တမူးမြို့ ပြည်သူ့ ဆေးရုံမှာ သက်တမ်းလွန် ဆေးဝါးတွေ အသုံးပြုနေ

၂၆၊ဇွန် ၂၀၂၄

Zalen

စစ်ကိုင်းတိုင်း၊ တမူးမြို့ ပြည်သူ့ ဆေးရုံမှာ သက်တမ်း ကုန်ဆုံးနေတဲ့ ဆေးဝါးများကို အသုံးပြုနေတယ်လို့ သိရပါတယ်။

” သူငယ်ချင်း အမေ ကို ဆေးရုံသွားပြတာ။ ဆရာမတွေက ဆေးပုလင်း ချိတ်ပေးတယ်။ ကျတော်လည်း ကုန်ဆုံးရက်ကြည့်တာ ၂၀၂၃ ခုနှစ် အောက်တိုဘာလမှာ သက်တမ်းကုန်ဆုံးနေပြီ။ အံဪသွားတာပဲ။ သူကတော့ အခုထိဘာမှတော့ မဖြစ်ပါဘူး။ ငွေကြေး မတတ်နိုင်တဲ့သူတွေက ဆေးရုံကို အားကိုးကြရတာလေ။ အခုတော့ ဆေးရုံကိုသွားပြဖို့ ခပ်ကြောက်ကြောက်ပါပဲ။ ပိုက်ဆံ တတ်နိုင်တဲ့ သူတွေကတော့ အပြင်ဆေးခန်းမှာ ငွေကြေး အကုန်ကျခံပြီး ဆေး သွားကုနိုင်ကြတယ်လေ”လို့ ဒေသခံ တစ်ဦးက Zalen ကိုပြောပါတယ်။

တမူးပြည်သူ့ ဆေးရုံဟာ စစ်တပ် အာဏာမသိမ်းခင်က တမူးခရိုင်အတွင်းမှာ နေထိုင်တဲ့ ဒေသခံများ အားကိုး အားထားရတဲ့ ဆေးရုံဖြစ်ခဲ့တဲ့ အပြင် အိန္ဒိယနယ်စပ် မိုးရေးမြို့နဲ့ အနီးတဝိုက်က အိန္ဒိယ နိုင်ငံသားများကလည်း အားကိုးပြီးဆေးကုသခဲ့ကြတာဖြစ်ပါတယ်။

ယခုအခါ ပြည်သူ့ဆေးရုံကြီးမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဆရာဝန်အချို့နဲ့ သူနာပြု ဆရာမ အချို့တို့က CDM လုပ်ဆောင်ခဲ့တာကြောင့် ကျွမ်းကျင် ဆရာဝန်နဲ့ သူနာပြု ဆရာမ မရှိတော့ဘဲ Non CDM ဆရာဝန်၊ ဆေးမူးနဲ့ သူနာပြု ဆရာမတွေက တာဝန်ကြေရုံသာ လူနာများကို ကုသပေးနေကြတာလို့ ဒေသခံများက ပြောပါတယ်။

တဘက်မှာလည်း ရောဂါရှာဖွေစစ်ဆေး ဖို့ကလည်း ဆေးရုံမှာ မရှိတာကြောင့် အပြင်ဆေးခန်းမှာ လူနာများ အနေနဲ့ ၄သောင်းကနေ ၅ သောင်းထိ ပေးဆောင်ပြီး စစ်ဆေး ခံယူနေကြရတာပါ။ ဒါ့အပြင် သူနာပြု ဆရာမတွေက ဆေးရုံအတွင်းမှာ လူနာများကို ဆေးဝါများရောင်းချ‌ပေး နေကြတယ်လို့ ကိုယ်တိုင် တွေ့ကြုံခဲ့တဲ့ လူနာတစ်ဦးက ပြော ပါတယ်။

အခုလို တမူးမြို့ ပြည်သူ့ဆေးရုံမှာ ဆေးဝါး လုံလောက်မှု မရှိခြင်း ခေတ်မှီစက် ကိရိယာ၊ ကျွမ်းကျင် ဆရာဝန်များ မရှိခြင်းနဲ့ ဆေးဝါးများ သေချာစစ်ဆေးမှု မရှိဘဲသက်တမ်းလွန် ဆေးဝါးများ အသုံးပြုနေတာကြောင့် ငွေကြေးမတတ်နိုင်တဲ့ ဒေသခံများရဲ့ ကျန်းမာရေးတွက် စိုးရိမ်နေကြရတယ်လို့ ဒေသခံများထံမှ သိရပါတယ်။

တမူးမြို့ အထက်ပိုင်းမှာ စစ်ရေး အခြေနေကြောင့် မင်းသာတိုက်နယ်၊ မြို့သစ် တိုက်နယ် ဆေးရုံနဲ့ ကျေးလက် ကျန်းမာရေးဌာနများ ပိတ်သိမ်းထားရပြီး Non CDM ကျန်းမာရေး ဝန်ထမ်းများ အားလုံးကို တမူး မြို့ပေါ် ပြည်သူ့ ဆေးရုံမှာ စစ်ကောင်စီကျန်းမာရေး ဌာနကနေ တွဲခန့် တာဝန် ပေးထားကြတာဖြစ်ပြီး ကျွမ်းကျင် ဆရာဝန်လည်း မရှိသလောက် ဖြစ်နေတယ်လို့လည်း သိရပါတယ်။

သတင်း – စနေသား

နောက်ဆုံးရသတင်းများ

ကန်ပက်လက်မြို့နယ်မှာ လူ ၁၅၀ ကျော် ရာသီတုပ်ကွေးဖြစ်

ဇွန်လ ၂၉ ရက်၊ ၂၀၂၄ Zalen ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်က ကျေးရွာတွေမှာ ရာသီတုပ်ကွေးဖြစ်လို့ လူ ၁၅၀ ကျော် ဖျားနာနေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အဲ့ဒီ ကျေးရွာတွေဟာ မကြားကျေးရွာ၊ ခေးလောင်းကျေးရွာ၊ မရွှီကျေးရွာနဲ့ ...

ဆက်ဖတ်ရန်