အောက်တိုဘာလ ၃၀၊ ၂၀၂၅
Zalen
အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းရန်ကြောင့် ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အတွင်းရှိစာသင်ကျောင်းများကို အကန့်အသတ်မရှိပိတ်ထားကြရန် CDF-Thangtlang ၊ ပညာရေးဌာနက အောက်တိုဘာ ၂၉ ရက်မှာအသိပေး ထုတ်ပြန်ထားပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ လူနေအိမ်နဲ့စာသင်ကျောင်းများကိုနေ့စဉ်ဗုံးကြဲနေတာကြောင့် ထန်တလန်မြို့နယ် အတွင်းရှိ အထက်တန်း၊ အလယ်တန်း၊ မူလတန်း စာသင်ကျောင်းများအားလုံးကို ပိတ်ထားကြရန်အသိပေးတယ်လို့ ထုတ်ပြန်ထားတာ ပါ။
အကြမ်းဖက်စစ်တပ်ဟာ ယခုရက်ပိုင်းအတွင်း နိုင်ငံအနှံ့ စာသင်ကျောင်းနဲ့ အများပြည်သူနေအိမ်များကို လေကြောင်းတိုက်ခိုက်မှုများဆက်တိုက်လုပ်ဆောင်နေပြီး ထန်တလန်မြို့နယ်ထဲကိုလည်း ကင်းထောက် လေယာဉ်များမကြာခဏလွှတ်လာတယ်လို့ဒေသခံများထံကသိရပါတယ်။
“ပြီးခဲ့တဲ့ အပတ်လောက်ကနေစပြီးတော့ နေ့စဉ်နီးပါး ကင်းထောက်လေယာဉ်လာပြီးတော့ ကင်းထောက်တာ အမြဲလုပ်တယ်။ အခုထိတော့ထန်တလန်မြို့နယ်ထဲကြဲတာတော့မရှိသေးပေမယ့် သတိထားရတယ်။ စကစက ညသန်းခေါင်လည်းမရွေး ဘယ်အချိန်ကြဲမလဲမသိတော့ ကောင်းကောင်းတောင်အိပ်လို့မပျော်နိုင်ဘူး။ ကျောင်း တွေတော့ ပိတ်ခိုင်းထားတယ်။” လို့ ထန်တလန်မြို့နယ်အတွင်းရှိကျေးရွာတစ်ရွာမှ ဒေသခံတစ်ဦးကပြောပါ တယ်။
အကြမ်းဖက်စစ်တပ်ဟာပြီးခဲ့တဲ့ အောက်တိုဘာလ ၁၃ ရက်မှာ ဟားခါးမြို့နယ်၊ ဗန်ဟာကျေးရွာရှိစာသင်ကျောင်း ကို လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့လို့ အသက် ၈ နှစ်အရွယ်ကျောင်းသား တစ်ဦး နဲ့ အသက် ၁၂ နှစ်အရွယ် ကျောင်းသူတစ်ဦးတို့သေဆုံးခဲ့ကြတဲ့အပြင် ဆရာ/မ ၆ ဦးနဲ့ကျောင်းသား ၁၅ ဦး အားလုံးပေါင်း ၂၁ ဦးဒဏ်ရာရခဲ့ ကြပါတယ်။
သတင်း – Mickey
ပုံအညွှန်း – ထန်တလန်မြို့နယ်ထဲက စာသင်ကျောင်းတစ်ကျောင်းမှကျောင်းသားများအားတွေ့ရစဉ်
ဓါတ်ပုံ – လူမှုကွန်ယက်

















