ဇန်နဝါရီ ၂၉၊ ၂၀၂၆
Zalen
ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်ရှိ ချင်းအမျိုးသားတပ်မတော် (CNA) နဲ့ CDF-တွန်းဇံ ပူးပေါင်းတပ်စခန်းကို ဇိုမီးတော်လှန်ရေးတပ် (ZRA) က ဒရုန်းနဲ့ တိုက်ခိုက်ခဲ့သဖြင့် စစ်ရေးပြန်လည်တင်းမာလာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

CNA နဲ့ CDF တွန်းဇံ တို့ ပူးပေါင်းနေရာယူထားတဲ့ တွန်းဇံမြို့အနီးရှိ နတ်ဇန်ကျေးရွာ ကာကင်းစခန်းကို ZRA က မနေ့ ဇန်နဝါရီလ ၂၈ ရက်၊ မနက် ၅ နာရီဝန်းကျင်မှ ဒရုန်းဗုံးသီး ၂ လုံးနဲ့ လာရောက် တိုက်ခိုက်သွားတာဖြစ်ပါတယ်။
“နတ်ဇန်ရွာက ကာကင်းစခန်းကို ဒရုန်းဗုံးသီးနှစ်လုံးနဲ့ တိုက်ခိုက်သွားတာပါ။ တလုံးပေါက်ကွဲ၊ နောက်တလုံးက မပေါက်ကွဲဘူး။ ထိခိုက်မှုမရှိဘူး။ အပြန်အလှန် ပစ်ခတ်မှုလည်းမရှိဘူး။”လို့ CNA ရဲဘော်တဦးက ပြောပါတယ်။
ZRA ရဲ့ တိုက်ခိုက်တဲ့ ဗုံးသီးတလုံးမှာ စခန်းအနီး ပေါက်ကွဲသွားခဲ့ပေမဲ့ ကျန်တလုံးမှာမူ ပေါက်ကွဲခြင်းမရှိတာကြောင့် ထိခိုက်မှုလည်း မရှိဘူးလို့သိရပါတယ်။
အခုတိုက်ခိုက်မှုကြောင့် တွန်းဇံမြို့နယ်အတွင်း လက်နက်ကိုင်အဖွဲ့အစည်းတွေကြား စစ်ရေးလှုပ်ရှားမှုများ ပြန်လည်စိပ်လာသဖြင့် ဒေသခံပြည်သူတွေဟာ တကျော့ပြန်တိုက်ပွဲတွေ ဖြစ်ပွားလာမည်ကို အလွန်စိုးရိမ်နေကြပါတယ်။
“အခုရက်ပိုင်း နှဘက်အဖွဲ့ စစ်ရေးလှုပ်ရှားတာတွေ အရိပ်ယောင်တွေ တွေ့ရတယ်။ အရင်နှစ်ကလို တိုက်ပွဲတွေဖြစ်ကြရင် ပြည်သူတွေက ထပ်ပြီး စစ်ဘေးရှောင်ရအုံးမယ်။ တိုက်ပွဲတွေမဖြစ်စေချင်တော့ဘူး။ အခုပြည်သူတွေက တိုက်ပွဲဖြစ်မှာကို စိုးရိမ်နေကြတယ်။”လို့ တွန်းဇံဒေသခံတဦးက ပြောပါတယ်။
တွန်းဇံမြို့ကို လွန်ခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ မေလမှာ CNA နဲ့ ချင်းပြည်အစိုးရ ပူးပေါင်းတပ်တွေက စစ်ကောင်စီထံမှ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး လက်ရှိ CDF တွန်းဇံ ရဲ့ ပြည်သူ့အုပ်ချုပ်ရေးယန္တရားတွေ လှည်ပတ်နေပြီဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဧပြီလကလည်း CNA/CDF တွေနဲ့ ZRA တပ်ဖွဲ့တို့အကြား တွန်းဇံမြို့မှာ တိုက်ပွဲတွေ အကြိမ်ကြိမ်ဖြစ်ပွားခဲ့သဖြင့် ပြည်သူတွေ ထွက်ပြေးစစ်ဘေးရှောင်နေကြရသလို့ ကျေးရွာတချို့ မီးရှို့ဖျက်ဆီးခံရပါတယ်။
အခု ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှာ တိုက်ခိုက်မှုတွေ ပြန်လည်စတင်လာတာဖြစ်ပါတယ်။
သတင်း-ဆလိုင်း
#CNA #CDF #ZRA#တိုက်ခိုက်#Zalen




















