Khaisa ရေးသည်။
ဘာကြောင့် တော်လှန်ရေးလုပ်သလဲဆိုတဲ့ မေးခွန်းအောက်မှာ အဓိကကျတဲ့ ဖြေရှင်းချက်တွေကတော့
၁။ တိုင်းပြည်ထူထောင်ရေး
၂။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေး
၃။ အမျိုးသားအကျိုးစီးပွားတည်ဆောက်ရေး
၄။ ပင်ကိုယ်အမျိုးသားရေးစုစည်းရေး
၅။ ကိုယ့်ကံကြမ္မာကိုယ်ပိုင်ဖန်တီးရေး
၆။ အမျိုးသားရေး၊ နိုင်ငံရေးအရ တန်းတူရေး
၇။ ဥပဒေနဲ့တရားစီရင်ရေးတို့ မှန်ကန်ရေး
၈။ လုံခြုံအေးချမ်းစွာ ရှင်သန်နေထိုင်ရေး
၉။ စီးပွားရေး၊ လူမှုရေး၊ ကိုးကွယ်ယုံကြည်မှု၊ ဓလေ့ထုံးတမ်း၊ အစဥ်အလာ၊ စာပေနဲ့ယဥ်ကျေးမှု အကာအကွယ်ပြုရေး၊ တိုးတက်စေရေး စတဲ့ အ ချက်များဖြစ်ပါလိမ့်မယ်။
ဒါတွေအားလုံးကို ခြုံငုံပြီး တစ်ချက်တည်းနဲ့ ချုပ်ရရင် ” လွတ်မြောက် ရေး” ပါပဲ။ အဘက်ဘက်က ကြပ်တည်းမှု၊ ဟန့်တားပိတ်ပင်မှု၊ ချုပ်ခြယ်တားဆီးမှု၊ အနိုင်ကျင့် နှိပ်စက်မှု၊ လူမျိုးရေးခွဲခြားမှု၊ လူ့အခွင့်အရေး မညီမျှမှု စတဲ့ မကောင်းမှု ဘက်ပေါင်းစုံကနေ လုံးဝ “လွတ်မြောက်ရေး”ပါပဲ။
ပါလီမန်ဒီမိုကရေစီ၊ ဖက်ဒရယ်ဒီမိုကရေစီ၊ ကွန်ဖက်ဒရေးရှင်း၊ ဆိုရှယ်လစ်ဒီမိုကရေစီ၊ ကွန်မြူနစ်စတဲ့ အုပ်ချပ်ရေးစနစ်တွေဟာ တိုင်းပြည်တစ်ခုအတွင်းက ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို အ ကောင်းဆုံးဖြည့်ဆည်းနိုင်မယ့် အုပ်ချုပ်ရေးစနစ်လို့ ယုံကြည်ယူဆရာကနေ ပေါက်ဖွားလာတဲ့ အုပ် ချုပ်ရေးစနစ်သာ ဖြစ်ပါတယ်။ အဲဒီအုပ်ချုပ်ရေးစနစ်တွေဟာ “ရုပ်ခန္ဓာ” သာဖြစ်ပြီး အထက်က ဖော်ပြတဲ့ အချက် (၉) ချက်ဟာ ဆဲလ်နဲ့ အတွင်းကလီစာတွေ ဖြစ်ပါတယ်။ အုပ်ချုပ်ရေးစနစ်ဟာ ပြည်သူရဲ့ ဘက်ပေါင်းစုံမှ လွတ်မြောက်ရေး “ရုပ်ခန္ဓာ” သာဖြစ်ပါတယ်။
လူသားတိုင်း၊ လူမျိုးတိုင်း၊ တိုင်းနိုင်ငံတိုင်းဟာ ကြီး ပွားတိုးတက်ချင်ကြပါတယ်။ ကြီးပွားတိုးတက်ရေးအတွက် အကျိုးစီးပွားကို ရှာဖွေတည်ဆောက်ကြရပါတယ်။ ဒါကို “အမျိုးသားအကျိုးစီးပွား”လို့ ခေါ်ကြပါတယ်။ တိုင်းပြည်တစ်ခုကို တည်ဆောက်ရာမှာ အဓိကအခြေခံက “အခွန်”ထမ်းဆောင်ခြင်းဖြစ်ပါတယ်။ ပြည်သူမှန်ရင် ပြည်သူ့အစိုးရက ဥပဒေအရ တရားဝင်သတ်မှတ်ပြဌာန်းထားတဲ့ “အခွန်” ကို