နောင်ချိုမြို့ကို TNLA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်

ဇွန်လ ၂၆ ရက်၊ ၂၀၂၄

Zalen

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ကို တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (မန္တလေး) ပူးပေါင်းတပ်တို့မှ တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

TNLA နဲ့ ပူးပေါင်းတပ်တွေက နောင်ချိုမြို့ကို မနေ့ ဇွန် ၂၅ ရက် မနက်အစောပိုင်းကစလို့ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မြို့မရဲစခန်းအပါဝင် မြို့ထဲတပ်စွဲထားတဲ့ စစ်ကောင်စီ တပ်စခန်းအားလုံးကို သိမ်းပိုက်ရရှိထားပါတယ်။

အဲ့ဒီအပြင် မြို့အစွန့်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ ခမရ(၁၁၅)၊ခမရ(၁၁၄) တို့ကိုလည်း ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး မနေ့ညနေပိုင်းမှာ သိမ်းပိုက်ရရှိထားတယ်လို့ သိရပါတယ်။

“မနေ့ ညနေ ၄ နာရီကစလို့ TNLA နဲ့ ပူးပေါင်းတပ်တွေက သိမ်းပိုက်ရရှိထားပါတယ်။ ပစ်ခတ်သံတွေလည်း မကြားရတော့ဘူး။ အရပ်သားတွေက စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှာ ကြောက်လို့ မြို့စွန့်ခွာထွက်ပြေးကြပါတယ်။”လို့ နောင်ချိုဒေသခံတစ်ဦးက ဆိုပါတယ်။

နောင်ချိုင်မြို့ဟာ မန္တလေးမြို့နဲ့ ပြင်ဦးလွင်မြို့တို့နဲ့ အနီးစပ်ဆုံး မြို့လည်းဖြစ်ပါတယ်။

ကျောက်မဲမြို့က စစ်ကောင်စီ တပ်စခန်းတွေကိုလည်း TNLA နဲ့ ပူးပေါင်းတပ်တို့က သိမ်းပိုက်ရရှိပြီး ကျန်ရှိတဲ့ တပ်ရင်းတွေကို သိမ်းပိုက်နိုင်ဖို့ ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

တိုက်ပွဲတွင်း စစ်ကောင်စီရဲ့ ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ကြောင့် အရပ်သား နှစ်ဦးနဲ့အထက် သေဆုံးခဲ့သလို အများပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

မနေ့ ဇွန်လ ၂၅ ရက်နေ့က TNLA နဲ့ ပူးပေါင်းတပ်တွေဟာ ရှမ်းပြည်နယ်မြောက်ပိုင်းက မိုးကုတ်၊ နောင်ချိုနဲ့ ကျောက်မဲမြို့တို့ တပြိုင်နက် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။

နောင်ချိုမြို့ကိုတော့ TNLA နဲ့ ပူးပေါင်းတပ်တွေက သိမ်းပိုက်ရရှိထားပေမယ့်လည်း ကျောက်မဲနဲ့ မိုးကုတ်မြို့မှာတော့ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပါတယ်။

သတင်း – အိုက်လင်း

နောက်ဆုံးရသတင်းများ

ကန်ပက်လက်မြို့နယ်မှာ လူ ၁၅၀ ကျော် ရာသီတုပ်ကွေးဖြစ်

ဇွန်လ ၂၉ ရက်၊ ၂၀၂၄ Zalen ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်က ကျေးရွာတွေမှာ ရာသီတုပ်ကွေးဖြစ်လို့ လူ ၁၅၀ ကျော် ဖျားနာနေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အဲ့ဒီ ကျေးရွာတွေဟာ မကြားကျေးရွာ၊ ခေးလောင်းကျေးရွာ၊ မရွှီကျေးရွာနဲ့ ...

ဆက်ဖတ်ရန်