တမူးမှာ ည၈နာရီထက်ကျော်လွန်လို့ အပြင်ထွက်တဲ့လူငယ်တွေကို ပျူစောထီးများ ဖမ်းဆီးငွေညစ်

နိုဝင်ဘာ ၁၈၊ ၂၀၂၅။

Zalen

စစ်ကိုင်းတိုင်း၊ တမူးမြို့မှာ ည ၈နာရီထက်ကျော်လွန်ပြီး လမ်းမှာတွေ့ရှိတဲ့ လူငယ်တွေကို ပျူစောထီးများက ဖမ်းဆီးငွေညစ်တယ်လို့ မြို့ခံများထံက သိရပါတယ်။

နိုဝင်ဘာလ ၁၅ရက်နေ့ညက ၈နာရီထက်ကျော်လွန်ပြီး လမ်းမပေါ်မှာ တွေ့ရှိတဲ့ လူငယ် အများအပြားကို ပျူစောထီးများကဖမ်းဆီးပြီး မိဘများကို ခေါ်ယူခံဝန်ချက်ထိုးခိုင်းပြီး ဒါဏ်ငွေ သုံးသောင်းဆီ ရိုက်ပြီး ပြန်လွတ်ပေးလိုက်တယ်လို့ဆိုပါတယ်။

” အဖမ်းခံရတဲ့ထဲမှာ ကျောင်းသားတွေလည်းပါတယ်။ အဖမ်းခံရတဲ့လူငယ်တွေက ပျူစောထီးနဲ့နီးစပ်တဲ့ သူတွေဆိုတော့ ငွေ သုံးသောင်းနဲ့ လွယ်လွယ်နဲ့ပြန်လွတ်ပေးတာ။ တခြားသူတွေဆို စစ်မှုထမ်းထဲ ခေါ်သွားမှာသေချာတယ်။ ဖမ်းတာက ပျူစောထီး ဝင်မော်အဖွဲ့ကဖမ်းတာ” လို့ မြို့ခံတစ်ဦးက Zalen ကိုပြောပါတယ်။

အခုအခါ စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲနီးလာတာကြောင့် တမူးမြို့မှာ လုံခြုံရေးတင်းကျပ်ထားပြီး ည ၈ နာရီထက်ကျော်လွန်လို့ လမ်းမှာတွေ့ရှိတဲ့ လူငယ်လူကြီးမဆို စစ်ကောင်စီက ဖမ်းဆီးပြီး စစ်မှုထမ်းထဲထည့်ဖို့စီစဉ်နေတယ်လို့သိရပါတယ်။

” ပျူစောထီးတွေက နေရာစုံမှာလုံခြုံရေးချထားတယ်။ ည ၈ နာရီတောင်မဟုတ်တော့ဘူး ညမှောင်လာရင် တွေ့တဲ့သူကိုဖမ်းဖို့ဘဲ။ သတင်းတစ်ခုကြားတာက ပျူစောထီးတွေက ကြံ့ခိုင်ရေးပါတီအသိုင်းအဝိုင်းကလူတွေကို ညမှောင်ရင်အပြင်မထွက်ဖို့ လျိုဝှက်အသိပေးထားတယ်။ တခြားသူတွေကို ထောင်ချောက်ဆင်ဖမ်းမယ်ဆိုတဲ့ အသံလည်းထွက်နေတယ်” လို့ နောက်ထပ်မြို့ခံတစ်ဦးက လည်းအခုလို ပြောပြပါတယ်။

အခုလို ရွေးကောက်ပွဲနီးလာချိန်မှာ ရွေးကောက်ပွဲလုံခြုံရေးကို အကြောင်းပြပြီး ကြံ့ခိုင်ရေးပါတီနဲ့ စစ်ကောင်စီက နည်းမျိုးစုံသုံးပြီး အများပြည်သူကို ဖမ်းဆီးပြီး ငွေ ညစ်တာ၊ ထောင်ချတာ၊ စစ်မှုထမ်းထဲသွပ်သွင်းတာမျိုး လုပ်ဆောင်လာနိုင်တယ်လို့ မြို့ခံအချို့ကပြောဆိုနေကြပါတယ်။

သတင်း – မောင်ဗေဒါ

နောက်ဆုံးရသတင်းများ

ဖလမ်းမြို့နယ်မှာ စစ်ရှောင်ပြည်သူ ၂၀၀၀၀ ကျော်အတွက် အရေးပေါ် အကူအညီတွေ လိုအပ်နေ

နိုဝင်ဘာ ၂၁၊ ၂၀၂၅ Zalen ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေကြားဖြစ်ပွားနေတဲ့ တိုက်ပွဲ‌ တွေကြောင့် ဒေသခံ ပြည်သူ၂၀၀၀၀ ကျော်ဟာ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရပြီး အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။ ဒေသခံတွေဟာ ဘေးလွတ်ရာ ကျေးရွာနဲ့ ...

ဆက်ဖတ်ရန်