နှစ်ပတ်ကြာထိ ပိတ်ထားတဲ့ ပလက်ဝ-မီဇိုရမ် လမ်းကို အိန္ဒိယဘက်က ပြန်ဖွင့်

နိုဝင်ဘာ ၂၄၊ ၂၀၂၅

Zalen

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နဲ့ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ကို ဆက်သွယ်ထားတဲ့ ပလက်ဝ-မီဇိုရမ်လမ်းကို အိန္ဒိယဘက်က ဒီနေ့ နိုဝင်ဘာ ၂၄ ရက်နေ့မှာ ပြန်ဖွင့်ပေးလိုက်ပြီလို့ ဒေသခံတွေဆီက Zalen ကို ပြောပါတယ်။

ပလက်ဝ – မီဇိုရမ် နယ်စပ်မှာ ကူးစက်ဝမ်းရောဂါကြောင့် အိန္ဒိယဘက်မှာ လူသေဆုံးမှုထိဖြစ်ပြီး နယ်စပ် အဝင်/အထွက်ကို အိန္ဒိယဘက်က ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၂ ရက်နေ့မှာ ပိတ်လိုက်တာဖြစ်ပါတယ်။

လက်ရှိမှာ အိန္ဒိယဘက် ကူးစက်ဝမ်းရောဂါဖြစ်ပွားမှု လျှော့နည်းလာတာကြောင့် ပလက်ဝ – မီဇိုရမ် နယ်စပ်အဝင်/အထွက်ကို နှစ်ပတ်ကြာမှာ ပြန်လည်ဖွင့်ပေးလိုက်တာဖြစ်ပါတယ်။

“သက်တမ်း ထပ်မတိုးတော့ဘဲ ဒီနေ့မှာ အိန္ဒိယဘက်က လမ်းပြန်ဖွင့်ပေးပါပြီ။ မနက်ဖြန်လောက်ဆို လူတွေ ပုံမှန်သွားလာလို့ရတော့မယ်။”လို့ မီဇိုရမ်နယ်စပ်မှာ နေထိုင်တဲ့ ပလက်ဝမြို့နယ်ဒေသခံတစ်ဦးက Zalen ကို ပြောပါတယ်။

နှစ်ပတ်ကြာထိ ပလက်ဝ-မီဇိုရမ်လမ်း အဝင်/အထွက် ပိတ်ထားတဲ့အတွက် မီဇိုရမ်ပြည်နယ်မှာ မြန်မာကုန်သည်တွေ ပိတ်မိနေသလို ကုန်စည်တွေကလည်း ပိတ်နေပါတယ်။

“လမ်းပိတ်ထားတော့ ကုန်သည်တွေ၊ လူတွေလည်း အတော်လေးပိတ်မိနေကြတယ်။ ကုန်စည်တွေလည်း ပိတ်မိနေတယ်။ တချို့ ပျက်စီးလွယ်တဲ့ကုန်စည်တွေက ပျက်စီးသွားပြီး ဆုံးရှုံးနစ်နာမှုတွေဖြစ်ခဲ့တယ်။ အခုလမ်းပြန်ဖွင့်ပေးတော့ အတော်ဝမ်းသာတယ်။”လို့ ရခိုင်ကုန်သည်တစ်ဦးက Zalen ကို ပြောပါတယ်။

ပလက်ဝ-မီဇိုရမ် လမ်းပိတ်ထားတဲ့အတွက် မြန်မာဘက်မှဒေသခံပြည်သူတွေ အိန္ဒိယဘက် ဆေးကုသရာနဲ့ လူမှုရေး စတဲ့ အထွေထွေ ကိစ္စရပ်တွေမှာ အခက်ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပလက်ဝ-မီဇိုရမ် လမ်းကို ရက်ကြာပိတ်ထားပါက ရခိုင်ပြည်နယ်မှာကုန်စည်ပြတ်လပ်ပြီး ကုန်စျေးနှုန်း ဒီထက်ပိုမြင့်တက်လာနိုင်တယ်လို့ ကုန်သည်တွေက ပြောပါတယ်။

ပလက်ဝ – မီဇိုရမ်နယ်စပ်မှာ နိုဝင်ဘာလ ဒုတိယအပတ်မှစ၍ ကူးစက်ဝမ်းရောဂါဖြစ်ပွားပြီး မီဇိုရမ်ဘက်မှာ လူ ၉ ဦးထက်မနည်းသေဆုံးခဲ့ပါတယ်။ ပလက်ဝမြို့နယ်မှာ လည်းလူသေဆုံးမှုရှိပေမယ့် လူ ၃၀၀ ကျော်ဟာ ကူးစက်ဝမ်းရောဂါဖြစ်ပွားခဲ့ပါတယ်။

သတင်း-ဆလိုင်း

ဓာတ်ပုံ – လူမှုကွန်ရက်

#အိန္ဒိယ#ပလက်ဝ #မီဇိုရမ်#နယ်စပ်#ဝမ်းရောဂါ #Zalen

နောက်ဆုံးရသတင်းများ

စစ်ကောင်စီက ကလေးမြို့ဒေသခံတွေရဲ့စပါး‌ခင်း‌တွေကို ခိုးယူ ရိတ်သိမ်း

နိုဝင်ဘာ ၂၄ ၊ ၂၀၂၅ Zalen စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ ဒေသခံတောင်သူတွေစိုက်ပျိုးထားတဲ့ စပါးခင်းတွေကို စစ်ကောင်စီတပ်က ဒေသခံတွေ စစ်ရှောင်နေရချိန်မှာ ခိုးယူရိတ်သိမ်းနေတယ်လို့ ‌သိရပါတယ်။ ကလေးမြို့နယ်က ရာဇဂြိုဟ်၊ ခုံသာ၊ ထိုမာ၊ ထောက်ကြန့်ရွာတွေက စပါးခင်းတွေကို ...

ဆက်ဖတ်ရန်