည်ငြိမ်မှုကို တိုက်ရိုက်ထိခိုက်စေပြီး အများပြည်သူအကြား မလုံခြုံသည့် စိတ်ခံစားချက်ကို မြင့်တက်စေပါတယ်။

ယခုလူသတ်မှုကြောင့် အဆိုပါ ကုန်သည် မိသားစုတစ်စုလုံး ဆုံးရှုံးခဲ့ရခြင်းဟာ ဒေသတွင်း လူမှုအသိုင်းအဝိုင်းအတွက် စိတ်မကောင်းစရာ အလွန်ကြီးမားတဲ့ လူမှုရေး ထိခိုက်နစ်နာမှု ဖြစ်စေပါတယ်။

“အဓိကအားဖြင့် ကုန်သွယ်ရေးလုပ်ငန်းတွေ ရပ်တန့်သွားမှာကို စိုးရိမ်တာ၊ မြစ်ကြောင်းခရီးကို မသွားရဲတော့တာတို့ကြောင့် စီးပွားရေး လုပ်ငန်းများမှာ နှောင့်နှေးမှုဖြစ်ပေါ်လာပြီး ဒေသတစ်ခုလုံးရဲ့ စီးပွားရေး စနစ်ကို ထိခိုက်စေနိုင်ပါတယ်။”လို့ ပလက်ဝမြို့နယ်ဒေသခံတစ်ဦးက ပြောပါတယ်။

ဒါ့ကြောင့် ဒေသခံများက ရာဇဝတ်မှု ကျူးလွန်သူများကို ဖော်ထုတ်ပြီး ပြစ်ဒဏ်ပေးနိုင်ရေး အတွက် အပြင်းအထန် တောင်းဆိုနေကြခြင်းဟာ လူမှုရေး တရားမျှတမှုကို ပြန်လည်ရရှိရန်နှင့် အနာဂတ်တွင် ထပ်မံဖြစ်ပွားမည့် ရာဇဝတ်မှုများကို တားဆီးရန်အတွက် ဖြစ်ပါတယ်။

အဆိုပါ သုံးလောင်းပြိုင် လူသတ်မှုဟာ ယခင် ပလက်ဝမြို့နယ်မှာဖြစ်ပွားခြင်းမရှိဘဲ အာရက္ခတပ်တော် (ULA/AA)ထိန်းချုပ်ပြီးမှ ULA/AA အုပ်ချုပ်ရေးနယ်မြေမှာ ဖြစ်တာကြောင့် ၎င်းတို့မှာ တာဝန်ရှိတယ်လို့ ချင်းအရပ်ဘက်အဖွဲ့အစည်းဖြစ်တဲ့ နိုင်ငံတကာခူမီးအဖွဲ့အစည်း(GKO)က ပြောပါတယ်။

“ULA/AA က ၎င်းတို့ရဲ့ “အာရက္ခပြည်သူ့အစိုးရ” ယန္တရားဖြင့် အုပ်ချုပ်နေတဲ့အတွက် သုံးလောင်းပြိုင် လူသတ်မှု ကျူးလွန်သူ (သို့) ကျူးလွန်သူများကို စုံစမ်းဖော်ထုတ်ပြီး ဖမ်းဆီးအရေးယူရန် တာဝန်ရှိတယ်။ သူတို့ ထိန်းချုပ်နယ်မြေအတွင်း နေထိုင်သူတွေရဲ့ အသက်၊ အိုးအိမ်စည်းစိမ် လုံခြုံရေးကို အပြည့်အဝ ပေးအပ်ရန်မှာ အုပ်ချုပ်သူ အဖွဲ့အစည်းတိုင်းရဲ့ အခြေခံတာဝန်ဖြစ်ပါတယ်။ ထိုလူသတ်မှုသည် လုံခြုံရေး အားနည်းချက်ကို ပြသနေပါက တာဝန်ယူမှုရှိရပါမယ်”လို့ GKO တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ဖမ်းဆီးရမိတဲ့ ပြစ်မှုကျူးလွန်သူများကို ၎င်းတို့ရဲ့ သတ်မှတ်ထားသော ဥပဒေနဲ့လုပ်ထုံးလုပ်နည်းများ အတိုင်း စစ်ဆေးစီရင်ကာ သင့်လျော်သော ပြစ်ဒဏ် ချမှတ်ရမှာဖြစ်သလို ပြစ်မှုစုံစမ်းစစ်ဆေးမှုနဲ့ စီရင်မှု လုပ်ငန်းစဉ်များကို ပွင့်လင်းမြင်သာမှုရှိစွာ ဆောင်ရွက်ပြီး သေဆုံးသူတွေရဲ့ မိသားစုများနဲ့ ပြည်သူလူထုကို အခြေအနေမှန်ကို အသိပေးဖို့ တာဝန်ရှိတယ်လို့ ဆိုပါတယ်။

