၃၁၊ အောက်တိုဘာ၊ ၂၀၂၄
Zalen
မှိုင်းပြပြ ချင်းတောင်တန်းပေါ် တီးတိန်မြို့နယ်က ရွာလေးတစ်ရွာမှာ မြူတွေဆိုင်းနေချိန် ကလေးတွေရဲ့ စာဖတ်၊ စာအံသံတွေ ကြားနေရပါတယ်။
မီးရှို့ခံရပေမယ့် မီးသိပ်မလောင်ပဲ ကျန်ခဲ့တဲ့ အကျွင်းအကျန် အဆောက်အဦးတစ်ခုထဲမှာ စာသင်နေကြတာပါ။
အာဏာမသိမ်းခင်မှာ ဒေါ်ခိုင်ခိုင်ဟာ အလယ်တန်းပြဆရာမ အနေနဲ့ သူ့ရဲ့ ဇာတိရွာမှာ တာ၀န်ထမ်းဆောင်နေခဲ့ပါတယ်။
အာဏာသိမ်းချိန်မှာတော့ CDM လှုပ်ရှားမှုမှာ ပါ၀င်ပြီး အာဏာရှင်ခုခံတော်လှန်ရေး ဆန္ဒပြမှုတွေမှာ ပါ၀င်ခဲ့ပါတယ်။
အခုတော့ ချင်းတောင်ပေါ်က ကျေးရွာလေးမှာ ကိုယ်ထူကိုယ်ထနဲ့ ကလေးငယ်တွေကို ဦးဆောင်ပြီး စာသင်ကြားပေးနေသူပါ။
” ပင်ပန်းဆင်းရဲမှုတွေ အများကြီးပေါ့၊ စိတ်မလုံခြုံမှုတွေရှိတယ်၊ စိတ်တအား ပင်ပန်းတဲ့အခါမျိုးတွေလည်း ရှိလာတယ်။ ဒါပေမယ့် ကိုယ်ရွေးချယ်ခဲ့တဲ့ လမ်းကို လုံး၀ နောင်တမရဘူး။ “
ချင်းပြည်နယ်က ကျေးရွာတွေ တော်တော်များများမှာ စာသင်ကျောင်းတွေ ပိတ်ထားရပြီး ကလေးငယ်တွေဟာ စာသင်ကြားခွင့်မရကြတော့ပါဘူး။
ဒါကြောင့် ၂၀၂၂ ခုနှစ်မှာတော့ ဒေါ်ခိုင်ခိုင်ဟာ သူရဲ့ရွာမှာ ကိုယ်ထူကိုယ်ထ စာသင်ကျောင်းလေး လုပ်ပြီး ကလေးတွေကို စာသင်ကြားပေးနေတာ အခုချိန်ထိ ဖြစ်ပါတယ်။
ဒီစာသင်ကျောင်းကို အခက်အခဲတွေကြားကပဲ အကြိမ်ကြိမ်ရုန်းကန်ပြီး ဆက်လည်ပတ်နေရတာလို့ ဒေါ်ခိုင်ခိုင်က ဆိုပါတယ်။
” ကိုယ်ထူကိုယ်ထ ဆိုတဲ့ အတိုင်းပဲ၊ ပုံနှိပ်စာအုပ်က၊ ဗလာစာအုပ်အစ လောက်ငှတာမရှိဘူး။ ပုံနှိပ်စာအုပ်တွေဆို ကလေးတွေကို နှစ်ယောက်၊ သုံးယောက် တွဲကြည့်ခိုင်းရတယ်။ မိဘတွေကလည်း မတတ်နိုင်ကြဘူးလေ၊ ကိုယ်မှ မသင်ပေးရင် ကလေးတွေကို ကျောင်းတက်နိုင်မှာ မဟုတ်ဘူး။ “
၂၀၂၃ ခုနှစ်ကုန်ပိုင်းမှာ စစ်ကောင်စီနဲ့ ချင်းတော်လှန် ရေးတပ်ဖွဲ့တို့ တိုက်ပွဲတွေကြောင့် စာသင် ကျောင်းဟာ လက်နက်ကြီးထိမှန်လို့ ပျက်စီးခဲ့လို့ ပြန်လည်ပြုပြင်ခဲ့ရပါတယ်။
၂၀၂၄ ခုနှစ်၊ ဇွန် ၂၁ ရက်နေ့မှာတော့ တီးတိန်မြို့ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီက အဲဒီရွာကလေးကို ရွာလုံးကျွတ် မီးရှို့ ဖျက်ဆီးခဲ့ပါတယ်။
