၂၄၊ ဇန်နဝါရီ၊ ၂၀၂၅
Zalen
စစ်ကောင်စီက ပြဌာန်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေမှာ စစ်မှုထမ်းဖို့ အမိန့်စာဆင့်ခေါ်ခံသူတွေဟာ ပြည်ပနိုင်ငံတွေကို ထွက်ခွာခွင့်မရှိဘူးလို့ သိရပါတယ်။
စစ်ကောင်စီတပ်ဟာ ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ အသက်သွင်းခဲ့ ပြီးနောက် တစ်နှစ်နီးပါးအကြာ ၂၀၂၅၊ ဇန်နဝါရီ ၂၃ ရက်နေ့မှာ နည်းဥပဒေကို ပြဌာန်းလိုက်တာ ဖြစ်ပါတယ်။
ပြည်သူ့စစ်မှုထမ်းနည်းဥပဒေမှာ ပုဒ်မ – ၅၉ ခုပါဝင်ပြီး ပုဒ်မ – ၅၁ မှာ အမိန့်စာရရှိသူတွေဟာ ဗဟိုအဖွဲ့ရဲ့ ခွင့်ပြုချက်မရှိဘဲ ပြည်ပနိုင်ငံတွေကို ထွက်ခွာခွင့် မရှိစေရဆိုပြီး ဖော်ပြထားတာပါ။
ပုဒ်မ – ၅၀ မှာလည်း စစ်မှုထမ်းဖို့ ဆေးစစ် အောင်မြင်ပြီးသူတွေဟာ စစ်မှုထမ်းကနေ ကင်းလွတ်ခွင့်ပြုဖို့၊ စစ်မှုထမ်းကာလကို လျှော့ပေါ့ပေးဖို့၊ ရွှေ့ဆိုင်းပေးဖို့ လျှောက်ထားရင် ဗဟိုအဖွဲ့ရဲ့ ခွင့်ပြုမိန့်မရခင် ပြည်ပနိုင်ငံ တွေကို ထွက်ခွာခွင့် မရှိစေရ ဆိုပြီး ပြဌာန်း ထားပါတယ်။
ဒီနည်းပညာဥပဒေအရ စစ်မှုထမ်းရမယ့် အသက်အရွယ်ရောက်သူတွေအနေနဲ့ မှတ်ပုံတင်စာရင်းသွင်းဖို့ ဆင့်ခေါ်ချိန် ပျက်ကွက်ခဲ့ရင် သူ့ရဲ့ မိသားစုဝင်တွေပါ စုံစမ်းစစ်ဆေးခံရမှာဖြစ်သလို စစ်မှုထမ်းစာရင်းသွင်းဖို့ ပျက်ကွက်သူဟာ အများဆုံးထောင်ဒဏ် သုံးနှစ်အထိ ချမှတ်ခံရနိုင်ပါတယ်။
ဒါ့အပြင် စစ်မှုထမ်းဥပဒေဆိုင်ရာကိစ္စရပ်တွေကို အခြေခံပညာကျောင်းတွေအပါအဝင် သင်ရိုးညွှန်းတမ်းတွေမှာ ဘာသာရပ်တစ်ခုအနေနဲ့ ထည့်သွင်းသင်ကြားနိုင်ဖို့ ဆောင်ရွက်ရမယ်လို့ ဖော်ပြထားပါတယ်။
စစ်မှုထမ်းဖို့ သင်တန်းသားတွေ ခေါ်ယူပြီး သင်တန်းတွေပေးကာ တိုက်ပွဲပြင်းထန်နေတဲ့ ရှေ့တန်းစစ်မြေပြင်တွေဆီကို စေလွှတ်နေသလို လက်ရှိမှာ စစ်ကောင်စီဟာ စစ်မှုထမ်းသင်တန်း အပတ်စဉ် (၉) အထိ ရောက်ရှိနေပြီဖြစ်ပါတယ်။
Helen