

ဇန်နဝါရီ ၂၉၊ ၂၀၂၆။
Zalen
စစ်ကိုင်းတိုင်း၊ နာဂကိုယ်ပိုင်အုပ်ချူပ်ခွင့်ရဒေသမှာ နာဂလက်နက်ကိုင် ၂ဖွဲ့ကြား အပြန်အလှန်တုန့်ပြန် ပစ်ခတ်တိုက်ခိုက်နေမှုကို နာဂကျောင်းသားများသမ္မဂမှ ပြစ်တင်ရှုံ့ချပြီး နှဖက်တွေ့ဆုံညှိနိုင်း ဆွေးနွေး အဖြေရှာကြဖို့ ဇန်နဝါရီလ ၂၆ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
နာဂဒေသမှာ လက်နက်ကိုင် နှစ်ဖွဲ့ဖြစ်တဲ့ NSCN-K (Yung Aung) အဖွဲ့နဲ့ NSCN-K (Angmai) တို့နှစ်ဖွဲ့ကြား တင်းမာနေတဲ့ ပဋိပက္ခတွေကြောင့် အပြန်အလှန် တုန့်ပြန်တိုက်ခိုက် သတ်ဖြတ်နေမှုကြောင့် အလွန်ဝမ်းနည်းစရာဖြစ်နေပြီး နာဂအမျိုးသားရေး သစ္စာဖောက်မှု တခုဖြစ်သောကြောင့် ဒီလိုလုပ်ရပ်တွေကို လက်ခံနိုင်စရာမရှိဘူးလို့ ဆိုပါတယ်။

ယနေ့အချိန်ကာလဟာ စည်းလုံးဖို့ အရေးကြီးတဲ့ အချိန်ကာလဖြစ်ပြီး အဲဒီပဋိပက္ခတွေက နာဂလူမျိုးများထားရှိတဲ့ အမျိုးသားရေး ရည်မှန်းချက်ပန်းတိုင်ကို အားနည်းစေသလို နိုင်ငံရေး၊ လူမှုရေးနဲ့ နယ်မြေဆိုင်ရာ ပြသနာတွေ ပြင်းပြင်းထန်ထန် ကြုံတွေ့လာပါက အချင်းချင်းမစည်းလုံးမှုကြောင့် အနာဂတ်ကို အန္တရာယ်ဖြစ်စေနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါ့ကြောင့် လက်နက်ကိုင် နှစ်ဖွဲ့လုံးက အပြန်အလှန်လက်တုန့်ပြန်မှုများကို ချက်ချင်းရပ်တန့်ပြီး နှဖက်တွေ့ဆုံ ညှိနှိုင်း ဆွေးနွေးအဖြေရှာကြရန်လိုအပ်တယ်လို့ ဆိုပါတယ်။
နာဂ ကျောင်းသားများသမ္မက (NSO)အဖွဲ့အနေနဲ့လည်း ကြားဝင်ညှိနှိုင်းပေးဖို့အသင့်ရှိကြောင်းကို အဲဒီ ထုတ်ပြန်ချက်တွင် ဖော်ပြထားသလို ပြသနာများကို ပိုမိုကြီးထွားစေမယ့် ပြောဆိုချက်တွေနဲ့ ထုတ်ပြန်ချက်တွေကို ရှောင်ရှားကြရန် နာဂ ကျောင်းသားမျာသမ္မဂအဖွဲ့က တိုက်တွန်းထားပါတယ်။
တဘက်မှာ NSCN-K (Angmai) ဦးတဲ့အဖွဲ့ကတော့ အရပ်ဘက်အဖွဲ့အစည်း (CSO) များရဲ့ ကြားဝင် ဖြေရှင်းပေမှုများကို လက်ခံမှာမဟုတ်ဘဲ သူတို့ရဲ့ နယ်မြေနဲ့ ဥပဒေစိုးမိုးရေး လုပ်ငန်းစဉ်တွေမှာ ဝင်ရောက်စွပ်ဖက်တဲ့ မည်သူမဆို အရေးယူခံရမှာဖြစ်ပြီး နောက်ဆက်တွဲ ဖြစ်လာမယ့် ပြသနာများကို တာဝန်ယူမှု တာဝန်ခံမှု ပြုလုပ်ရမှာဖြစ်တယ်လို့ ဇန်နဝါရီလ ၂၄ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
စစ်ကိုင်းတိုင်း၊ နာဂဒေသမှာ နာဂလက်နက်ကိုင် အဖွဲ့ ၂ဖွဲ့ ဖြစ်တဲ့ NSCN-K (Yung Aung) အဖွဲ့နဲ့ NSCN-K (Angmai) တို့ နှဖွဲ့ကြားမှာ နယ်မြေအငြင်းပွားမှုကြောင့် ယခုနှ ဇန်နဝါရီလ တလအတွင်း အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှု ၃ ကြိမ်ဖြစ်ပွားခဲ့ပြီး နှဖက် တင်းမာနေဆဲဖြစ်ပါတယ်။
သတင်း – ချင်းတွင်းသား
ပုံစာ – NSCN-K (Ang Mai)အဖွဲ့အားတွေ့ရစဉ်။
ဓာတ်ပုံ – လူမှုကွန်ယက်


















