တော်လှန်ရေးဝက်ဝံ

ဆလိုင်း ရေးသည်။

(အပိုင်း ၁)

“ကဲ…ခရီးသည်အားလုံးကိုယ့်မှတ်ပုံတင်လေးတွေကိုင်ထားပြီးဆင်းမယ်…..ဟိုအရှေ့ကစစ်ဆေးရေးဂိတ်မှာသွားတန်းစီကြပါ….ပြီးရင်ဒီရှေ့ကတည်းခိုခန်းကိုပြန်လာပါ၊ ဒီနေ့ဆက်မောင်းလို့မရပါဘူး တနင်္ဂနွေနေ့မို့လို့ တောင်ပေါ်လမ်းပိတ်ထားပါတယ်”

ကားဆရာအော်သံနဲ့အတူ လမ်းဘေးကိုကျွီကနဲကားထိုးရပ်လိုက်သည်။

ကားထဲကထွက်လိုက်တာနဲ့ ဂန့်ဂေါဒေသလေပူပူက ဆီးကြိုလေသည်။ ပတ်ဝန်းကျင်တခုလုံးကနွေရာသီအငွေ့အသက်ကိုအပြည့်အဝပေးနေသည်။ ခရီးသည်အားလုံး ကားစပယ်ယာပြသည့် ကင်းတဲဘက်ကို ခပ်သုတ်သုတ်လျှောက်သွားကြသည်။

ကင်းတဲတွင်အစစ်ဆေးခံကြပြီးလျှင် တည်းခိုခန်းရှိရာဘက်ကိုပြန်သွားကြသည်။

ကားထဲမှအထုပ်ကိုဆွဲလာပြီး တည်းခိုခန်း သို့ပထမဦးဆုံးဝင်သွားသည်။ ဆိုင်ရှင် အမျိုးသမီးကယဉ်ကျေးပြုငှာစွာခရီးဦးကြိုပြီး တည်းမယ့်အခန်းအရင်ရွေးပြီးမှ အစားအသောက်အတွက်ပြန်ဆင်းလာရန်အကြံပေးလိုက်သည်။ ဂန့်ဂေါမြို့ရဲ့နွေရာသီအငွေ့အသက်ကား ပူအိုက်လွန်းလှသည်။ ပန်ကာအပြည့်လည်နေသည့်ကြားကပင် လေပူတစ်ချက်တိုက်လိုက်တိုင်း ပူရှိန်းရှိန်းဖြစ်ကာချွေးသီးချွေးပေါက်တွေကျလာကာ စားနေသည့်ထမင်းပင်ကောင်းကောင်းစားချင်စိတ်မရှိတော့ သဖြင့် ခပ်သွပ်သွပ်စားပြီး အခန်းသို့တက်သွားသည်။

အပူကိုအန်တုဖို့ အခန်းထဲကလေအေးပေးစက်ကို ဖွင့်ထားသော်လည်းသိပ်မအေးပေ။ သို့သော် နေသာထိုင်သာရှိနေသဖြင့် ဒီတိုင်းသာနေဖို့ဆုံးဖြတ်လိုက်သည်။ တစ်ညတာအတွက်ဂျီးမများချင်။

နောက်နေ့ဆိုလျှင်မိမိဇာတိဖြစ်တဲ့ ချင်းပြည်နယ်ကို‌ေရာက်တော့မည်။ လမ်းခရီးတစ်လျှောက်စိုးရိမ်တကြီးစီးလာခဲ့သမျှ သောကတွေလိုမျိုးရှိတော့မည်မဟုတ်။ ကိုယ့်လူမျိုး‌ေတာ်လှန်‌ေရးအဖွဲ့‌ေတွထိမ်းချုပ်ထားတဲ့မြေရောက်တော့မည် ဆိုသည့်အသိက တကိုယ်လုံးကိုပေါ့ပါးသွားစေနိုင်သည် မဟုတ်လော?

