နို၀င်ဘာ ၁၅၊ ၂၀၂၅
Zalen
ရန်ကုန်မြို့မှာ စိုက်ထူထားတဲ့ နိုင်ငံရေးပါတီမဲဆွယ်ဆိုင်းဘုတ်တွေကို ဖြိုလှဲဖျက်ဆီးတာကြောင့် လူငယ် လေးဦးကို နိုဝင်ဘာ ၁၄ ရက်မှာ ဖမ်းဆီးခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
ရန်ကုန်မြို့၊သင်္ဃန်းကျွန်းမြို့နယ်ထဲက ပြည်ခိုင်ဖြိုးပါတီ၊ ပြည်သူ့ပါတီနဲ့ ပြည်သူ့ရှေ့ဆောင်ပါတီဆိုင်းဘုတ်တွေကို နို၀င်ဘာ ၁၄ ရက်နေ့၊ မနက် ၃နာရီမှာ ဖျက်ဆီးခဲ့တာကြောင့် ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
ဖမ်းဆီးခံရတဲ့လူငယ်တွေဟာ သင်္ဃန်းကျွန်းမြို့နယ် ရန်အောင်ရပ်ကွက်နေ အသက် ၂၀ အရွယ် ရွှေလင်းဦး၊ ဗိုလ်ကံညွန့် ရပ်ကွက်နေ အသက် ၂၀ အရွယ် ခိုင်မင်းကို၊ ရန်အောင်ရပ်ကွက်နေသူ အသက် ၁၉နှစ်အရွယ် စွမ်းထက်အောင်၊ အသက် ၂၈ နှစ်အရွယ် ချစ်လင်းကို တို့ ဖြစ်ပါတယ်။
လေးထောင့်ကန်လမ်းနဲ့ ဦးဘဟန်လမ်းထောင့်ရှိ ပန်းခြံမှာ စိုက်ထူထားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ ဆိုင်းဘုတ်၊ ဗိုလ်ကံညွန့်ရပ်ကွက်ရှိ လေးထောင့်ကန်လမ်းနဲ့ ဇမ္ဗူဒိပ်လမ်းထောင့်မှ ပြည်သူ့ပါတီဆိုင်းဘုတ်၊ သုမင်္ဂလာရပ်ကွက်ရှိ လေးထောင့်ကန်လမ်းနှင့် သုမင်္ဂလာလမ်းထောင့်(ဇဝနလမ်းဆုံ)မှာ စိုက်ထူထားတဲ့ ပြည်သူ့ပါတီဆိုင်းဘုတ်နဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ ဆိုင်းဘုတ်တွေ ဖြိုလှဲဖျက်ဆီးနေတယ်လို့ သတင်းရရှိတာကြောင့် တရားခံတွေကို ဖမ်းဆီးနိုင်ရေး ဆောင်ရွက်ခဲ့တာလို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
ဖမ်းဆီးခဲ့တဲ့ လူငယ်တွေကို ရွေးကောက်ပွဲနှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ အကာအကွယ် ပေးရေးဥပဒေ ပုဒ်မ၂၄(က)နဲ့ အမှုဖွင့်ထားတယ်လို့ ဆိုပါတယ်။
အဲဒီပုဒ်မအရ ပြစ်မှုထင်ရှားရင် ထောင်ဒဏ်အနည်းဆုံး ၃ နှစ်ကနေ အများဆုံး ၇ နှစ်အထိကျခံရ နိုင်ပြီး ငွေဒဏ်လည်းချမှတ်ခံရနိုင်ပါတယ်။
ရွေးကောက်ပွဲအကာအကွယ်ပေးရေးဥပဒေကို ပြဌာန်းတဲ့ ဇူလိုင် ၂၉ ရက်စပြီး လက်ရှိအချိန်ထိ အဲဒီဥပဒေနဲ့ ဖမ်းဆီးခံရသူ ၁၀၀ နီးပါးရှိလာပြီး ထောင်ဒဏ်ချမှတ်ခံရသူတွေ ရှိနေပါတယ်။
Yuki

