လူသတ်မှုဖြစ်ရပ်တွေမှာ ULA/AA က လျင်မြန်ပြီး ပွင့်လင်းမြင်သာတဲ့ စုံစမ်းစစ်ဆေးမှု၊ တရားစီရင်မှုကို ပြုလုပ်ပေးမှသာ ဒေသခံပြည်သူများရဲ့ အုပ်ချုပ်ရေးယန္တယားအပေါ် ယုံကြည်မှုကို တည်ဆောက်နိုင်မည်ဖြစ်ပါတယ်။

ယုံကြည်မှုမရှိပါက ၎င်းတို့ရဲ့ အုပ်ချုပ်မှုကို လက်ခံမှာမဟုတ်ဘဲ တည်ငြိမ်မှု ပျက်ပြားစေနိုင်ပါတယ်။

ပြစ်မှုကျူးလွန်သူကို ထိရောက်စွာ အရေးယူခြင်းဖြင့် အသက်ဆုံးရှုံးသွားသူများရဲ့ မိသားစုများအတွက်သာမက ဒေသခံအားလုံးအတွက် လုံခြုံစိတ်ချရသော ပတ်ဝန်းကျင် ကို ဖန်တီးပေးပါတယ်။ ဒီအခြေခံလုံခြုံရေးမရှိဘဲ ငြိမ်းချမ်းရေးဟူသည် ဖြစ်လာနိုင်မည် မဟုတ်ပါဘူး။

လူ့အသက်သုံးချောင်းအတွက် တာဝန်ယူမှုနှင့် တရားမျှတမှုကို ရှာဖွေခြင်းဟာ ငြိမ်းချမ်းရေးကို စက္ကူပေါ်မှာ ရေးထိုးရုံမျှသာ မဟုတ်ဘဲ လူ့အသက်ရဲ့ တန်ဖိုးကို အလေးထားတဲ့ နိုင်ငံရေးယဉ်ကျေးမှုအသစ် တစ်ရပ်ကို ပဋိပက္ခဒေသတွင် အမှန်တကယ် စတင်ထူထောင်ခြင်းပင်ဖြစ်ပါတယ်။

တရားမျှတမှုမရှိဘဲ တည်ဆောက်သော ငြိမ်းချမ်းရေးသည် ကြာရှည်ခံမည်မဟုတ်ဘဲ အနာဟောင်းပြန်ဖြစ်နိုင်ခြေ အမြဲရှိနေမည် ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းများ

အောင်လံမြို့နယ်ရှိ အရှိုချင်းကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်

မတ် ၃ ၊ ၂၀၂၆ Zalen မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်အတွင်းရှိ အရှိုချင်းတိုင်းရင်းသားတွေ နေထိုင်တဲ့ ကန်စွန်းအင်း ကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးကျည်နဲ့ အကြောင်းမဲ့ ရမ်းသန်းပစ်ခတ်ခဲ့တယ်လို့  ဒေသခံတွေဆီက သိရပါတယ်။ ဒီနေ့ မတ်လ ၃ ...

ဆက်ဖတ်ရန်