သို့သော်လည်း မိမိဇာတိချင်းပြည်နယ်က မိမိထင်မှတ်ထားသည်နှင့် ပြောင်းပြန်အချိုးမျိုးနှင့် အောင့်သက်သက် ကြိုဆိုနေမှာကို ကြိုသိနိုင်ခြင်းမရှိခဲ့လို့သာ ဒီနေ့အဖို့စိတ်ထဲသာယာနေနိုင်ခြင်းဖြစ်နေသည်။

(အပိုင်း ၂)

တကယ်လည်းဒီခရီးမှာ အစကတည်းကပင် သာယာလှသည်မဟုတ်။ ခေတ်ကာလအခြေအနေ‌ ကြောင့်လမ်းခရီးတွင်ဘာမဆိုဖြစ်သွားနိုင်သည့်အနေအထားရှိမှန်းသိသော်လည်း အရေးကြောင်းရှိလို့သာမတတ်သာ၍ သွားရခြင်းဖြစ်သည်။

ရန်ကုန် အောင်မင်္ဂလာအဝေးပြေး ကားဝင်းမှကားမထွက်မှီကပင် စိတ်မသက်သာစရာအကြောင်းတွေစလာသည်။ မနက် ၁၀နာရီထွက်မည့်ကားဖြစ်သော်လည်း ၁၁ နာရီမှထွက်ရသည်ဖြစ်ရာ အိုက်စပ်စပ်နှင့်ပင်စောင့်နေရသည်။

ကားပေါ်စတက်လို့ရသည်နှင့်ခရီးသည်အားလုံးအမြန်တက်ကြသည်။ အားလုံး၄၂ယောက်၊ကားဆရာမှလွဲ၍ အားလုံးချင်းလူမျိုးများပင်။ ထိုထဲတွင်ကလေးငယ်သုံးယောက်ပါသည်။ တစ်ယောက်မှာ ၃နှစ်အရွယ်။ ကျန်နှစ်ယောက်မှာ ၅လနှင့် ၈လအရွယ်ဖြစ်ပြီး ကျန်းမာရေးမကောင်း၍ရန်ကုန်ကိုဆေးလာကုကြခြင်းဖြစ်သည်။

ကားပေါ်တက်ထိုင်ကြသည်နှင့် ၈လအရွယ်ကလေးလေးမှာ အသံကုန်အော်ငိုတော့သည်။ ဘယ်လိုမှချော့မရ၊ သူ့ကိုကြည့်ရတာ နှင့်ပင် တော်တော်ချူချာနေမှန်းသိနိုင်သည်။ သူ့အဖေမှာနိုင်ငံခြားထွက်ရမည်ဖြစ်သဖြင့် ဟားခါးသို့အပြန်မှာလိုက်မပါနိုင်။ ကားမထွက်မချင်းအောက်ကနေသူ့သားလေးကိုသနားစွာဖြင့်တစိမ့်စိမ့်ကြည့်နေသော်လည်းသူ့ခမျာဘာမှမတတ်နိုင်သဖြင့် အံကြိတ်၍မျက်ရည်မကျ‌ေအာင်စိတ်ထိန်းနေရသည်မှာ လသားအရွယ်ကလေးရှိသူမိမိအနေဖြင့် သူဘယ်လောက်ပင်စိတ်သောကရောက်နေမည်ကိုမ စာနာမိပဲမနေနိုင်။

ကားစထွက်သည့်နောက်တော့ ထိုကလေးမှာအိပ်မောကျသွားသည်။ သို့သော်သိပ်မကြာပေ။ ဟိုဘက်ခုံတန်းမှ ၅လသားအရွယ်ကလေးမလေး စငိုပြန်သည်။ သူ့မှာဝေဒနာတစ်ခုခုခံစားနေရမှန်းသိသာသည်။ သူ့မိဘများကစိတ်ရှည်စွာပြုစုပေးကြသည်။ လမ်းတဝက်မှာထမင်းစားဖို့နားကြချိန်မှာ ယင်းကလေးလေးပိုဂျီကျလာသည်။ အပြင်ထမင်းဆိုင်မှာကားထဲမှာလိုမအေး ပူအိုက်နေသောဒဏ်ကို ချင်းတောင်မှကလေးလေးအတွက် အလွန်ပင်မခံသာအောင်ဖြစ်နေသည်ကိုသတိထားမိသည်။

ရန်ကုန်-မန်းလေး အမြန်လမ်းတစ်လျှောက်တော့အစစ်အဆေးမရှိသဖြင့်ခရီးစဉ်ချောချောမွေ့မွေ့ပင်။ ည ၉နာရီတွင်မန်းလေးရောက်သည်။ တည်းခိုခန်း၌အဖွဲ့လိုက်အခန်းယူကြသည်။