ပေးဆောင်ရမှာဖြစ်ပါတယ်။ “အခွန်”ဆိုတာ ပုံစံမျိုးစုံနဲ့ သမိုင်းဦးဘုံမြေခေတ်ကတည်းက ရှိနေခဲ့ပါပြီ။ တိုင်းနိုင်ငံအစိုးရတွေဟာ ပြည်သူ့အခွန်နဲ့ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေကို စီမံဆောင်ရွက်ကြပါတယ်။ နည်းပညာ၊ သယံဇာတ၊ အနုပညာ၊ ကုန် သွယ်ရေး၊ စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်း၊ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်း၊ ရေလုပ်ငန်း၊ စက်မှုလက်မှုကုန်ထုတ်လုပ်ငန်းစတဲ့ တနိုင်တပိုင်၊ အသေးစား၊ အလတ်စားနဲ့ အကြီးစားဖြစ်တဲ့ တစ်ဦးပိုင်ကုမ္ပဏီ၊ အများပိုင်ကုမ္ပဏီ၊ နိုင်ငံပိုင်လုပ်ငန်းကအစ အခွန်ထမ်းရပါတယ်။
အဲဒီလို အခွန်အခနဲ့ တိုင်းပြည်ကို တည်ဆောက်ရာမှာ အခွန်ထမ်းပြည်သူတွေရဲ့ အလုပ်အကိုင်အခွင့်အလမ်းများစွာကို အစိုးရကနေ မူဝါဒတွေ နည်းပညာတွေနဲ့ ဖော်ဆောင်ပေးရပါတယ်။ ပြည်သူတွေ ဘက်ပေါင်းစုံမှ ဖွံဖြိုးတိုးတက်ကြီးပွားမှ အခွန်တိုး ပွားလာပြီး ဆင်းရဲချမ်းသာမှု ကွာဟချက် နည်းပါးလာမှာဖြစ်ပြီး တိုင်းပြည်တည်ငြိမ်လာမှာဖြစ်ပါတယ်။ အခွန်ထမ်းပြည်သူတွေ ဆင်းရဲတွင်းနက်လာပြီး ဆင်းရဲချမ်းသာမှု ကွာဟချက်မြင့်မားလာရင် တိုင်းပြည်ဟာ နိုင်ငံရေးပဋိပက္ခကြုံရပြီး တော်လှန် ရေးလမ်းကြောင်းပေါ် ရောက်သွားကြစမြဲပါပဲ။ ပြဿနာမျိုးစုံနဲ့ ရာဇဝတ်မှုမျိုးစုံ ထူပြောလာကာ ၊ ခြစားမှုတွေကြီးမားလာပြီး တရားစီရင်ရေးဟာ ပျက်စီးသွားရစမြဲပါပဲ။ အစိုးရတစ်ရပ်အနေနဲ့ အ ခွန်ထမ်းပြည်သူတွေရဲ့ အလုပ်အကိုင်အခွင့်အလမ်း ဘယ်လောက် ဖော်ဆောင်ပေးနိုင်သလဲဆိုတဲ့အပေါ်မူတည်ပြီး တိုင်းပြည်တစ်ခုရဲ့ နိုင်ငံရေးကံကြမ္မာကို အဆုံးအဖြတ်ပေးပါတယ်။
၂၀၂၁ နွေဦးတော်လှန်ရေးမတိုင်ခင် စပ်ကြားမှာ ချင်းပြည်အတွင်းရှိ ပြည်သူများအနေနဲ့ အခွန် ၂ နေရာမှာ အခွန်ပေးဆောင်ကြရပါတယ်။ ချင်းပြည်သူတွေ ပေးဆောင်ရတဲ့ အဖွဲ့အစည်းတွေကတော့
၁။ နိုင်ငံတော်အစိုးရ
၂။ ချင်းအမျိုးသားတပ်ဦးတို့ပါပဲ။
