မတ်၂၆ ၊ ၂၀၂၆
Zalen
ချင်းပြည်နယ်မြောက်ပိုင်း ဖလမ်းမြို့နယ်မှာ ဘိန်းစိုက်ပျိုးမှုရှိနေတယ်လို့သတင်းရရှိတာကြောင့် ယခုလိုဘိန်း စိုက်ပျိုးမှုကိုလုံးဝတားမြစ်လိုက်တယ်လို့ CNO/CNDF က ဒီကနေ့ထုတ်ပြန်ထားပါတယ်။
ဖလမ်းမြို့နယ်အတွင်း ဘိန်းစိုက်ပျိုးမှုများ ရှိနေခြင်းအပေါ် CNO/CNDF ကအထူးစိတ်မကောင်းဖြစ်ရပြီး စိုက်ပျိုးသူများနဲ့နောက်ကွယ်မှ ကြိုးကိုင်နေသူများကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချတယ်လို့ဆိုပါတယ်။
ဒီလိုဘိန်းစိုက်ပျိုးတဲ့နေရာများဟာ ဖလမ်းမြို့နယ်အတွင်း မတည်ငြိမ်မှုကို အခွင့်ကောင်းယူပြီး ကိုယ်ကျိုးအတွက် သာကြည့်၊ တော်လှန်ရေးကိုပေါ်ယံသာလုပ်တဲ့ တော်လှန်ရေးတပ်ဖွဲ့များရဲ့နယ်မြေကို အကာအကွယ်ယူပြီး စိုက်ပျိုးနေကြခြင်းဖြစ်တယ်လို့ သတင်းရရှိကြောင်းဖော်ပြထားပါတယ်။

တိုင်းပြည်မငြိမ်မသက်ဖြစ်လို့ စားဝတ်နေရေး အခက်အခဲများကြောင့် အသက်မွေးဝမ်းကျောင်း ရှာဖွေခြင်းဖြစ်ရင်လည်း မျိုးဆက်သစ်များကို ပျက်စီးစေနိုင်သည့် ဘိန်းစိုက်ပျိုးခြင်းထက် အခြားသော အသက်မွေးဝမ်းကျောင်း လုပ်ငန်းများကိုသာ ပြောင်းလဲလုပ်ကိုင်ကြဖို့နဲ့ ဖလမ်းမြို့နယ်အတွင်း ဘိန်းစိုက်ပျိုးခြင်း ကို လုံးဝခွင့်မပြုကြောင်းဖော်ပြထားပါတယ်။
ဒါ့ကြောင့်လက်ရှိမှာ ဘိန်းစိုက် စိုက်ပျိုးထားသူများအနေဖြင့် ယနေ့ထုတ်ပြန်ချက် ထွက်ပေါ်လာသည့်နေ့မှစပြီး မိမိတို့ရဲ့ ဘိန်းစိုက်ခင်းများကို ကိုယ်တိုင်ဖျက်ဆီးပစ်ရန်နဲ့ နောက်နောင်မှာ လုံးဝထပ်မံမစိုက်ပျိုး ကြဖို့ တားမြစ်လိုက်ပါတယ်။
တားမြစ်ချက်ထုတ်ပြန်တဲ့ရက်ကစပြီး ဘိန်းစိုက်ပျိုးသူများနဲ့ ပတ်သက်ဆက်နွှယ်သူ မည်သူ့ကိုမဆို ငွေဒဏ် သို့မဟုတ် ထောင်ဒဏ်များဖြင့် အရေးယူသွားမှာဖြစ်ပြီး ဒီကိစ္စမှာ မည်သည့်အဖွဲ့အစည်းရဲ့ ကြားဝင်စွက်ဖက်မှုကိုမှလက်ခံသွားမှာမဟုတ်ဘဲ နှောင့်ယှက်သူများရှိလာရင်လည်း လျစ်လျူရှုမှာမဟုတ်ဘူး လို့ ထုတ်ပြန်ထားတာဖြစ်ပါတယ်။
သတင်း – Mickey
#ချင်းပြည်နယ်#ဖလမ်းမြို့နယ်#ဘိန်းစိုက်ပျိုးမှု#တားမြစ်#CNO/CNDF#Zalen

