နောက်နေ့မနက်၆နာရီတွင်ခရီးပြန်ဆက်ကြသည်။ ခရီးသည်သုံးယောက်တိုးလာသည်။

ဒီနေ့ခရီးစဉ်မှာ ပျော်စရာမကောင်းတော့ပေ။ များလွန်းလှသောစစ်ဆေးရေးဂိတ်များကြောင့်ပင်။ မြို့ပေါ်ဂိတ်များတွင် စကစ စစ်သားများဖြစ်ပြီးမြို့အပြင်ထွက်သည်နှင့် တော်လှန်ရေးတပ်ဘက်ကဂိတ်များဖြစ်သည်။ ခရီးသည်တိုင်းစိုးရိမ်ရသည်မှာ စကစဂိတ်များတွင် ဘယ်လိုဘယ်ပုံနှင့်အရစ်ခံမလဲ ဆိုသည်ပင်။ စကစဂိတ်ရောက်တိုင်းတွင် အားလုံးစိတ်သောကများကြရသည်။ တစ်နေရာတွင်မူစစ်ဆေးမနေတော့ပဲ ခရီးသည်တစ်ယောက် ၃၀၀၀ ကောက်သွားသည်ကရှိသေးသည်။ တချို့ဂိတ်တွင်အောက်ဆင်းပြီး မှတ်ပုံတင်ကိုယ်စီနှင့်အစစ်ဆေးခံရသည်၊ သို့သော် သက်ကြီးပိုင်းနှင့် ကလေးငယ်ရှိသူများကိုအောက်ဆင်းခိုင်းလေ့မရှိကြ။ သူတို့သာကားပေါ်တက်ပြီးသွားစစ်ပေးကြသည်။ မထင်မှတ်သည့် ကိုယ်ချင်းစာမှုဟုပင်ပြောရမည်ထင်သည်။ ဂိတ်များလွန်းသဖြင့် အိပ်ဖို့အချိန်မရနိုင်လောက်အောင်ပင်။ နွေခေါင်ခေါင်နေပူကြီးတွင် ခဏခဏဆင်းလျှောက်ရတာက သိပ်မလွယ်ပါ။

တော်သေးသည်ဟုဆိုရမည် မည်သည့်ဂိတ်မှာမှအစစ်ဆေးကြမ်းတာမကြုံခဲ့ရ။

မုံရွာအကျော်ဂိတ်မှာ ဆိုရင် ကားသမားနှင့်စကစဂိတ်စစ်သားများ အငြင်းပွားကြရာနာရီဝက်လောက်ကြာသွားသည်။ ဤတွင်စကစဂိတ်မှူးကားပေါ်တက်လာပြီး ခရီးသည်များအားအချိန်ကြာသွားလို့တောင်းပန်ကြောင်းလာပြောရှာသည်။

“ဒိုင်း…ဒိုင်း….ဒက်ဒက်ဒက်” …..အသံကြားသည်နှင့်ကားချက်ချက်းပင်ထိုးရပ်လိုက်သည်။ တခြားကားများလည်း အကုန်ရပ်ပြီး အခြေအနေလေ့လာကြသည်။ နေရာမှာ မုံရွာမရောက်ခင် ရွာတရွာ။ နေ့ခင်းကြောင်တောင်ကြီးမှာ တိုက်ပွဲဖြစ်နေခြင်းဖြစ်သည်။ ဆက်သွား၍မဖြစ်သောကြောင့် ကားများအားလုံး နေပူထဲတွင်ပင်ရပ်ကြရသည်။ အရိပ်အာဝါသကောင်းသည့်အပင်ဟူ၍လည်း မရှိသလောက်ပင်။ သေနတ်သံကရပ်မသွား၊ ပိုဆိုးလာပြီးလက်နက်ကြီးသံစကြားရတာနဲ့ ကားများနောက်ပြန်လှည့်ကြပြီး ကျည်လွတ်လောက်မည့် နေရာမှာသွားရပ်ကြရသည်။ နှစ်နာရီနီးပါး‌ေနပူပူ တွင်စောင့်ကြအပြီးမှာလမ်းပြန်ပွင့်သည်နှင့် အမြန်ပြန်မောင်းကြသည်။ အချိန်မရွေးကျည်ဆံလာထိနိုင်သည့်အနေအထားပင်ဖြစ်ရကား စကားပင်မပြောရဲကြပဲ ယင်းနေရာအမြန်ကျော်နိုင်ဖို့သာ ဆုတောင်းကြရသည်။

