မတ် ၁၉၊ ၂၀၂၆
Zalen
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ထိုင်းဘုရင့်တပ်မတော် ကာကွယ် ရေးဦးစီးချုပ် General Ukris Boontanondha တို့ မတ်လ ၁၈ ရက်နေ့ မနေ့က နေပြည် တော်မှာတွေ့ဆုံခဲ့ကြပါတယ်။
ဒီတွေ့ဆုံမှုမှာ နှစ်နိုင်ငံတပ်မတော်ကြား ပူးပေါင်းဆောင်ရွက်မှုတွေအပြင် နယ်စပ်အရေး နဲ့ ကျားဖြန့်နှိမ်နင်းရေး ကိစ္စတွေကိုပါ အဓိကထား ဆွေးနွေးခဲ့ကြတယ်လို့ စစ်ကော်မရှင်က ထုတ်ပြန်ထားပါတယ်။

နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနဲ့ တရားမဝင် ကုန်သွယ်မှုတွေ မရှိစေရေး၊ မူးယစ်ဆေးဝါး တားဆီးရေးနဲ့ အွန်လိုင်းငွေကြေးလိမ်လည်မှု (ကျားဖြန့်) တွေကို ထိထိရောက်ရောက် နှိမ်နင်းဖို့ ပူးပေါင်းဆောင်ရွက်ရေးနဲ့ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ ညစ်ညမ်းမှု လျှော့ချရေးနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် နှစ်နိုင်ငံရဲ့ ရွေးကောက်ပွဲအပြီး လွှတ်တော်ကျင်းပနေမှု အခြေအနေတွေနဲ့ မြန်မာ-ထိုင်း စစ်တပ်ကြား အဆင့်မြင့်အရာရှိကြီးတွေရဲ့ အစည်းအဝေး (HLC) ကျင်းပဖို့ ကိစ္စတွေကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြပါတယ်။
ဒီတွေ့ဆုံပွဲကို ဒုစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့ တပ်မတော်အဆင့်မြင့် အရာရှိကြီးတွေနဲ့ ထိုင်းဘုရင့် ကြည်းတပ်စစ်သံမှူးတို့လည်း တက်ရောက်ခဲ့ကြတယ်။
လက်ရှိမှာတော့ ထိုင်းရဲတပ်ဖွဲ့ဟာ အမေရိကန် FBI နဲ့ ပူးပေါင်းပြီး ကျားဖြန့်ဂိုဏ်းတွေကို နှိမ်နှင်းနေသလို မတ်လဆန်းပိုင်းကလည်း မြန်မာဘက်ခြမ်းက ကျားဖြန့်ဝင်းထဲက ဓာတ်ပုံတွေကို ထုတ်ပြန်ထားပါတယ်။
Helen

















