ဒီဇင်ဘာ ၁ရက်၊ ၂၀၂၅ ။
Zalen
စစ်ကိုင်းတိုင်းဒေသကြီး ၊ နာဂကိုယ်ပိုင်အုပ်ချူပ်ခွင့်ရဒေသ ၊ အိန္ဒိယမြန်မာနယ်စပ် ခြံစည်းရိုးကာရံမှု စီမံကိန်းနဲ့ ပတ်သက်ပြီး ညီညွတ်သောတန်ရှန်းနာဂကောင်စီ ( UTNC ) နဲ့ အိန္ဒိယ တာဝန်ရှိသူများတွေ့ဆုံခဲ့တယ်လို့ အိန္ဒိယဒေသ သတင်းများဖော်ပြချက် အရသိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၆ ရက်နေ့ ၂ နိုင်ငံ နယ်စပ်ခြံစည်းရိုး ကာရံမှုလုပ်ငန်းနဲ့ ပတ်သက်ပြီး Arunachal Pradesh နန်ပေါင်မြို့မှာရှိတဲ့ အိန္ဒိယစစ်တပ်စခန်းက တပ်ခွဲမှူးရဲ့ ဖိတ်ကြားချက်အရ ညီညွတ်သောတန်ရှန်းနာဂကောင်စီ အဖွဲ့က အခုလိုသွားရောက် တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။
အဆိုပါတွေ့ဆုံပွဲမှာ အိန္ဒိယတာဝန်ရှိသူများက အစိုးရအနေနဲ့ မြန်မာစစ်ကောင်စီနဲ့ တရားဝင် သဘောတူ ညှိနိုင်းပြီးမှ အကောင်အထည်ဖော် ဆောင်ရွက်နေတာဖြစ်ပြီး နှစ်နိုင်ငံအကြား တရားဝင်နယ်စပ် ကုန်သွယ်မှု လွယ်ကူစေရန် ကုန်သွယ်ရေးဂိတ် ဖွင့်လှစ်ပေးထားမှာ ဖြစ်ပါတယ်။
ဒါ့အပြင် ခြံစည်းရိုးကာရံမှုဟာ မူးယစ်ဆေးဝါးများ နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုနဲ့ တရားမဝင် ကုန်သွယ်မှုများကို တားဆီးနိုင်ရန် ရည်ရွယ်ထားတာဖြစ်ပြီး နာဂလူမျိုးများကို ထိန်းချူပ်ကန့်သတ်ထားရန် ရည်ရွယ်ထားခြင်းမျိုး မဟုတ်ဘူးလို့ အိန္ဒိယကိုယ်စားလှယ်များက ပြောဆိုထားပါတယ်။
အိန္ဒိယ ကိုယ်စားလှယ်များက တန်ရှန်းနာဂလူမျိုးများ မိသားစုများအပြန်အလှန်ဆက်သွယ်နိုင်ရန် မီတာ ၈၀၀ အကွာမှာ ဂိတ် ၁ ခုဆီ ဖွင့်လှစ် ပေးထားမှာ ဖြစ်ပြီး အဲဒီဂိတ်ကနေ နှစ်နိုင်ငံကြားမှာရှိတဲ့ ဆွေမျိုးများထံ လွတ်လပ်စွာ သွားလာခွင့်ပြုသွားမှာ ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။
အိန္ဒိယ ကိုယ်စားလှယ်တပ်မှူးက အိန္ဒိယဗဟိုအစိုးရရဲ့ ဆုံးဖြတ်ချက်အရ နယ်စပ်ခြံစည်းရိုး စီမံကိန်းလုပ်ငန်းကို ရပ်ဆိုင်းသွားမဟုတ်ဘဲ အစိုးရမူဝါဒ အစိတ်အပိုင်းဖြစ်တဲ့အတွက် လုပ်ငန်းကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ပြီး နယ်စပ်ခြံစည်းရိုးလုပ်ငန်းကို နယ်စပ်တလျှောက်မှာရှိတဲ့ လက်နက်ကိုင်အဖွဲ့တွေ ဘက်ကနေ လုပ်ငန်းကို ဝင်ရောက်နှောက်ယှက်မှုမျိုး ပြုလုပ်လာပါက ဒေသခံများ လက်ရှိအသုံးပြုနေတဲ့ လမ်းများကို ယာယီရပ်ဆိုင်းထားမှာဖြစ်သလို နယ်စပ်ခြံစည်းရိုး လုပ်ငန်းခွင်တွင် လုံခြုံရေး ပိုပြီးတင်းကြပ်ထားတာမျိုး ရှိလာမှာဖြစ်တယ်လို့ ပြောဆိုထား ပါတယ်။
ညီညွတ်သောတန်ရှန်းနာဂကောင်စီ ကိုယ်စားလှယ်များကတော့ နှစ်နိုင်ငံကြားရှိ နာဂလူမျိုးများဟာ ပြသနာမရှိဘဲ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်လာခဲ့ကြတာဖြစ်ပြီး အိန္ဒိယအစိုးရက နယ်စပ် ခြံစည်းရိုး တည်ဆောက်မယ့် ကိစ္စကို ဒေသခံနာဂ ပြည်သူများကို ကြိုတင်အသိပေးခြင်း မရှိဘူးလို့ တင်ပြခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အိန္ဒိယအစိုးရအနေနဲ့ ဌာနေနာဂ လူမျိုးများရဲ့ အခွင့်အရေးကို အလေးထားစဉ်စားပေးဖို့ လိုအပ်နေပြီး အခုလို နယ်စပ် ခြံစည်းရိုးကာရံမယ့် လုပ်ငန်းကိုလည်း နာဂလူထု တရပ်လုံးက လုံးဝလက်ခံမှာ မဟုတ်ကြောင်း နာဂလူထုရဲ့ သဘောထားကို ညီညွတ်သောတန်ရှန်းနာဂကောင်စီ ဥက္ကဌက အိန္ဒိယတာဝန်ရှိများထံ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
နှစ်ဘက်တွေ့ဆုံဆွေးပွဲ အပြီးတွင် ညီညွတ်သောတန်ရှန်းနာဂကောင်စီကိုယ်စားလှယ်များနဲ့ အိန္ဒိယဘက်က တာဝန်ရှိသူများက လက်ရှိအကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ နယ်စပ်ခြံစည်းရိုး လုပ်ငန်းခွင်ကို သွားရောက်လေ့လာခဲ့တယ်လို့ ဒေသသတင်းများက ဖော်ပြထားပါတယ်။
အိန္ဒိယအစိုးရက ပြီးခဲ့တဲ့လကစပြီး မြန်မာဘက်က နာဂဒေသနဲ့ အိန္ဒိယဘက်ခြမ်းက နာဂဒေသရှိ အိန္ဒိယ-မြန်မာ နယ်စပ်ခြံစည်းရိုးကို ဒေသခံနာဂ လူမျိုးများကို အသိပေးခြင်းမရှိဘဲ စတင်တည်ဆောက်နေတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် တန်ရှန်းနာဂကောင်စီနဲ့ ဒေသခံနာဂ လူထုတရပ်လုံးက ဆန့်ကျင်ကန့်ကွက်ကြောင်း သဘောထား ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
သတင်း – PR
ပုံစာ – နယ်စပ်ခြံစည်းရိုးကိစ္စနဲ့တွေ့ဆုံဆွေးနွေးခဲ့တဲ့ UTNC ကိုယ်စာလှများနဲ့ အိန္ဒိယတာဝန်သူများအားတွေ့ရစဉ်
ဓာတ်ပုံ – လူမှုကွန်ယက်
ကိုးကား – Ukhrul Times
