မုံရွာအကျော်မှပုံမှန်ကားလမ်းတိုင်းမဟုတ်ပဲ တောလမ်းအတိုင်းရှောင်ပြီးပတ်မောင်းလာသည်။ ပုံမှန် ခရီးစဉ်ဆိုလျှင် ကျော်မြို့တွင် ဒီညအိပ်ဖို့ဖြစ်သော်လည်း လမ်းတွင်တိုက်ပွဲကြောင့်ကြံ့ကြာခဲ့သောကြောင့် ၅၂မိုင်တွင်ည အိပ်ကြရသည်။ ၎င်းမှာတည်းခိုခန်းလိုမဟုတ်ပဲ အကာမရှိသည့် အဆောက်ဦးအလွတ်ကြီးတွင် ဆိုင်ရှင်ပေးသည့် ကော်ဇောအခင်းကိုယ်စီယူ၍ ခရီးသည်အားလုံးအဆင်ပြေသလိုအိပ်ကြရခြင်းဖြစ်သည်။ ညမှာချက်ချင်းအိပ်မပျော်နိုင်၊ အကာနံရံမရှိသဖြင့်အိပ်ရင်း ကြည်လင်နေတဲ့ကောင်းကင်ယံမှာ ကြယ်စုများထင်ရှားစွာမြင်ရသည်။ သို့သော်အာရုံမှာကား အိမ်တွင်ထားခဲ့ရသော လသားအရွယ်သားလေး၏ပုံရိပ်ကပဲကောင်းကင်ယံတစ်ခုလုံးကိုစိုးမိုးထားလေသည်။

တတိယနေ့နံနက် ၅နာရီတွင်ခရီးပြန်ဆက်ကြသည်။ သည်နေ့မှာအများအားဖြင့်တော်လှန်ရေးတပ်များစိုးမိုးသည့်နယ်ကိုဖြတ်လာရသည်။ တော်လှန်ရေးဂိတ်များမှာ များသောအားဖြင့်ကားပေါ်တက်လာပြီးစစ်ဆေးပေးသည်ကများသည်။ တချို့ကအလှူခံသည်။ ဂိတ်အားလုံးပင်ယဉ်ယဉ်ကျေးကျေးရှိကြသည်။ ခရီးသည် ပြည်သူများကိုလေးစားမှုပြသကြသည်။ မောက်မာရိုင်းစိုင်းတာမရှိ။ ခရီးသည်များမှလည်းတက်နိုင်သလောက်ပေးလှူကြသည်။

သို့ဖြင့်ခရီးဆက်လာရာ နေ့ခင်း ၁၁ နာရီကျော်ကျော်တွင်ဂန့်ဂေါမြို့နယ်တွင်းဝင်လာသည်။ မြို့အဝင်တွင်စကစဂိတ်တစ်ခုရှိရာ ကားစပယ်ယာမှ အခုဖြတ်မည့်ဂိတ်မှာ ခပ်ကြမ်းကြမ်းဖြစ်ကြောင်း ပါးရိုက်တတ်ကြောင်း စသဖြင့်ခရီးသည်အားလုံးကို ကြိုသတိပေးလေရာ အားလုံးပင် စိုးရိမ်တကြီးဖြင့်ဂိတ်ဆီသို့သွားကြသည်။ ယင်းဂိတ်မှာ တဲသာသာမျှပင် အပေါ်တွင်ထန်းရွက်များမိုးထားသည်ကလွဲ၍ဘာမှအကာအရံမရှိပဲ ကျိုးတိုးကျဲတဲအပင်ငယ်လေးများကြားတွင်ရှိနေသည်။ အားလုံးမှတ်ပုံတင်ကိုယ်စီနှင့်အစစ်ဆေးခံကြရာ ပြေပြေလည်လည်ပင်။ သို့သော် မနေ့ညက မန်းလေးတွင်တခန်းတည်းတည်းသည့် အစ်ကိုတစ်ယောက်က ကားပေါ်တွင်အရက်သောက်လာခဲ့ရာ အပြောအဆိုအဆင်မပြေတော့ သူ့ကိုရိုက်မည်ပြုမည်လုပ်လိုက်သေးသည်။ တကယ်လက်ပါခဲ့တာတော့မရှိခဲ့။

စကစနှင့် တော်လှန်‌ေရးနှစ်ဘက်လုံးမှာ တူညီတဲ့အချက်တစ်ချက်ရှိသည်။ အရက်မူးတာကို လုံးဝသည်းမခံနိုင်ကြခြင်းပင်။

(အပိုင်း ၃ ဇာတ်သိမ်း)

