နိုဝင်ဘာလ ၂၁၊ ၂၀၂၅
Zalen
အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့်က ဆိုရှယ်မီဒီယာမှတဆင့် ဒီမိုကရက် လွှတ်တော်အမတ် (၆) ဦးကို “ပုန်ကန်မှုအပြုအမူ” ဖြင့် စွပ်စွဲကာ ၎င်းတို့ကိုဖမ်းဆီးသေဒဏ်ပေးသင့်တယ်လို့ ပြောကြားပြီးနောက် ဝါရှင်တန် နိုင်ငံရေးလောကမှာ လှုပ်ခတ်မှုများ ဖြစ်ပေါ်ခဲ့ပါတယ်။
ထိပ်တန်း ဒီမိုကရက်ခေါင်းဆောင်တွေက သမ္မတ ထရမ့်ရဲ့ မှတ်ချက်တွေကို ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချခဲ့ကြပြီး ရီပတ်ဘလစ်ကန်တွေဘက်မှလည်း ဝေဖန်မှုများ ထွက်ပေါ်လာခဲ့ပါတယ်။
သမ္မတ ထရမ့်ရဲ့ မှတ်ချက်တွေဟာ စစ်မှုထမ်းဟောင်းတွေနဲ့ အမျိုးသားလုံခြုံရေးအရာရှိဟောင်းတွေဖြစ်ကြတဲ့ ဒီမိုကရက် လွှတ်တော်အမတ်တွေ ပါဝင်တဲ့ ဗီဒီယိုတစ်ခုကို တုံ့ပြန်တာဖြစ်ပါတယ်။
အဲဒီဗီဒီယိုမှာ ၎င်းတို့က ဖွဲ့စည်းပုံအခြေခံဥပဒေကို ခြိမ်းခြောက်မှုတွေရှိနေကြောင်း ကိုးကားပြီး စစ်မှုထမ်းတွေကို “တရားမဝင်သော အမိန့်တွေကို ငြင်းဆန်ဖို့” တိုက်တွန်းခဲ့ပါတယ်။
သမ္မတက နောက်ဆက်တွဲပို့စ်တွေမှာ “ပုန်ကန်မှုအပြုအမူ သေဒဏ်ပေးနိုင်တယ်” “သူတို့ကို ကြိုးပေးပါ ဂျော့ချ် ဝါရှင်တန် လုပ်ခဲ့မှာပဲ” စတဲ့ ပြင်းထန်တဲ့ စကားလုံးတွေကို အသုံးပြုခဲ့ပါတယ်။
အထက်လွှတ်တော် လူနည်းစုခေါင်းဆောင် ချပ်ခ် ရှူးမား က သမ္မတ ထရမ့်ရဲ့ ပြောစကားတွေဟာ “ရွေးကောက်ခံ အရာရှိတွေကို ကွပ်မျက်ဖို့ တောင်းဆိုနေတာ” ဖြစ်တယ်လို့ ပြစ်တင်ရှုတ်ချပြီး “သေလောက်အောင် အလေးအနက်ရှိတဲ့ ခြိမ်းခြောက်မှု” ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် “ဒေါ်နယ်လ် ထရမ့် ဒီလိုအရာတွေကို ပို့စ်တင်တိုင်း သူက နိုင်ငံရေး အကြမ်းဖက်မှုကို ပိုဖြစ်နိုင်စေပါတယ်။ ဒီလိုအပြုအမူမျိုးကို ကျွန်တော်တို့ ဘယ်သူမှ သည်းခံလို့ မရပါဘူး။ သူဟာ နိုင်ငံရေးဓာတ်ဆီစိမ်ထားတဲ့ နိုင်ငံထဲမှာ မီးခြစ်ကို မီးညှိနေတာနဲ့ အတူတူပါပဲ။” လို့ သူက ဆိုပါတယ်။
ရှူးမား ဟာ အထက်လွှတ်တော်အမတ် မတ်ခ် ကယ်လီ နဲ့ အယ်လီဆာ စလော့ကင်တို့အတွက် အထူးလုံခြုံရေး ပေးဖို့လည်း ကက်ပီတယ်လ်ရဲတပ်ဖွဲ့ကို တောင်းဆိုခဲ့ပါတယ်။