ဒါပေမယ့် ချင်းပြည်သူများအနေနဲ့ ချင်းအ မျိုးသားတပ်ဦးဆီ အခွန်ပေးဆောင်မှုဟာ အစိုးရထံအခွန်ပေးဆောင်ရခြင်းနဲ့ နှိုင်းစာရင် မပြောပလောက်တဲ့ အနေအထားမှာပါ။ အစိုးရထံ အခွန် ဆက်သပေးဆောင်ရခြင်းက အဆမတန်များပြားပါတယ်။ အခွန်ထမ်းချင်းပြည်သူများအနေနဲ့ ကြပ်တည်းတဲ့ ဝင်ငွေနဲ့ စီးပွားရေးအခြေအနေကြောင့် ထိုမပြောပလောက်တဲ့ အခွန်ငွေများကို ခက်ခဲစွာ ပေးဆောင်နေကြရပေမယ့် ချင်းအမျိုးသားတပ်ဦးအ ပေါ် ငြိုငြင်ခြင်း မရှိကြပါဘူး။ ချင်းအမျိုးသားတပ်ဦးအနေနဲ့လည်း ချင်းပြည်တဝှမ်းလုံးကို အခွန် ကောက်ခံနိုင်ခြင်းမရှိပါဘူး။ ချင်းပြည်လူဦးရေရဲ့အများစုဟာ ချင်းအမျိုး သားတပ်မတော် (CNA) တပ်သားများကို မမြင်တွေ့ဖူးကြပါ။ ဘာကြောင့်လဲဆိုရရင် ၂၀၂၀ အထိ ချင်းအမျိုးသားတပ်မ တော်ရဲ့ အင်အားဟာ ၃၅၀ အောက်သာ ရှိတာ
ကြောင့်ပါပဲ။ ထိုမျှသော တပ်ဖွဲ့ဝင်များအတွက် စီးပွားရေး ဆင်းရဲနုံချာလှတဲ့ ချင်းပြည်သူများရဲ့ မဖြစ်စလောက် အခွန်ငွေနဲ့ ရပ်တည်နိုင်ခဲ့ကြခြင်းဖြစ်ပြီး ပြည်ပအလှူငွေကသာ CNFအတွက် အဓိကဝင်ငွေဖြစ်ပါတယ်။
၂၀၂၁ နွေဦးတော်လှန်ရေးကာလကို ရောက်လာတဲ့အချိန်မှာတော့ ချင်းတော်လှန်ရေးအဖွဲ့အစည်းပေါင်း ၂၅ ဖွဲ့ထက်မနည်း ရှိလာပါတယ်။ ဒီ ချင်းတော်လှန်ရေးအဖွဲ့အစည်းတွေဟာ (အများအားဖြင့် ၈၀ ရာခိုင်နှုန်း) လူမျိုးစုအလိုက် ဖွဲ့စည်းထားတာဖြစ်ပြီး ၂၀ ရာခိုင်နှုန်းလောက်ပဲ မြို့နယ်ကို အခြေ ခံထားတာကို တွေ့ရမှာပါ။ ပြည်ပရောက် တော်လှန် ရေးရံပုံငွေရှာဖွေရေးအဖွဲ့တွေကလည်း မိမိနဲ့သက်ဆိုင်တဲ့ လူမျိုးစုကိုပဲ အလှူ (သို့) အခွန်ထည့်ကြပါတယ်။
ဒီအချိန်မှာ ချင်းအမျိုးသားတပ်ဦးအတွက် ထိုးနှက် ချက်ကြီး ၃ ခု ပေါ်ပေါက်လာပါတော့တယ်။ ဒါတွေကတော့ ၁။ အခွန်ဘဏ္ဍာငွေကြေးဖြာထွက်မှုကိစ္စ ၂။ အမိန့်၃။ ထိန်းချုပ်နယ်မြေကိစ္စရပ်တို့ ပါပဲ။
ဒီပြဿနာ ၃ ရပ်ကို ဖြေရှင်းနိုင်ဖို့ CJDC ကို ဖွဲ့စည်းခဲ့ပေမယ့် မအောင်မြင်ပါဘူး။ ချင်းလွှတ်တော်အမတ်နဲ့အတူ INCCC ကို ဖွဲ့စည်းတယ်။ သို့သော်လည်း CNF ကပဲ စတင်နှုတ်ထွက်သွားပြန်ပါတယ်။ နောက် Chinland Council-CC ကို ထပ်မံ ဖွဲ့စည်းခဲ့ပြန်ပါတယ်။ ဒါပေမယ့် ယခုလက်ရှိအချိန်အထိတော့ ဆက်လက်စောင့်ကြည့်ရမယ့် အနေအထားမှာ ရှိနေပါတယ်။ ချင်းပြည်ကောင်စီကို ဖွဲ့စည်းမှ အခွန်ထမ်းပြည်သူတွေ ပိုထိခိုက်သွားတာကို တွေ့ရပါလိမ့်မယ်။
