တိုက်ပွဲတွေကြောင့် တီးတိန်မြို့နယ်က စစ်ဘေးရှောင်တွေအတွက် အကူအညီလိုအပ်နေ

နို၀င်ဘာ ၁၂၊ ၂၀၂၅

Zalen

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ချင်းတော်လှန်ရေးတပ်ဖွဲ့တို့ရဲ့ တိုက်ပွဲတွေကြောင့် တိမ်းရှောင်နေရတဲ့ ဒေသခံ နှစ်ထောင်ကျော် ရှိနေပြီးသူတို့အတွက် အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကလေး- သိုင်းငင်း- တီးတိန် လမ်းကို စစ်ကောင်စီတပ်က အောက်တိုဘာ လကုန်ပိုင်းကတည်းက အင်အားသုံး ထိုးစစ်ဆင်လာတာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတာပါ။

လက်ရှိမှာ ကလေး- သိုင်းငင်း- တီးတိန်လမ်းမတလျှောက်ကဆဲဇန်ရွာ၊ ဆိုဇန်ရွာ၊ အာလွယ်၊ သိုင်းငင်း၊ ဆွလိမ်၊ ဟိန်ဇိန်၊ ထေးဇန်၊ မွှောပီး၊ စသည့် ကျေးရွာတွေက ‌ဒေသခံတွေဟာ ဘေးလွတ်ရာ အနီးအနားရှိ ကျေးရွာတွေကို တိမ်းရှောင်နေရပါတယ်။

စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာဆေးဝါးအပြင် ဆောင်းရာသီရောက်လာတာကြောင့် အအေးဓာတ်ပိုလာတဲ့အတွက် ခြုံစောင်တွေပါ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။

” အဓိကကတော့ စားနပ်ရိက္ခာလိုတာပေါ့၊ အခုက တော်တော်လည်း အေးလာပြီဆိုတော့ စောင်တွေလည်း လိုအပ်တယ်။ ရာသီအကူးအပြောင်းအဖျားတွေလည်း ဖြစ်ကြတယ်၊ ဒါကြောင့် ဆေးဝါးတွေလည်း လိုအပ်နေတယ်။ ” လို့ မွှာပီးရွာက စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။

လက်ရှိမှာ တီးတိန်မြို့နယ်က စစ်ဘေးရှောင်တွေကို အကူအညီပေးသူတွေ မရှိသလောက်နည်းပါးနေတယ်လို့ သိရပါတယ်။

” အရင်တစ်ခေါက် စစ်ကြောင်းထိုးတဲ့အချိန်တုန်းက အကူအညီတွေ ရပါတယ်၊ နိုင်ငံခြားရောက်နေတဲ့ ရွာခံတွေက အဓိက လှူကြတာပေါ့နော်။ ကျနော်တို့လည်း ရသလောက် ဝေငှပေးပါတယ်။ အခုတခေါက်မှာက အကူအညီပေးလှူဒါန်းတဲ့သူတွေ မရှိကြတော့ ခက်ခဲတာပေါ့၊ ဘာမှလည်း လုပ်စားစရာလဲမရှိတော့၊ ‌တချို့ဆို လက်လုပ်လက်စား သူများဆီ နေ့စားအငှားလိုက်ပြီး လုပ်နေသူတွေလည်းရှိတယ်။ အဲဒီအလုပ်ကလည်း နေ့တိုင်းမလုပ်ရတော့ စား၀တ်နေရေးက အဆင်မပြေဖြစ်တာပေါ့။ ” လို့ စစ်ဘေးရှောင်တွေအတွက် အကူအညီရရှိရေးဆောင်ရွက်ပေးနေသူတစ်ဦးက ပြောပါတယ်။

တီးတိန်မြို့ပေါ်ကနေ အင်အားသုံး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေဟာ ချင်းတော်လှန်ရေးတပ်တွေ ခုခံတိုက်ခိုက်မှုကြားကပဲ လက်ရှိမှာ တီးတိန်- သိုင်းငင်းလမ်းကြောင်းကို စစ်ကောင်စီတပ်က ထိန်းချုပ်ထားလိုက်ပြီး သိုင်းငင်းရွာထဲက စစ်ကောင်စီတပ်စခန်းကုန်း ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပါတယ်။

အဲဒီတပ်တွေဟာ သိုင်းငင်း – ကလေးလမ်းကြောင်းကို ထိန်းချုပ်နိုင်ဖို့ရာ ထိုးစစ်ဆင်ဖို့ပြင်ဆင်နေပြီး မွှာပီးမှာ အထိုင်ချထားတဲ့ စစ်ကောင်စီစစ်ကြောင်းကိုလည်း ကလေးမြို့ကနေ လက်နက်၊ ရိက္ခာအပါအ၀င် အင်အားဖြည့်တင်းနေပါတယ်။

Helen

နောက်ဆုံးရသတင်းများ

အမေရိကန်သမိုင်းမှာအရှည်ကြဆုံးအစိုးရလုပ်ငန်းရပ်ဆိုင်းမှုအဆုံးသတ်ရေးဥပဒေမူကြမ်းကို ထရမ့်လက်မှတ် ရေးထိုး

နိုဝင်ဘာလ ၁၃၊ ၂၀၂၅ Zalen အမေရိကန် သမ္မတ Trump က ဗုဒ္ဓဟူးနေ့ညမှာ အမေရိကန်သမိုင်းတွင် အရှည်ကြာဆုံး အစိုးရလုပ်ငန်းများ ရပ်ဆိုင်းမှုကို အဆုံးသတ်မယ့် အသုံးစရိတ်ဥပဒေမူကြမ်းကိုလက်မှတ်ရေးထိုးခဲ့ပြီး ကျန်းမာရေးစောင့်ရှောက် မှုဆိုင်ရာ ဒီမိုကရက်များရဲ့ တောင်းဆိုချက်များကို လိုက်လျောညီခြင်းမရှိသော ...

ဆက်ဖတ်ရန်