၄ရက်မြောက်နေ့

နံနက် ၆နာရီတွင်ဂန့်ဂေါမှစထွက်သည်။ မြို့အထွက်မှာ စကစဂိတ်ရှိသော်လည်း အစစ်ဆေးမရှိ။ ထို့နောက် တော်လှန်ရေးဂိတ်နှစ်ဂိတ်ဖြတ်လာကြပြီးလျှင် တောင်ကုန်းလေးပေါ်စတက်လာသည်။

မိမိဇာတိ ချင်းပြည်နယ်ရောက်လာလေပြီ။ အလွန်ပင်နွေးထွေးလှသည်။ ဒီနေ့အဖို့အရင်နေ့များကလို အစစ်ဆေးကိုတွေးကြောက်နေစရာမရှိတော့၊ ဒီကစကိုယ့်ဘက်ကလူတွေထိမ်းချုပ်ရာမြေစနင်းရပြီ။ အလွန်ပင်ပေါ့ပါးလှသည်။

“ကဲ မှတ်ပုံတင်တွေ ဖုန်းတွေအကုန်ကြိုထုတ်ထားပါ၊ Mytel ဖုန်းခေါ်ထားတာရှိရင်ဖျက်ပါ၊ ဒီဂိတ်က ကြပ်တယ်” ဒီလိုနဲ့ချင်းတော်လှန်ရေးတပ်ရဲ့ပထမဆုံးဂိတ်ကိုစရောက်လာသည်။

ကားပေါ်ကအဆင်းမှာ “အပြစ်မတွေ့တွေ့အောင်ရှာမှာနော်” လို့ တပ်သားတစ်ယောက်က ကားစပယ်ကိုပြောတာကြားလိုက်သည်။ စနောက်တာဖြစ်မယ်ထင်လို့ သေချာကြည့်တော့ အတည်ပြောနေတာဖြစ်သည်။ ကိုယ့်နားကိုသိပ်မယုံနိုင်။ “ကားပေါ်ကအကုန်ဆင်းပါ၊ ကွန်ပြူတာတွေဖုန်းတွေပါသမျှအကုန်အပ်ပါ ၊မအပ်တာမိသွားရင်သိမ်းပါမယ်” ဂိတ်မှအစောင့်များကလှမ်းအော်ကြသည်။သို့ဖြင့်မှတ်ပုံတင်နှင့်ဖုန်းအားလုံး အပ်ကြပြီးလျှင် တစ်ခုချင်းစီစစ်ကြသည်။ သင်းအုပ်ဆရာတစ်ပါးပါ လာသော ကွန်ပြူတာအသစ်နှင့် ဖုန်းပါကင်အသစ် ၅လုံးလည်း မလွတ်၊ အကုန်ဖောက်စစ်ခံရသည်။ မှတ်ပုံတင်များကိုတစ်ယောက်ပြီးတစ်ယောက်နာမည်အော်ပြီးပြန်ရွေးခိုင်းသည်။ အမေးမြန်းတချို့သာရှိသည်။ ဖုန်းများကိုမူ ဓာတ်ပုံ၊ software, ဖိုင်ကအစ အသေးစိတ်စစ်ကြသည်။

အစစ်ဆေးစောင့်နေရချိန်မှာ ရာသီဥတုပူပြင်းသော်လည်းသစ်ပင်တချို့ရှိနေသဖြင့်သက်သာရာရသေးသည်။ ကလေးငယ်များနှင့်သက်ကြီးပိုင်းများအဖို့တော့ သိပ်အဆင်ပြေပုံမပေါ်။ သို့ဖြင့်အားလုံးစစ်ဆေးပြီးသော် ၁နာရီလောက်ကြာသွားသည်။ ထိုတချိန်လုံး ကလေးလူကြီးမကျန်လမ်းဘေးတွင်ရပ်စောင့်နေကြရသည်။

ဒီဂိတ်မှာထူးခြားနေသည်၊ တာဝန်ကျတချို့မှာ အပြောအဆိုကြမ်းကြသည်။ ခရီးသည်ပြည်သူများအပေါ်စာနာစိတ်ရှိကြပုံမပေါ်၊ အာဏာပါဝါပြချင်ပုံပေါ်သည်ဟုထင်ရသည်။ သို့သော်မိမိစိတ်ထင်ပင်ဖြစ်လိမ့်မည်။ လုံခြုံရေးတင်းကြပ်လွန်းတာပဲဖြစ်မည်။ ချင်းပြည်နယ်အဝင်ပထမဆုံးဂိတ်ကိုတင်းကြပ်လျှင်လည်းသဘာဝကျသည်မဟုတ်လော?

