ဖေဖော်ဝါရီ ၁၁၊ ၂၀၂၆။
Zalen
ထောက်ခံစာ (၅) မျိုး တောင်းခံမှုနဲ့ လုံခြုံရေးစိုးရိမ်မှုတွေကြောင့် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ဝန်ထမ်းတွေဟာ လုပ်ငန်းခွင်ပြန်ဝင်ဖို့ ခက်ခဲနေတယ်လို့ သိရပါတယ်။
စစ်ကောင်စီက CDM မှာ ပါဝင်ခဲ့တဲ့ နိုင်ငံ့ဝန်ထမ်းတွေကို အမည်ပျက်စာရင်း မှ ပယ်ဖျက်ပေးမည်ဆိုပြီး လုပ်ငန်းခွင်ပြန်ဝင်ဖို့ အကြိမ်ကြိမ် ဖိတ်ခေါ်နေပါတယ်။

ဒါပေမဲ့ တင်းကျပ်လွန်းတဲ့ စည်းကမ်းချက်တွေနဲ့ လုံခြုံရေးအရ စိုးရိမ်ရတဲ့ အခြေအနေများကြောင့် လက်တွေ့မှာ ပြန်လည်ဝင်ရောက်သူတွေ အလွန်နည်းပါးနေပါတယ်။
စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်တွေမှာ ဝန်ထမ်းတွေကို ကြိုဆိုသည်ဟု ပါရှိပေမဲ့ လက်တွေ့မှာ မူလဝန်ထမ်းအဖြစ် ပြန်လည်လက်ခံဖို့ ထောက်ခံစာအဆင့်ဆင့် တင်ပြရန် တောင်းခံနေပါတယ်။
အဲဒီထောက်ခံချက်ဟာ မူလတာဝန်ထမ်းဆောင်ခဲ့တဲ့နေရာမှ ထောက်ခံစာ၊ တိမ်းရှောင်နေထိုင်ခဲ့တဲ့နေရာမှ ထောက်ခံစာ၊ သက်ဆိုင်ရာ ရဲစခန်းမှ ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံစာ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ ထောက်ခံစာ၊ မိခင်ဌာန (ဌာနကြီး) ရဲ့ သဘောထားမှတ်ချက် တို့ကို တောင်းခံနေတာပါ။
ထောက်ခံစာတွေကို စုဆောင်းရာမှာ အချိန်ကြန့်ကြာရုံသာမက ဌာနဆိုင်ရာတွေရဲ့ ဖိအားပေး မေးမြန်းမှုကိုပါ ရင်ဆိုင်နေရတယ်လို့ CDM ဝန်ထမ်းအချို့တွေက ဆိုပါတယ်။
“ထောက်ခံယူရတဲ့ခါ တချို့က ရက်ချိန်းတွေပဲ ပေးတယ်။ ထောက်ခံစာ မပေးချင်ဘူး။ အချိန်လည်း ကြာတယ်။ နောက်ပြီး မလိုအပ်တာတွေ ယူလာခိုင်းတယ်။ မေးတယ်။ ထောက်ခံချက် ကျော်ယူရင်လည်း မရဘူး။”လို့ နတ်မောက်မြို့နယ်မှ CDM ပညာရေးဝန်ထမ်းတဦးက Zalen ကို ပြောပါတယ်။
အထူးသဖြင့် ရဲစခန်းနဲ့ ထွေအုပ်ရုံးမှာ ထောက်ခံစာသွားရောက်ယူဆောင်ချိန်မှာ စစ်ထောက်လှမ်းရေး(စရဖ)၊ သတင်းတပ်ဖွဲ့(SB) တို့ အသေးစိတ် စစ်ဆေးမေးမြန်းမှုကို ခံရနိုင်ခြေရှိတယ်လို့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ဆိုပါတယ်။
“ရပ်ကွပ်အုပ်ချုပ်ရေးမှု၊ မိခင်ဌာနတွေမှာ ထောက်ခံချက်တွေ ရယူတဲ့အခါ ပြဿနာ မရှိပေမဲ့ ထွေအုပ်ရုံး၊ ရဲစခန်းတွေမှာ ထောက်ခံချက် ရယူတဲ့ခါမှာတော့ စစ်ဆေး ဖမ်းဆီးခံရမှုတွေရှိလာနိုင်တယ်။ သူတို့က မေးမှာဘဲလေ။ ဘာလုပ်လဲ၊ ဘာတွေလုပ်နေလဲဆိုတာ။”လို့ ရန်ကုန်ထွေအုပ်ရုံးနဲ့နီးစပ်သူတစ်ဦးက Zalen ကို ပြောပါတယ်။
၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးချိန်မှစ၍ စစ်ကောင်စီဟာ CDM ဝန်ထမ်းတွေကို လုပ်ငန်းခွင်ပြန်ဝင်ရန် အနည်းဆုံး ၆ ကြိမ်ထက်မနည်း တရားဝင်ဖိတ်ခေါ်ခဲ့ပါတယ်။
ပြန်ဝင်လာသူအချို့ ပြန်လည်စစ်ဆေးခံရပြီး ဖမ်းဆီးခံရတဲ့ သတင်းများ ထွက်ပေါ်နေခြင်း၊ မူလရာထူးနဲ့ အခွင့်အရေးများ အပြည့်အဝမရရှိခြင်း၊ နိုင်ငံရေးအရ ဖိနှိပ်ခံရနိုင်တဲ့ အခြေအနေများ ရှိနေခြင်း စတာတွေကြောင့် လုပ်ငန်းခွင်မဝင်ဘဲ တိမ်းရှောင်နေသူ CDM ဝန်ထမ်း သိန်းနဲ့ ချီပြီး ရှိနေဆဲ ဖြစ်ပါတယ်။
စစ်ကောင်စီအနေနဲ့ ဝန်ထမ်းအင်အား လိုအပ်ချက်ကြောင့် အခုလို အမည်ပျက်စာရင်း ဖြေလျှော့ပေးမည်ဟု ဆိုနေပေမဲ့ မြေပြင်မှာ တောင်းခံနေတဲ့ ထောက်ခံစာနဲ့ စစ်ဆေးမှုတွေမှာ ဝန်ထမ်းတွေအတွက် ခြိမ်းခြောက်မှုတခုဖြစ်ပါတယ်။
သတင်း-ခူမီး
ဓာတ်ပုံ-လူမှုကွန်ယက်
#CDM#ထောက်ခံစာ#လုံခြုံရေး#စိုးရိမ်#Zalen
















