မင်းတပ်မှာ CB နဲ့ အေအေတို့ ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ဆိုတဲ့ သတင်းအမှား

အောက်တိုဘာ ၉၊ ၂၀၂၄။

Zalen

ချင်းပြည်နယ်၊ မင်းတပ်မြို့မှာ Chin Brotherhood (CB) နဲ့ အာရက္ခတပ်တော်(အေအေ) တို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့တယ်လို့ စစ်ကောင်စီဝါဒဖြန့်ချီသူ Kyaw Swar အမည်ရှိ တယ်လီဂရမ်ချယ်နယ်က အောက်တိုဘာလ ၂ ရက်နေ့က ရေးသားဖော်ပြထားပါတယ်။

Subscriber ၁၈၇,၉၃၀ ကျော်ရှိတဲ့ Kyaw Swar တယ်လီဂရမ်ချယ်နယ်က “မင်းတပ်မြို့မှာရှိတဲ့ တပ်မတော် စခန်းတွေကို မနိုင်မှန်းသိသိကြီးနဲ့ တိုက်ဖို့ကြံနေတာက ချင်းညီနောင်ဆိုတဲ့ကောင်တွေနဲ့ AA အကြမ်းဖက်ခွေးတွေပဲ။  အဲဒီတော့ တပ်မတော်စခန်းတွေကို လာတိုက်လို့မနိုင်ဘဲ ပြန်ထွက်ပြေးရတဲ့အချိန်မှာ တပ်မတော်စစ်ကြောင်းတွေ မလိုက်နိုင်အောင် မင်းတပ်မြို့မှာရှိတဲ့ ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အကြမ်းဖက်ကောင်တွေက မီးရှို့ပြီးထွက်ပြေးသွားကြတာ။ အဲဒါကို သိသိကြီးနဲ့ တပ်မတော်က မီးရှို့ပါတယ်ဆိုပြီး ရေးထားတာကြီးကတော့ အရမ်းအောက်တန်းကျလွန်းပါတယ်ကွာ။”လို့ ရေးသားဖော်ပြထားပါတယ်။

အဲ့ဒီ သတင်းကို အောက်တိုဘာလ ၇ ရက်၊ ညနေ ၉ နာရီအချိန်အထိ ဝင်ရောက်ဖတ်ရှူသူ ၄၄,၂၀၀ ကျော်၊ Reaction ပေးသူ ၆၆၃ နဲ့ မှတ်ချက်ရေးသားသူ ၁၅ ခု ရှိပါတယ်။

 မူရင်းလင့်ခ်

Kyaw Swarhttps://t.me/kyawswar49111/16986

Kyaw Swar ရဲ့ မူရင်းသတင်းကို Capitain Ko thet အမည်ရှိ တယ်လီဂရမ်ချန်နယ်ကလည်း ကူးယူပြီး ပြန်လည်ဖော်ပြထားပါသေးတယ်။

သတင်းလင့်ခ်

Capitain Ko thet https://t.me/captainkothet/21580

စိစစ်တွေ့ရှိချက်

__________

Zalen Fact -Checking Team က စိစစ်တဲ့အခါ မင်းတပ်မြို့မှာ ချင်းညီနောင်အဖွဲ့ဝင် (CB) နဲ့ အာရက္ခတပ်တော်(အေအေ)တို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့တာ မတွေ့ရှိရပါ။

လွတ်လပ်တဲ့ ဒေသတွင်း ချင်းမီဒီယာတွေဖြစ်တဲ့ Khonumthung Burmese၊ Chin World နဲ့ Zalen တို့က အောက်တိုဘာလ ၁ ရက်နေ့က မင်းတပ်မြို့ရှိ အရပ်သားနေအိမ်တွေကို စစ်ကောင်စီက မီးရှို့တယ်လို့ ရေးသားဖော်ပြထားပါတယ်။