စာသင် ကျောင်း အပါအ၀င် အဆောက်အဦး သုံးဆယ်ကျော် မီးလောင်ပြာကျခဲ့ပါတယ်။
မီးလောင်ပြာကျသွားတဲ့ နေအိမ်တွေထဲ ဒေါ်ခိုင်ခိုင် ရဲ့ နေအိမ်လည်း ပါသွားပါတယ်။ မိဘတွေနဲ့အတူ နေထိုင်တဲ့ အသက် ၃၄ နှစ်အရွယ် သူမအတွက် ဒီဆုံးရှုံးမှုဟာ ကြီးမားတဲ့ ဆုံးရှုံးမှု တစ်ခုပါ။
” ကိုယ် စုဆောင်းပြီး ဆောက်တဲ့ အိမ်လေး ပါသွားတော့လည်း နှမြောတာပေါ့၊ ကိုယ်တိုင် ကြုံဖူးမှ ခံစားချက်ကို နားလည်တာ။ တစ်နိုင်ငံလုံးလည်း ဒီလို ဖြစ်နေတယ်၊ ကိုယ်တစ်ယောက်တည်းပဲ မဟုတ်ဘူး၊ အားတင်းထားရမယ် ဆိုတဲ့ စိတ်နဲ့ပဲ နေတယ်။ အိမ်လည်း ပြန်မဆောက်နိုင်သေးဘူး။ လစာလည်း မရဘူး၊ စာသင်ရတာ တစ်ဖက်ဆိုတော့ အပြင်အလုပ်ကိုလည်း ကောင်းကောင်းမလုပ်နိုင်ဘူး။ “
စာသင်ကျောင်း မီးလောင်တဲ့အထဲမှာ ကျောင်းသုံးပစ္စည်းတွေ အကုန် မီးထဲပါ သွားတာကြောင့် အခက် အခဲတွေကြားကပဲ စာသင်ဖို့ ပြန်လုပ်ခဲ့ရတယ်လို့ ပြောပါတယ်။
ကလေးတွေရဲ့ ကျောင်း သုံးစာအုပ်တွေနဲ့ ပုံနှိပ်စာအုပ်တွေအတွက် ငွေချေးငှားပြီး ၀ယ်ယူကာ စာသင်ကြားပေးနေတယ်လို့ ဆိုပါတယ်။
” အခု တစ်ခါက ဘာမှ ပြန်မရတော့ဘူး၊ ကျောင်းသုံးပစ္စည်းတွေကို အကုန် ပျက်စီးသွားတယ်။ ပုံနှိပ်စာအုပ်တွေ ၀ယ်ဖို့ သူများဆီး ပိုက်ဆံချေးပြီး ၀ယ်ပေးထားတယ်၊ လောလောဆယ်တော့ ပြန်မဆပ်နိုင်သေးဘူး။ ကိုယ့်ဘာသာပဲ ပြန်ဆပ်ရမှာပေါ့၊ မိဘတွေက သိပ်မပြေလည်ကြဘူးလေ။ “
၎င်းရဲ့ရည်မှန်းချက်က ကလေးတိုင်းစာဖတ်တတ်၊ ရေးတတ်ရမယ်ဆိုတာပါပဲ။ အစတုန်းက ကလေးတွေဟာ စာနဲ့အလှမ်းဝေးလို့ ကြိုးကြိုးစားစားသင်ပြနေရပေမယ့် အခုတော့ အားလုံးတိုးတက်လာကြလို့ ဆရာမဟာ ပီတိဖြစ်လို့ ကျေနပ်နေပါတယ်။
တောင်ပေါ်ရွာကလေးရဲ့ ဆောင်းရာသီဟာ အေးလွန်တာ ကြောင့် ကလေးတွေဟာ အအေးဒဏ်ကို အံ့တုရင်း စာသင်နေရတာကြောင့် စာသင်ကျောင်းဆောင် တစ်ခု ဆောက်နိုင်ဖို့ ဒေါ်ခိုင်ခိုင် မျှော်လင့်နေပါတယ်။
မှတ်ချက်- လုံခြုံရေး အရ ဆရာမရဲ့ အမည်ကို လွဲထားပြီး လေ ကြောင်းရန် ကြောင့်ကျေးရွာရဲ့ အမည်ကို ဖော်ပြထားခြင်း မရှိပါ။
Helen