ပုသိမ်အကျဥ်းထောင် တင်းကျပ်လိုက်တဲ့အတွက် ပလက်ဝမြို့နယ်က နိုင်ငံရေးအကျဉ်းသားတွေအတွက် မိသားစုဝင်တွေ စိုးရိမ်နေ

ဖေဖော်ဝါရီလ ၆ရက်၊ ၂၀၂၅

Zalen

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ အကျဥ်းထောင် တင်းကျပ်ထားလိုက်တဲ့အတွက် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့၊ ပါးဝကျေးရွာက နိုင်ငံရေးအကျဥ်းသား ၁၉ ဦးအတွက် မိသားစုဝင်တွေက စိုးရိမ်နေကြတယ်လို့ စုံစမ်းသိရပါတယ်။

ရခိုင် – ဧရာဝတီအစပ်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြားဖြစ်ပွားတဲ့ တိုက်ပွဲကြောင်း ပုသိမ်အကျဥ်းထောင်မှာ ဒီရက်ပိုင်းတွင်း လုံခြုံရေးတင်းကျပ်ပြီး စစ်ဆေးရေးတွေ ပိုမိုတင်းကျပ်လာတယ်လို့ သိရပါတယ်။

“ကျွန်တော်တို့ ကြားရတာက အခုလိုတင်းကျပ်လိုက်တော့ ပုသိမ်ထောင်က အကျဥ်းသားတွေဟာ ကျန်းမာရေးစောင့်ရှောက်မှု၊ နေရာထိုင်ခင်းနဲ့ စားသောက်တွေခက်ခဲလာတယ်လို့ သိရတယ်။ သူတို့တွေထဲမှာ ကျန်းမာရေးမကောင်းတဲ့သူတွေရှိသလို အသက်ကြီးပိုင်းတွေလည်းရှိတယ်။အခုလိုအခြေအနေမျိုးမှာ သူတို့အတွက် အသက်အန္တရာယ် စိုးရိမ်နေရပါတယ်။” လို့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။

ပလက်ဝမြို့နယ်က နိုင်ငံရေးအကျဥ်းသား ၁၉ ဦးဟာ CDF-Paletwa နဲ့ပတ်သက်မှုရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့မှာ စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး ပုဒ်မ ၅၂ (က) နဲ့ တရားစွဲခံထားရသူတွေဖြစ်ပါတယ်။

သူတို့ထဲမှာ ထောင်ဒဏ် ၄ နှစ် နဲ့ ၃ ဦးကို ထောင်ဒဏ် ၇ နှစ်စီချမှတ်ခဲ့ပါတယ်။

စစ်ကောင်စီတပ်က ပုသိမ်မြို့မှာ စစ်ရေးပြင်ဆင်နေတဲ့အပြင် ပုသိမ်အကျဉ်းထောင်ထဲမှာလည်း အရင်ကထက် စစ်ဆေးရေးများတင်းကြပ်နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) တာဝန်ရှိသူတွေဆီက သိရပါတယ်။

“ထောင်ဝင်စာ ကန့်သတ်တာတွေရှိတယ်။ အထူးသဖြင့် နိုင်ငံရေးအကျဥ်းသားတွေဆို ပိုတင်းကျပ်ခံရတယ်။ ပြီးတော့ နိုင်ငံရေးအကျဉ်းသားတွေဟာ နေရာအခက်အခဲ၊ စားသောက်ရေးအခက်အခဲတွေ ကြုံတွေ့ နေကြရုံသာမက သောက်ရေမရရှိလို့ ချိုးရေကိုသာ သောက်သုံးနေကြရတယ်။” လို့ PPNM တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အကျဉ်းထောင်အတွင်း အကျဥ်းသားတွေ ချိုးရေကန်ဟာ ခဲဓာတ်ပါတဲ့ ရေတွေဖြစ်တာကြောင့် သက်ကြီးပိုင်း နိုင်ငံရေးအကျဉ်း သားတွေ လမ်းမလျှောက်နိုင်တဲ့ ပြဿနာကြုံနေကြရတယ်လို့ သိရပါတယ်။

ဒါ့အပြင် ကျန်းမာရေးမကောင်းတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ထောင်အာဏာပိုင်တွေက လုံလောက်စွာ ကျန်းမာရေးစောင့်ရှောက်မှုတွေလည်း မပေးတာကြောင့် ကျန်းမာရေးပိုင်း ပိုမိုခက်ခဲလာတယ်လို့ PPNM ဆီက သိရပါတယ်။

သတင်း – ခူမီး

နောက်ဆုံးရသတင်းများ

Myanmar Star မှာ ခွင့်ပြုချက်မတောင်းပဲ Raymond သီချင်းကို သီဆိုယှဉ်ပြိုင်မှုအား ရှုံ့ချတယ်လို့ Idiots အဖွဲ့ ဆို

၆ ၊ ဖေဖော်ဝါရီလ၊ ၂၀၂၅ Zalen လက်ရှိကျင်းပ လျက်ရှိတဲ့ Myanmar Star သီချင်းဆိုပြိုင်ပွဲမှာ ကွယ်လွန်သွားပြီဖြစ်တဲ့ နိုင်ငံကျော်အဆိုတော် Raymond ရဲ့ သီချင်းများကို ခွင့်ပြုချက်မတောင်းဆိုဘဲ သီဆိုယှဉ်ပြိုင်နေကြတာကို ပြင်းပြင်းထန်ထန်ရှုံ့ချတယ်လို့ Idiots အဖွဲ့က ...

ဆက်ဖတ်ရန်