မူရင်းသတင်းလင့်ခ်

Khonumthung Burmesehttps://www.facebook.com/share/p/nLWhfCon9m9bZz7i/

Chin Worldhttps://www.facebook.com/share/p/NcUpFhnF9Ee5UmXz/

Zalenhttps://www.facebook.com/share/p/EZFe7fobaPVhaFbN/

မင်းတပ်မြို့က အရပ်သားနေအိမ်တွေကို မီးရှို့ဖျက်ဆီးခြင်းမရှိဘဲ စစ်ကောင်စီက ပြည်သူတွေနဲ့ မိမိတို့ တော်လှန်ရေးအဖွဲ့စည်းကို အထင်မြင်လွဲမှားအောင် တမင်ဖန်တီးပြီး မီးရှို့ခြင်းဖြစ်တယ်လို့ ချင်းညီနောင်အဖွဲ့ဝင်ဖြစ်သလို ဒေသခံကာကွယ်ရေးတပ်လည်းဖြစ်တဲ့ ချင်းကာကွယ်ရေးတပ်(မင်းတပ်) တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

၎င်းက “ကျွန်တော် အရပ်သားတွေနေအိမ်တွေကို မီးရှို့ရလောက်အောင် အကြောင်းကိစ္စလည်း မရှိဘူး။ ပြီးတော့ မင်းတပ်မှာ တိုက်ပွဲကြီးကြီးမားမားဖြစ်တာလည်း မရှိသေးဘူး။ ရံဖန်ရံခါ ပစ်ခတ်မူ အနည်းငယ်ဖြစ်တာလောက်ဘဲ ရှိတယ်။ ဒါကြောင့် တိုက်ပွဲတွင်း နေအိမ်မီးလောင်တဲ့အထိလည်း မရှိသေးဘူး။ မင်းတပ်မြို့ပေါ်မှာ အရပ်သားနေထိုင်ခြင်း မရှိတာကို အခွင့်ကောင်းယူပြီး စစ်ကောင်စီက အရပ်သား နေအိမ်မီးရှို့ပြီး ပြည်သူတွေနဲ့ CDF-Mindat တို့ကြား အထင်မြင်လွဲမှားအောင် တမင်ဖန်တီးတာဖြစ်တယ်။”လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ ချင်းပြည်နယ်မှာ တစ်မြို့ပြီး တစ်မြို့ လက်လွတ်ဆုံးရှုံးလိုက်ရတဲ့အတွက် မင်းတပ်မြို့ကို ချင်းတော်လှန်ရေးတပ်ဖွဲ့တွေ မတိုက်ခိုက်နိုင်ရေးနဲ့ မြို့ပျက်စီးစေရေးအတွက် အရပ်သားနေအိမ်တွေကို တမင်ရည်ရွယ်ပြီး မီးရှို့တာလို့ ချင်းနိုင်ငံရေးလေ့လာသူတစ်ဦးက ပြောပါတယ်။

၎င်းက ” မင်းတပ်မြို့သိမ်း တိုက်ပွဲသတင်း ကျယ်ကျယ်ပြန့်ပြန့် ထွက်လာသလို၊ CDF ဘက်ကလည်း ပစ်ခတ်မူပြုလုပ်လာတဲ့အတွက် စစ်ကောင်စီက မင်းတပ်မြို့ကို CDF ဘက်ကနေ တိုက်လို့မရအောင်၊ မတိုက်ရဲအောင် မြို့အားလုံးစုံ ပျက်စီးဖို့ လုပ်နေတာဖြစ်တယ်။ ပြောချင်တာက မင်းတပ်မှာ တိုက်ပွဲဖြစ်လို့ မြို့ပျက်စီးသွားတယ်ဆိုတာကို စစ်ကောင်စီက ဖန်တီးတာဖြစ်တယ်။ အဲ့ဒီအတွက် CDF ဘက်က မီးရှို့တာ မဟုတ်ဘဲ စစ်ကောင်စီက အရပ်သားနေအိမ်တွေ ပစ်မှတ်ထား မီးရှို့တာဖြစ်တယ်။”လို့ ၎င်းက ဆိုပါတယ်။

မင်းတပ်မြို့က အရပ်သားနေအိမ်တွေကို ချင်းညီနောင်အဖွဲ့ (CB)နဲ့ အာရက္ခတပ်တော်(AA)တို့က မီးရှို့ခြင်းမဟုတ် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မီးရှို့ခြင်းဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

