ဖေဖော်ဝါရီ ၂၃၊၂၀၂၆
Zalen
မကွေးတိုင်း၊ ဂန့်ဂေါခရိုင် ၊ ထီးလင်းမြို့ပေါ် ရွှေထီးခန်းမ မှာ တပ်စွဲနေထိုင်ကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ တွေဖြစ်တဲ့ ပျူစောထီး ၊ စစ်သား ၊ရဲတွေအတွက် မနေ့ ၂၂ ရက်နေ့မှာ စစ်ကောင်စီ လေကြောင်းက တစ်ဆင့် ရိက္ခာအင်အား တွေဖြည့်တင်းပေးနေတယ်လို့ သိရပါတယ်။
စစ်ကောင်စီ ထောက်ပို့ယာဉ် Y-8 နဲ့ မနေ့က ၁၂ နာရီ ခွဲ ၀န်းကျင်က စပြီး ၁ နာရီ ခွဲ ကျော်အထိ စုစု ပေါင်း ၉ ကြိမ်မှာ ရိက္ခာထုပ် ၂၄ ထုပ် လာရောက်ချထားပေးတာ လို့ သိရပါတယ်။

“လက်နက် ၊ ခဲယမ်း ၊စားနပ်ရိက္ခာတွေပဲ နေမယ်။ဘာတွေချထားတယ်ဆိုတာတော့ အတိအကျ မသိရဘူး” လို့ တော်လှန်ရေးတပ်ဖွဲ့ တစ်ဦးက Zalen ကိုပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၀ ရက်နေ့တုန်းက ထီးလင်းမြို့ပေါ်ရှိ စစ်ကောင်စီတပ် အရာရှိ ပိုင်း နဲ့ တပ်သား တွေ အားလုံး အပြောင်းအလဲပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။
ဒါ့အပြင် ကျောက်ထု အမတ ၃၆၈ တပ်ရင်း ရှိ စစ်ကောင်စီ တပ်ဖွဲ့တွေကလည်း ပန်းဆန်ကျေးရွာ အနောက်မြောက်ဘက်ကို ဒရုန်း နဲ့ ဗုံးသီး ကြဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။
အဲဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီက ဒရုန်း ၄ စီးနဲ့ ၇ ကြိမ်လာရောက်တိုက်ခိုက်ခဲ့ ပေမယ့် ထိခိုက်မှုတော့ မသိရဘူးလို့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
“မြင်းချိတ်တောင်ဘက်တွေချတာ။အရင်က လာပြီး ဗုံးကြဲတဲ့နေရာတွေပဲထပ်ကြဲတယ်။ ဒရုန်းက လေးစီး။ တစ်စီးကကင်းပတ်ရင် တစ်စီးက ချတာ။အလှည့်ကျလာပစ်ကြတာ” လို့ Zalen ကိုပြောပါတယ်။
ဒီကနေ့ ဖေဖော်ဝါရီလ ၂၃ ရက် ၁၁ နာရီ ၀န်းကျင်မှာလည်း အမတ ၃၆၈ တပ်ရင်းရှိ စစ်ကောင်စီ တပ်ဖွဲ့တွေ က အနီးအနားကျေးရွာတွေကို ဒရုန်းနဲ့ ကင်းထောက် နေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၉ ရက်နေ့တုန်းကလည်း အမတ ၃၆၈ တပ်ရင်းက ပန်းဆန်ကျေးရွာအနီး ဒရုန်းနဲ့ ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့တာကြောင့် အမျိုးသားတစ်ဦး ထိခိုက်မှု ရှိတယ်လို့ သိရပါတယ်။
သတင်း – ယောနေ