ချင်းပြည်သူတွေအနေနဲ့ အခွန်ကို ၄ နေရာမှာ ပေးဆောင်ကြရမှာ ဖြစ်ပါတယ်။ ဒါတွေကတော့
၁။ ချင်းပြည်ကောင်စီ-CC
၂။ ချင်းအမျိုးသားတပ်ဦး
၃။ ဒေသန္တရတော်လှန်ရေးအဖွဲ့အစည်းများ
၄။ စကစအစိုးရ(ဒီအချိန်လူနည်းစုသာ) တို့ ဖြစ်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ-NUG သာ အခွန်ကောက်လာရင် ၅ နေရာ အခွန်ဆောင်ရမှာ ဖြစ်ပါတယ်။ အခွန်ကိစ္စဟာ နယ်မြေထိန်းချုပ်ရေးကိစ္စနဲ့ ဆက်စပ်နေပါတယ်။ နယ်မြေထိန်းချုပ်ရေးဆိုတာလဲ အုပ်ချုပ်ရေးအတွက်ဖြစ်ပါတယ်။ အုပ်ချုပ်ရေးဆိုတာလဲ အာဏာသက်ရောက်တည်ဆောက်ခြင်းအတွက် ပါပဲ။ ဒါကြောင့် အာဏာနဲ့ အုပ်ချုပ်ပြီး အာဏာနဲ့ အခွန်ကောက်ခြင်းဖက်ကို ရောက်သွားတယ်။ ပြည်သူအပ်နှင်းတဲ့ အာဏာရပ်ဟာ တရားဝင်အာဏာဖြစ်ပြီး တရားဝင်အာဏာနဲ့ ရေးဆွဲပြဌာန်းထားတဲ့ ဥပဒေသာ တရားဝင်တဲ့ ဥပဒေဖြစ်ပါတယ်။ တရားဝင်ဥပဒေနဲ့သာလျှင် ပဋိပက္ခပြဿနာကို ဖြေရှင်းနိုင်သလို ခိုင်မာပြီး အားကောင်းပါတယ်။ ကျင့်သုံးအသက်ဝင်ရာမှာလည်း အန္တရာယ်ကင်းပါတယ်။ ဒါကြောင့် အခွန်ကိစ္စရပ်ကို တရားဝင်အောင် လုပ်ဖို့ အင်မတန်အရေးကြီးလှပါတယ်။
ချင်းပြည်တွင်း အခွန်ပြဿနာရပ်နဲ့ပတ်သက်ပြီး ပဋိပက္ခပြဿနာဟာ ပိုမိုကြီးမားစရာအကြောင်းတွေ၊ အချက်အလက်တွေ တွေ့ရှိနေရပါတယ်။ တော်လှန်ရေးအဖွဲ့အစည်းများကြား တင်းမာနိုင်ခြေမြင့်တက်လျက်ရှိပါတယ်။ ဒါကို ဖြေရှင်းလျှော့ချနိုင်ဖို့ နည်းလမ်း ၃ မျိုးရှိပါတယ်။
၁။ တော်လှန်ရေးအဖွဲ့အစည်းတိုင်း နဂိုအတိုင်းသာ သီးသန့်ရပ်တည်ရေး
၂။ Chinland Council အဖွဲ့ဝင်အဖွဲ့အစည်းများအားလုံး သက်ဆိုင်ရာ အဖွဲ့ဝင်နယ်မြေများတွင် အခွန်တစ်မျိုးသာ သတ်မှတ်ရေး
၃။ ချင်းညီနောင်အဖွဲ့ဝင်များနယ်မြေတွင် Chinland Council မှ ဝင်ရောက်မစွပ်ဖက်ရေးတို့ ဖြစ်ပါတယ်။
ဒီလိုအနေအထားဆိုရင် အခွန်ထမ်းပြည်သူတွေအတွက် အခွန်ဆောင်ရမယ့်နေရာ လျှော့ကျသွားမှာဖြစ်ပါတယ်။ မကြာသေးခင်က တွေ့ရှိချက်အထောက်အထားများအရ CC အဖွဲ့ဝင်ဖြစ်တဲ့ CNF ဟာ သီးခြားအခွန်ကောက်ခံနေသလို CC အဖွဲ့ဝင်ဖြစ်တဲ့ ဒေသန္တရအဖွဲ့အစည်းတွေလည်း အခွန်ကိုသီးခြားကောက်ခံနေကြတာကို တွေ့ရပါတယ်။