ခြိမ်းခြောက်ခံရတဲ့ လွှတ်တော်အမတ်တွေကလည်း “ဒီကိစ္စဟာ ကျတော်တို့တစ်ဦးချင်းစီအတွက်(သို့) နိုင်ငံရေးအတွက်သာမက အမေရိကန်ရဲ့ဂုဏ်သိက္ခာနဲ့ စံနှုန်းနဲ့သက်ဆိုင်သော ကိစ္စဖြစ်တယ်။ ဒါကြောင့် သမ္မတရဲ့ ကျတော်တို့ သတ်ဖို့ တောင်းဆိုမှုနဲ့ နိုင်ငံရေးအကြမ်းဖက်မှုတွေကို အမေရိကန်နိုင်ငံသားတိုင်း စည်းလုံးညီညွတ်စွာဖြင့် ပြင်းပြင်းထန်ထန် ရှုတ်ချရမယ်လို့ တောင်းဆိုပါတယ်။ ဒီကိစ္စဟာ ကိုယ်ကျင့်တရားအရ ရှင်းလင်းပြတ်သားမှု ရှိရမယ့် အချိန်အခါ ဖြစ်ပါတယ်”လို့ ပူးတွဲထုတ်ပြန်ထားပါတယ်။
ရီပတ်ဘလစ်ကန်တွေရဲ့ တုံ့ပြန်မှုမှာ ကွဲပြားခဲ့ပါတယ်။ အောက်လွှတ်တော် ဥက္ကဋ္ဌ မိုက်ခ် ဂျွန်ဆင် က ဒီမိုကရက် လွှတ်တော်အမတ်တွေရဲ့ စစ်တပ်ကို အမိန့်မနာခံဖို့ တိုက်တွန်းမှုဟာ “အလွန်မသင့်လျော်” ဘူးလို့ ရှေ့ပိုင်းမှာ ပြောကြားခဲ့ပါတယ်။
ဒါပေမယ့် သမ္မတရဲ့ စကားလုံးရွေးချယ်မှုနဲ့ပတ်သက်ပြီး မေးမြန်းတဲ့အခါ ဂျွန်ဆင်က “သမ္မတ ရွေးချယ်တဲ့ စကားလုံးတွေက ကျွန်တော်သုံးမယ့် စကားလုံးတွေ မဟုတ်ပါဘူး။ ဒီအရာတွေက သေဒဏ်ပေးနိုင်တဲ့ ရာဇဝတ်မှုတွေ ဒါမှမဟုတ် အဲ့ဒီလိုမျိုးတွေ မဟုတ်ဘူးလို့ ကျွန်တော် မထင်ပါဘူး။” လို့ ပြောကြားခဲ့ပါတယ်။
သမ္မတဟာ “တစ်ခါတစ်ရံ ပြင်းထန်သော စကားလုံးတွေကို အသုံးပြုတယ်” လို့ သူက ဆိုပါတယ်။
အိမ်ဖြူတော် စာနယ်ဇင်း အတွင်းရေးမှူး ကာရိုလိုင်း လီဗစ် ကမူ သမ္မတဟာ လွှတ်တော်အမတ်တွေကို ကွပ်မျက်လိုခြင်းမရှိဘူးလို့ ဖြေကြားခဲ့ပေမယ့် ဒီမိုကရက်တွေရဲ့ ဗီဒီယိုဟာ စစ်တပ်ရဲ့ ကွပ်ကဲမှု ကွင်းဆက် ကို တိုက်ခိုက်တာဖြစ်တယ်လို့ ပြန်လည် ထောက်ပြ ပြောဆိုခဲ့ပါတယ်။
ယခုဖြစ်ရပ်ဟာ လာမယ့်ရွေးကောက်ပွဲကာလအတွင်း နိုင်ငံရေး မိန့်ခွန်းတွေနဲ့ အကြမ်းဖက်မှု ခြိမ်းခြောက်မှုတွေရဲ့ အခန်းကဏ္ဍနဲ့ပတ်သက်ပြီး အငြင်းပွားမှုတွေကို ပိုမို ပြင်းထန်စေခဲ့ပါတယ်။
သတင်း-ဆလိုင်း
ကိုးကား-CBS News
ဓာတ်ပုံ – လူမှုကွန်ရက်
#နိုင်ငံတကာသတင်း#zalen
















