နိုဝင်ဘာ ၂၆၊ ၂၀၂၅ ။
Zalen
ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်ခ် ဖူအန်းကက်ကောင် က မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အသက်အရွယ်အရ လူသားချင်းစာနာထောက်ထားမှုနဲ့ လွှတ်ပေးဖို့ မြန်မာအာဏာပိုင်တွေကို ပြင်းပြင်းထန်ထန် တိုက်တွန်းလိုက်ပါတယ်။
ဝန်ကြီး ဆီဟာဆက်ခ် ဖူအန်းကက်ကောင် ပြောကြားချက်အရ မြန်မာနိုင်ငံရဲ့ လာမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်မှုနဲ့ တရားမျှတမှုအပေါ် သံသယတွေ ပေါ်ထွက်နေချိန်မှာ ထွက်ပေါ်လာတာဖြစ်ပါတယ်။
“သူမကို လွှတ်ပေးဖို့ အချိန်တန်ပါပြီ။ တခါတလေကျရင် မှန်ကန်တဲ့အရာကို ပြောရမှာပဲ။ သူမကို ဖမ်းဆီးထားတာ အရမ်းကြာနေပါပြီ” လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်ခ် ဖူအန်းကက်ကောင်က ပြောကြားထားပါတယ်။
အသက် (၈၀) နီးပါးရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ရဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရသူဖြစ်ပြီး ပြစ်မှုများစွာနဲ့ နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထား ရပါတယ်။
ဝန်ကြီး ဆီဟာဆက်ခ်ဟာ မြန်မာစစ်ကောင်စီက ကျင်းပဖို့ စီစဉ်နေတဲ့ လာမယ့် ရွေးကောက်ပွဲအပေါ် ထိုင်းနိုင်ငံရဲ့ သဘောထားကိုလည်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
၎င်းရဲ့ အမြင်အရ အဆိုပါရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှုရှိမှာမဟုတ်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သလို ထိုင်းနိုင်ငံအနေနဲ့လည်း ယင်းရွေးကောက်ပွဲကို အသိအမှတ်ပြုဖို့ အနေအထားမျိုးမှာ ရှိမှာမဟုတ်ကြောင်း ၎င်းက သုံးသပ်ထားပါတယ်။
ဒါပေမယ့်လည်း ဝန်ကြီး ဆီဟာဆက်ခ်က အပြုသဘောဆောင်တဲ့ ရှုထောင့်တစ်ခုကိုလည်း ထောက်ပြခဲ့ပါတယ်။
၂၀၁၀ ပြည့်နှစ်မှာ သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရ အာဏာရပြီးနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးခဲ့တဲ့ ဖြစ်စဉ်ကို ၎င်းက ဥပမာပေးခဲ့ပါတယ်။
ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံနှင့် ကီလိုမီတာ ၂,၄၀၀ ကျော် ရှည်လျားတဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့အတွက် မြန်မာ့ပဋိပက္ခရဲ့ ဒဏ်ကို အဓိက ခံစားနေရတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ ထိုင်းအစိုးရ တာဝန်ရှိသူတစ်ဦးက ပွင့်ပွင့်လင်းလင်း တိုက်တွန်းပြောကြားခြင်းဟာ အရှေ့တောင်အာရှဒေသတွင်း ပထဝီဝင်နိုင်ငံရေးအရ အရေးပါတဲ့ လှုပ်ရှားမှုတစ်ခုအဖြစ် ရှုမြင်နိုင်ပါတယ်။
ကိုးကား-ထိုင်းသတင်းများ
သတင်း-ဆလိုင်း
#ဒေါ်အောင်ဆန်းစုကြည်#ထိုင်း#မြန်မာ
#ရွေးကောက်ပွဲ#Zalen
