၎င်းက “အောက်တိုဘာလ ၁ ရက်နေ့ မနက်ပိုင်းမှာ CDF – Mindat နဲ့ စစ်ကောင်စီတို့ တိုက်ပွဲဖြစ်တယ်။ စစ်ကောင်စီဘက်က အထိနာများလို့ ညနေပိုင်းမှာ အရပ်သား နေအိမ်တွေ မီးရှို့တယ်။ တစ်ဖက်မှာလည်း သူတို့ပစ်ကွင်းရှင်းရေးအတွက် နေအိမ်တွေ မီးရှို့တာဖြစ်တယ်။ အဲ့ဒီမတိုင်ခင်ကလည်း စစ်ကောင်စီက အရပ်သားနေအိမ်တွေ တောက်လျှောက်မီးရှို့တယ်။ “လို့ ဆိုပါတယ်။

သုံးသပ်ချက်

_______

Kyaw Swar အမည်ရှိ တယ်လီဂရမ်ချယ်နယ်ဟာ စစ်ကောင်စီ ထောက်ခံအားပေးတဲ့ တယ်လီဂရမ်ချန်နယ်တစ်ခုဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပတ်သက်လို့ မဟုတ်မမှန်သတင်းတွေ ရေးသားဖော်ပြနေတာ တွေ့ရပါတယ်။ သတင်းအမှားဖြစ်ကြောင်းစစ်ဆေးထားတာကို အောက်ဖော်ပြပါလင့်ခ်တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

https://www.facebook.com/share/v/LtLZ5XMArBCZGMio

အထက်ပါ သက်ဆိုင်ရာ အဖွဲ့အစည်းတာဝန်ရှိသူ၊ ဒေသခံပြည်သူနဲ့ ချင်းနိုင်ငံရေးလေ့လာစောင့်ကြည့်သူတို့ရဲ့ ပြောဆိုချက်အရ မင်းတပ်မှာ အရပ်သားနေအိမ်တွေ မီးရှို့ခံရတဲ့ သတင်းမှာ မှန်ကန်ပြီး ချင်းညီနောင်အဖွဲ့ (CB)နဲ့ အာရက္ခတပ်တော် (အေအေ)တို့က မီးရှို့ဆိုတဲ့ အချက်လက်မှာ မှားယွင်းနေပါတယ်။

စာဖတ်ပရိသတ်အနေဖြင့်လည်း အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတွေကို ချက်ချင်းမယုံကြည်ဘဲ ဒေသတွင်း ယုံကြည်စိတ်ချပြီး လွတ်လပ်တဲ့ သတင်းဌာနတွေမှာ လေ့လာဖတ်ရှုဖို့ တိုက်တွန်းချင်ပါတယ်။

Zalen စာဖတ်ပရိသတ်အနေဖြင့်လည်း ဒေသတွင်း သတင်းတု၊ သတင်းမှားဟု ယူဆရတဲ့ သတင်းတွေကို Zalen လူမှုကွန်ရက်စာမျက်နှာ Facebook Chat Box ကနေတဆင့် သတင်းရဲ့ Links (သို့) Screen Short ပုံပေးခြင်းဖြင့် စစ်ဆေးနိုင်ပါတယ်။

နောက်ဆုံးရသတင်းများ

ချင်းလူမျိုးနဲ့ အေအေ တို့ကြား အငြင်းပွားမှုကို ပိုမြင့်တက်လာအောင် စစ်လော်ဘီတွေက လုပ်ဆောင်ခဲ့ဟုဆို

အောက်တိုဘာလ ၁၀ရက်၊ ၂၀၂၄ Zalen ချင်းပြည်နယ်မှာ ချင်းလူမျိုးနဲ့ အာရက္ခတပ်တော် (အေအေ) တို့ကြား အငြင်းပွားမှုကို ပိုမြင့်တက်လာအောင် စစ်လော်ဘီတွေက လုပ်ဆောင်ခဲ့တယ်လို့ ဉာဏ်လင်းသစ်သုတေသနအဖွဲ့က အောက်တိုဘာ ၅ရက်နေ့က အစီရင်ခံစာထုတ်ပြန်ပါတယ်။ အဲ့ဒီ အစီရင်ခံစာထဲမှာ ပလက်ဝမြို့နယ်ရှိ ...

ဆက်ဖတ်ရန်