သို့ဖြင့် ခရီးပြန်ဆက်ကြရာ နေ့လယ် ၁၁ လောက်တွင် ဒုတိယဂိတ်ရောက်လာသည်။ ယင်းဂိတ်မှာ လမ်းအကွေ့နေရာတောင်ကုန်းလေးပေါ်တွင်ရှိသည်။ ပထမဂိတ်အတိုင်းပင် မှတ်ပုံတင်၊ ဖုန်း၊ကွန်ပြူတာများအကုန်စစ်ကြသည်။ အရိပ်မရှိသော်လည်း ခရီးသည်များနားနေရန် မိုးကာတဲတစ်ခုတွင်စောင့်နေကြရ၍ သိပ်မဆိုးလှ။ သို့တိုင် ကလေးငယ်နှစ်ယောက်အဖို့ သိပ်အဆင်မပြေလှ၊ နေကလည်းပူ တိုက်သည့်လေကလည်းလေပူတွေသာဖြစ်နေသည်။ မှတ်ပုံတင်များတစ်ယောက်ပြီးတစ်ယောက်ပြန်ရွေးရသည်၊ ဘယ်ကလာလဲ ဘယ်သွားမှာလဲ ဘာလုပ်မှာလဲ စသဖြင့်မေးသမျှလိုက်ဖြေကြရသည်။ ထူးဆန်းသည်မှာ ကလေးမအေများပါ ဟိုမေးဒီမေး မေးမြန်းနေကြခြင်းဖြစ်သည်။ ပြီးလျှင် လွယ်အိတ်များ ၊ ဘောင်းဘီအိတ်များပါလာစစ်ကြသည်။ တစ်နာရီကျော်ကျော်ကြာသွားသည်။

ယင်းစခန်းတွင် ဝက်ဝံပေါက်စလေးတစ်ကောင်မွေးထားကြသည်။ နို့စို့အရွယ်လေးဖြစ်သဖြင့် ကလေးနို့ဗူးလေးဖြင့် နို့တိုက်ကြသည်။ သဘာဝအတိုင်းမနေရ၍လားမသိ ဝက်ဝံကလေးမှာ ပိန်ချုံးနေသည်။ သို့သော် ထိုဝက်ဝံလေးကိုအတော်ပင်သဘောကျနေမိသည်။ ယင်းစခန်းကိုလည်း ဝက်ဝံစခန်းလို့သာ စိတ်ထဲတွင်မှတ်လိုက်သည်။

သိပ်ကြာကြာမသွားလိုက်ရ၊ ရွာအဝင်ရှိနောက်ထပ်ဂိတ်တစ်ခု မှာတစ်ခါအစစ်အဆေးခံကြရပြန်သည်။ ယင်းဂိတ်မှာ အရင် ဂိတ်နှစ်ခုကအဖွဲ့နှင့်မတူ တစ်ခြားအဖွဲ့ဖြစ်သည်။ သို့သော်လည်း မဟာမိတ်အနေဖြင့်လက်တွဲကြသည့်အဖွဲ့ပင်။ ယင်းဂိတ်မှာကား ပြောဆိုဆက်ဆံပုံပိုအဆင်ပြေသည်။ သို့သော် ဖုန်းများအားလုံးကိုတစ်‌ေယာက်ကဘဲစစ်လေရာ အတော်ပင်ကြာသွားပြန်သည်။ နောက်ထပ်ဂိတ်တစ်ခုဖြတ်ရသော်လည်း ၎င်းဂိတ်မှာသိပ်မကြာပါ။

နောက်ထပ်ခရီးပြန်ဆက်ကြရာ ညနေ ၃နာရီတွင် ဟားခါးအဝင်ရုန်းတောင် စကစဂိတ်ရောက်သည်။ ထိုဂိတ်မှာလည်း မှတ်ပုံတင်၊ ဖုန်း၊ အိတ် အကုန်စစ်ကြပြန်တော့ တစ်နာရီကျော်ထပ်ကြာသည်။ သို့သော် ရာသီဥတုမှာ အရင်ဂိတ်လိုမျိုးမဟုတ်၊ အေးမြသည့်တော်ပေါ်လေနှင့်အတော်ပင် နေသာထိုင်သာရှိလှသည်။ အစစ်ဆေးပြီးလို့ ကားကြီးကွင်းရောက်သော် ညနေ ၄နာရီပင်ကျော်နေပြီ။ ထိုသို့ တစ်မနက်သွားရမည့်ခရီးမှာ တစ်နေကုန်ကြာသွားလေသည်။

