မတ် ၃၀၊ ၂၀၂၆
Zalen
အာဏာသိမ်း စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒီနေ့ မတ်လ ၃၀ ရက်မှာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရာထူးကနေ အနားယူလိုက်ပြီး မင်းအောင်လှိုင်ရဲ့လူယုံ ဗိုလ်ချုပ်ကြီးရဲဝင်းဦးကို တပ်မတော်ကာကွယ် ရေးဦးစီးချုပ်အသစ်အဖြစ် တာ၀န်လွှဲ ပြောင်းလိုက်ပါတယ်။
စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ် (စရဖချုပ်) တာဝန်ယူခဲ့တဲ့ ဗိုလ်ချုပ်ကြီးရဲဝင်းဦးဟာ ထောက်လှမ်းရေးအတွက် အဓိကဦးဆောင်ခဲ့ပြီး မကြာသေးခင်ကမှ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ရာထူးကို ရခဲ့တာပါ။
ဗိုလ်ချုပ်ကြီး ရဲဝင်းဦးဟာ စစ်ကောင်စီ တွဲဖက်အတွင်းရေးမှူး၊ စစ်ကော်မရှင်အတွင်းရေးမှူး၊ တပ်မတော်စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ် တာဝန်နဲ့ ကာကွယ်ရေးဦးစီချုပ်(ကြည်း) တာဝန်တွေကို တက်တက်ကြွကြွ ကျေကျေပွန်ပွန် ထမ်းဆောင်နိုင်ခဲ့တဲ့အတွက် အခုလို တာဝန် လွှဲပြောင်းပေးအပ်လိုက်တာလို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောပါတယ်။

နေပြည်တော်က ဇေယျသီရိဗိမာန်မှာ မတ်လ ၃၀ ရက် မနက်ပိုင်းတုန်းက ပြုလုပ်တဲ့ ကာကွယ်ရေးဦးစီးချုပ် လွှဲပြောင်းပေးအပ်တဲ့အခမ်းအနားမှာ မင်းအောင်လှိုင်က ရဲ၀င်းဦးကို တပ်ချုပ်အဆောင် အယောင်နဲ့ ရွှေဓားကို လွှဲအပ်ပေးခဲ့တာတွေ့ရပါတယ်။
တပ်ချုပ်အသစ်ဖြစ်လာတဲ့ ဗိုလ်ချုပ်ကြီးရဲ၀င်းဦးက
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ချမှတ်ထားတဲ့အတိုင်း တိုက်စွမ်းအားနဲ့ တိုက်စွမ်းရည်ရှိတဲ့ စစ်တပ်ဖြစ်အောင် ဆက်လုပ်မယ်လို့ သူရဲ့ ပထမဆုံး မိန့်ခွန်းမှာ ပြောသွားပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တာဝန်ယူခဲ့တဲ့ ၁၅ နှစ်တာမှာ ခေတ်မီတပ်ဖြစ်အောင် စနစ်တကျအကောင်အထည်ဖော်ခဲ့တယ်လို့ တပ်ချုပ်အသစ်က ချီးကျူးခဲ့ပါတယ်။
ဒ့ါအပြင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်မယ့်အကြောင်း၊ အစိုးရရဲ့ ဦးဆောင်မှုနဲ့အတူ ဒီမိုကရေစီလမ်းကြောင်းဆက်လျှောက်နိုင်အောင် တာဝန်တွေထမ်းဆောင်မယ် လို့ ဆိုပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၆၃ အရ သမ္မတ၊ ဒုသမ္မတွေဟာ ရွေးကောက်တင်မြှောက်ခံရတဲ့နေ့ကစလို့ လွှတ်တော်ကိုယ်စားလှယ်၊နိုင်ငံ့ဝန်ထမ်း စတာတွေကနေ နုတ်ထွက်ပြီး ဒါမှမဟုတ် အငြိမ်းစားယူပြီးဖြစ်ရမယ်လို့ဖော်ပြထားပါတယ်။
စစ်ခေါင်းဆောင်မင်း အောင်လှိုင်ဟာ ပြည်သူ့ လွှတ်တော်ကတင်တဲ့ ဒုသမ္မတလောင်း ဖြစ်လာတဲ့အချိန်မှာ တပ်မတော်ကာကွယ်ရေးဦးချုပ်နဲ့ ဒုတိယကာကွယ်ရေးဦးစီးချုပ်ရာထူးတွေကို သူရဲ့လူယုံ နှစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနဲ့ ဗိုလ်ချုပ်ကြီး ကျော်စွာလင်းတို့ကို ခန့်လိုက်တာပါ။
ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက် လွန်ခဲ့တဲ့ ၁၅ နှစ်မှာ အရင်တပ်ချုပ် ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေက မင်းအောင်လှိုင်ကို တပ်ချုပ်အဖြစ် လွှဲပြောင်းခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။
Mary
ဓာတ်ပုံ-လူမှုကွန်ယက်
စစ်ခေါင်းဆောင်မင်းအောင်လှိုင်#တပ်ချုပ်သစ်#ချီးကျူး#Zalen
Mary
