ဒါဟာ CC ရဲ့ ကြီးမားတဲ့ အားနည်းချက်ဖြစ်သလို ကမ္ဘာပေါ်မှာ မရှိတဲ့ အခွန်ကောက်ခံနည်းဖြစ်ပါတယ်။ CC အဖွဲ့ဝင်များဟာ CC ရဲ့ အခွန်ကို မှီခိုရမှာ ဖြစ်သလို CC ကပဲ အခွန်ကိစ္စကို တရားဝင်ကိုင် တွယ်ရမှာဖြစ်ပါတယ်။ CC အဖွဲ့ဝင်မဟုတ်တဲ့ နယ် မြေမှာတော့ အခွန်ကောက်ခံလို့မရပါဘူး။ ချင်းညီ နောင်ကလည်း CC အဖွဲ့ဝင်တွေနယ်မြေမှာ အခွန် ကောက်လို့မရပါဘူး။ ကောက်ခံရင် ပဋိပက္ခကို ဖန် တီးဖိတ်ခေါ်တာပဲ ဖြစ်ပါလိမ့်မယ်။
တော်လှန်ရေးအဖွဲ့အစည်းများအနေနဲ့လည်း ပြည်သူကို အခွန်ကောက်ခံဖို့လောက်သာ တွေးပြီး ပြည်သူရဲ့ အလုပ်အကိုင်အခွင့်အလမ်းကို မဖန်တီးပေးနိုင်ရင် ပြည်သူနဲ့ တော်လှန်ရေးအဖွဲ့အစည်းများကြား ကြီး မားတဲ့ ပဋိပက္ခကြုံလာနိုင်ပါတယ်။ ပြည်သူလူထုရဲ့ ထောက်ခံအားပေးမှု ကျဆင်းလာပြီး ပြည်သူနဲ့ အ လှမ်းဝေးလာရင် သူပုန်ဘဝရောက်သွားကြပါလိမ့်မယ်။ ပြည်သူရဲ့ ခံနိုင်ရည်စွမ်းအားဟာ အခွန်ကိစ္စရပ်မှာ မှီတည်နေတယ်ဆိုတာ သတိပြုကြဖို့ လိုပါတယ်။ ပြည်သူ့အကျိုးစီးပွားနဲ့အခွန်ဟာ ဆက်စပ်နေသလို တော်လှန်ရေးနဲ့ ပြည်သူ့အကျိုးစီးပွားဟာလဲ ဆက်စပ်နေပါတယ်။ ပြည်သူ့ဘဏ္ဍငွေဆိုတာ အခွန်ကို ဆိုလိုခြင်းပါပဲ။
ဆင်းရဲလှပြီး အလုပ်အကိုင်အခွင့်အလမ်း လုံးဝကင်းမဲ့နေတဲ့ ချင်းပြည်ရှိ လူငယ်အများအပြားဟာ တော်လှန်ရေးနှင့် နိုင်ငံရေးကို အလေးမထား၊ စိတ်မဝင်စားရတဲ့အထိ ဖြစ်နေကြပြီး မိသားစုအရေးကိုသာ အာရုံစိုက်နေရတဲ့ အခြေသို့ ဆိုက်ရောက်ကာ ပြည်ပသို့သာ ထွက်ခွာသွားကြရပါတယ်။ မျိုးဆက်သစ်တစ်ခုရဲ့ ထက်ဝက်လောက်ဟာ ချင်းပြည် ပြည်ပကို ရောက်ရှိသွားကြတော့တယ်။ ချင်းလူဦးရေအတော်များများလည်း ပြည်ပမှာပဲ နေထိုင်ကြတော့တယ်။ ဒါကြောင့် ချင်းပြည်ရှိ ချင်းလူဦးရေဟာ ၆ သိန်းပြည့်ဖို့ ဆယ်စုနှစ်များစွာ ကြာမြင့်နေရတာဖြစ် ပါတယ်။ မြန်မာပြည်အစိုးရအဆက်ဆက်ဟာ ချင်းပြည်မှာ စက်ရုံတစ်ခုတလေတောင် မတည်ဆောက်လိုကြဘူး။ စက်ရုံမရှိတော့ အလုပ်အကိုင်အခွင့်အလမ်းက ဘယ်ရှိပါတော့ မလဲ။ ယုတ်စွဆုံး ကောလိပ်၊ တက္ကသိုလ်တစ်ခုလေးဆောင် မဆောက်ပေးသလို ကျန်းမာရေးစောင့်ရှောက်မှုအတွက် ဘက်စုံခွဲစိတ်ကုသနိုင်မယ့် အဆင့်မီဆေးရုံတစ်ခုတောင် မပေးပါဘူး။ ချင်းပြည်သူတွေရဲ့ ပညာရေးနဲ့ ကျန်း မာရေးကိစ္စ ၂ ခုတည်း အတွက်နဲ့တင် ချင်းပြည်ဝင်ငွေများအားလုံးဟာ ပြည်မသို့သာ စီးဝင် ကုန်ပြီး ချင်းပြည်မှာ လည်ပတ်ငွေပင် မကျန်တဲ့ အ နေအထားမှာ သံသရာလည်နေရတယ်။ ဒါကြောင့် အခွန်ထမ်း ချင်းပြည်သူရဲ့ လူနေမှုဘဝဟာ တိုး တက်လာခြင်းမရှိ ပြည်ပမှ ဝင်ငွေများသည် ပြည်မဗမာလူမျိုး ကြီးပွားရေးအတွက်သာ ဖြစ်နေပါတယ် ။ အခွန်ထမ်း ချင်းပြည်သူများရဲ့ အခွန်ပေးဆောင်မှုဟာ လျှော့ကျသွားခြင်းမရှိသည်သာမက တိုးလို့သာ ရှိနေပါတယ်။ ဒါကလည်း ဗမာအာဏာရှင်တွေရဲ့ အကျိုးစီးပွား သွေးစုပ်မှု နည်းတစ်မျိုးပါပဲ။ ကမ္ဘာပေါ်တွင် တက္ကသိုလ်မရှိသည့် ပြည်နယ်အဖြင့် နှစ်ပေါင်းများစွာ စံချိန်တင်နိုင်ခဲ့ပါတယ်။ ချင်းတွေဟာ ရင်နာရကောင်းမှန်းသိခဲ့ကြရပေမယ့် တော်လှန်ရကောင်းမှန်းတော့ အရေးမသာခဲ့ကြရရှာပါဘူး။
ကမ္ဘာ့ကျူးကျော်စစ်တွေ၊ ကိုလိုနီနယ်ချဲ့မှုတွေကို လေ့လာရင် စျေးကွက်၊အခွန်၊ သယံဇာတ၊ ကုန် ကြမ်းတွေကို အဓိက ပစ်မှတ်ထားကြတာသာ ဖြစ်ပါတယ်။ မြန်မာပြည်တွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (EAO) တွေရဲ့ နယ်မြေလုအငြင်းပွားမှုတွေကို လေ့လာရင်လဲ စီးပွားရေးနဲ့သယံဇာတထွက်ရာ၊ လူဦးရေနဲ့ စီးပွားရေးဇုံတွေ၊ စစ်ရေးဗျူဟာအရ အချက်ကျတဲ့နေရာတွေသာ ဖြစ်ပါတယ်။ ဘာပဲ ပြောပြော အခွန်များများရနိုင်မှ ရပ်တည်လို့ရမယ်ဆိုတာပါပဲ။ ဒါကြောင့် နယ်မြေလုနေကြတာပဲ။ နယ်မြေဘယ်လောက်ပဲ ကျယ်ပြန့်ကြီးမားနေပါစေ လူမရှိ၊ သယံဇာတမထွက်ရင် ဘာအတွက် လုယူနေကြမလဲ။ လူသားအရင်းအမြစ်ဟာ အခွန်အင်အား၊ ကာကွယ်ရေးအင်အား၊ စျေးကွက်အင်အား၊ လုပ်သားအင်အားဖြစ်တာကြောင့် လုနေကြရတာပါပဲ။ ပဋိပက္ခဖြစ်နေကြတာပဲ။ တိုက်ခိုက်နေကြတာပဲ။
အခွန်နဲ့ တိုင်းပြည်တည်ဆောက်ရသလို အခွန်ကြောင့် တိုင်းပြည်ပြိုကွဲတတ်ပါတယ်။အခွန်ကြောင့် တော်လှန်ရေးလဲ အဟန့်အတားမဖြစ်ရုံမက အခန့်မသင့်ရင် ပြိုကျသွားနိုင်ပါတယ်။ဒါကြောင့် ပြည်သူကို အလေးထားရင် အခွန်ပေးဆောင်ရမယ့်နေရာ လက်ရှိ ၄ နေရာမှ ၂ နေရာအထိ လျှော့ ချနိုင်မယ့် နည်းလမ်းကို အမြန်ဆုံး ရှာဖွေကြဖို့ ဆန္ဒပြုပါတယ်။
Khaisa
5/5/2024 On Sun @ 10:19 am (In)