နောက် သုံးရက်အကြာတွင် ဟားခါးမှ ရန်ကုန်သို့ပြန်ဆင်းလာသည်။ အပြန်မှာ ကားအသေးဖြစ်၍ ခရီးသည် ၄ယောက်သာရှိသည်။ အတက်ဘက်တွင်အစစ်ဆေးများသည့် ဂိတ် သုံးခုမှာ သူတို့ထုံးစံအတိုင်းပင်စစ်ဆေးကြသည်။ သို့သော် ခရီးသည် ၄ယောက်သာဖြစ်၍ သိပ်မကြာတော့။

ဝက်ဝံဂိတ် တွင်ပိုကြာသည်။ ဝက်ဝံကလေးမှာ နို့ဗူးလေးဖြင့်နို့တိုက်ပေးကြသည်။ မိမိမှာ တောကောင်တွေကို ချစ်တတ်သည့်အတိုင်း ထိုဝက်ဝံပေါက်စလေးကို အတော်ပင်သဘောကျမိသည်။ ဖုန်းများစစ်ဆေး‌ေနချိန်တွင် ဝက်ဝံလေးကို ပွတ်သပ်ကိုင်ကြည့်သည်။ တကယ်ပင်ချစ်စရာကောင်းနေသည်။ လူကို အနာတရပြုမည့်ပုံမပေါ်၊ သို့သော်ဝက်ဝံတစ်ကောင်၌ရှိသင့်သည့် ကိုယ်အဂ်ဂါအပြည့်စုံကားရှိနေပြီ။

“အား….ကျွတ်ကျွက်…” ဝက်ဝံကလက်သည်းရှည်ဖြင့် လက်ကိုအမှတ်မထင်လာကုပ်မိလေသည်။ အတော်ပင်နာသွားသည်။

အပြန်လမ်းတလျှောက်မှာ အတွေးပေါင်းများစွာဖြင့် ပင်။ သည်လို တင်းကြပ်သည့်စစ်ဆေးမှုမှာ ဘာကိုမျှော်လင့်ကြသလဲ? ဂိတ်တစ်ခုမှာ သေချာစစ်ပြီးလျှင် မလုံလောက်တာလား၊ အဖွဲ့တစ်ဖွဲ့တည်းက နှစ်နေရာ သုံးနေရာမှာ အဲလောက်တင်းကြပ်စွာစစ်ဆေးသည်မှာ မိမိအဖို့နားလည်ရန်အလွန်ခက်လေသည်။ မှတ်ပုံတင်နဲ့တိုက်ကြည့်ပြီး နေရပ်ဒေသ၊ ခရီးသွားရသည့်အကြောင်းရင်း၊ ဖုန်း ကွန်ပြူတာ နှင့်အိတ်ကပ်ပါမကျန် ဂိတ်တိုင်းမှာမေးမြန်းစစ်‌ေဆးအချိန်ကုန်နေဖို့ လိုအပ်ပါသလား။ မေးမြန်းစစ်ဆေးသည့်ပုံစံမှာလည်း အာဏာ ပါဝါပြချင်သည့် အရိပ်ယောင် အထင်းသားပေါ်လွင်နေသည်။မိမိလူမျိုးတူချင်းပေါ်မှာပင် နွေးထွေးမှုမပေး သည့်ပြင် ကလေးငယ်များနှင့်သက်ကြီးပိုင်းအတွက်ကိုပင် စာနာမှုမပြနိုင်ကြ။ လက်နက်ကိုင်အဖွဲ့စည်းတိုင်းတွင် တစ်ယောက်တစ်လေ ဥာဏ်ပညာမဲ့စွာ ပြုမူသည့်လူ ပါနိုင်သည်ကား နားလည်နိုင်သည်။ အခုမှာ ဂိတ်တိုင်းမှာ သည်ပုံစံချည်းဖြစ်နေသည်။ အထက်လူကြီးတွေကမိမိအောက်က လူများကို မထိန်းကွပ်နိုင်လောက်အောင် လည်း မနေ့တစ်နေ့ကမှပေါ်လာသည့်အဖွဲ့မဟုတ်၊ လူသာဖြစ်လျှင် အပျိုကြီး လူပျိုကြီးအရွယ်ရနေပြီဖြစ်သည့် အဖွဲ့အစည်းပင်။ ဤသို့ဆိုလျှင် အထက်က ထိန်းကွပ် ပုံသွင်းသည့် ပုံစံကကိုပဲ ဒီလိုဖြစ်နေ၍လား? ထိုသို့ဆိုလျှင် တော်လှန်ရေးအောင်မြင်သည်ထားအုံး သည်နယ်မြေမှာ စိတ်ချမ်းသာစရာကောင်းသည့် အုပ်ချုပ်ရေးရှိနိုင်ပါ့မလား? ကိုယ်ထောက်ခံအားပေးချစ်မြတ်နိုးခဲ့သည့် သူတွေကိုပဲပြန်ကြောက်နေရသည့်အနေအထားရောက်မသွားဘူးဟု ပြောဖို့ခက်ပေမည်။ အမှန်ပြောရလျှင် စစ်ဆေးသည့်ပုံစံ နှင့်ရဲဘော်များ၏ပြောဆိုဆက်ဆံပုံကို နှိုင်းရလျှင် စကစဂိတ်များတွင်ပင် ပိုလုံခြုံသည်ဟုပင်ခံစားမိ‌ေစသည်။ မိမိလူမျိုးများထိန်း ချုပ်နယ်မြေရောက်လျှင် စကစဂိတ်များဖြတ်ရသည့်နယ်ေမြလိုမျိုး စိတ်သောကမရှိပဲ နွေးထွေးမှု ၊ စိတ်ချမ်းသာမှုတွေရှိမည်ဟုအများကြီးမျှော်လင့်ခဲ့သည် မှာ မိမိ အမှားလို့သာသဘောထားလိုက်တော့သည်။

အတွေးပေါင်းများစွာနှင့်ခရီးနှင်လာခဲ့သည်။ ဝက်ဝံကလေးကုတ်မိသည့် လက်ကလည်း ပိုပိုနာလာသည်။ အစကအိမ်မှာမွေးဖို့ပင်တောင်းဖို့စိတ်ကူးမိသေးသည်။ သို့သော်မတောင်းဖြစ်တော့။ မည်သို့ပင်သင်ပြထိန်းကြောင်းစေကာမူ ဝက်ဝံပေါက်စမှသည် ဝက်ဝံကြီးသာဖြစ်လာမည်၊ အသိတရားအကန့်သတ်နှင့်သာဖြစ်နေမည်။ သူများတကာ ကလေးကိုသွားကိုက်မိလျှင်ပြဿနာတက်အုံးမည်။ တခြားသူသွားကိုက်တာကိုတော့ ဥပက္ခပြုလို့ရသည်၊ ကိုယ့်အသားနာသည်မှမဟုတ်ပဲ။ သို့သော် ကိုယ့်သားလေးကိုပင်ပြန်မကိုက်ဟု အာမခံရန်ခက်လွန်းသည်။ အခုပင် ချစ်လို့ပွတ်သပ်ရာမှ လက်မှာ အနာတရဖြစ်ရပြီမဟုတ်လော? ထိုဝက်ဝံပေါက်စလေး ထိန်းသိမ်းမွေးမြူထားချင်သူ အဖို့မှာ တာဝန်အလွန်ကြီးသည်ကို သတိမူသင့်ပေသည်။

ဤသို့ ချစ်စရာကောင်းသော ဝက်ဝံလေးကို ကျောခိုင်းပြီး ထွက်လာခဲ့ရာ အတွေးပေါင်းများစွာနဲ့ပင် သည်ခရီးအဆုံးထိ‌ေတာ့ဆက်သွားရပေးအုံးမည်။

နောက်ဆုံးရသတင်းများ

တမူးကနေသွားတဲ့ လူနာတင်ကားများကို ကလေးမြို့အဝင် စစ်ကောင်စီဂိတ်ကနေ ဖြတ်သန်းခွင့်ပိတ်

၁၉ အောက်တိုဘာ၊ ၂၀၂၄ Zalen စစ်ကိုင်းတိုင်း၊ တမူးမြို့ကနေ ကလေးမြို့ကို ဆေးဝါးကုသဖို့ သွားတဲ့ အရေးပေါ်လူနာများကို စက်တင်ဘာလကစပြီး ခုချိန်ထိအဝင်မခံလို့ ပြန်လှည့်ခဲ့ရတယ်လို့ လူနာရှင်များက ပြောပါတယ်။ “ကျွန်တော်တို့က ကားနဲ့ကောဆိုင်ကယ်နဲ့လည်း သွားကြတာ။ ကလေးအဝင် ဆည်ကြီးရွာ ...

ဆက်ဖတ်ရန်