မတ် ၂၆၊ ၂၀၂၆
Zalen
ချင်းပြည်နယ် မတူပီမြို့တွင် လေကြောင်းတိုက်ခိုက်မှုအန္တရာယ် မြင့်တက်လာနေသဖြင့် မတ်လ ၂၄ ရက်မှစပြီး လမ်းကြောင်းအားလုံးကို MRO/CDF–Matupi မှ အကန့်အသတ်မရှိ ယာယီပိတ်ထားကြောင်း ဒေသခံများထံမှ သိရပါတယ်။

သတင်းပေါက်ကြားမှုများကြောင့် စစ်ကောင်စီဘက်မှ လေကြောင်းတိုက်ခိုက်မှုများ ပြင်းထန်လာနိုင်သည်ဟု ယူဆထားပြီး လုံခြုံရေးအတွက် အရေးပေါ်ဆုံးဖြတ်ချက်အဖြစ် ယာဉ်ဝင်ထွက်တာကို တားမြစ်လိုက်ခြင်း ဖြစ်သည်ဟု ဆိုပါတယ်။
“မတူပီမှာ ဗုံးကြဲတာက သတင်းပေါက်ကြားမှုကြောင့်ဖြစ်တယ်လို့ သုံးသပ်ထားပါတယ်။ အဲ့သတင်း ပေါက်ကြားတာကလည်း ကုန်ကားသမားတွေဆီက ယူဆလို့ ယာယီပိတ်လိုက်တဲ့ သဘောပါ”လို့ MRO/CDF-Matupi နဲ့ နီးစပ်သူတဦးက ပြောပါတယ်။
လမ်းပိတ်ထားမှုကြောင့် ကုန်စည်သယ်ယူပို့ဆောင်ရေး လုံးဝနီးပါးရပ်တန့်သွားပြီး စျေးကွက်အတွင်း ကုန်ပစ္စည်းလက်ကျန် လျော့နည်းလာကာ ကုန်စျေးနှုန်းများလည်း ချက်ချင်းမြင့်တက်လာခဲ့ပြီး ဒေသခံများ အနေဖြင့် စားနပ်ရိက္ခာရှားပါးမှု ဖြစ်ပေါ်လာနိုင်ခြေကို စိုးရိမ်နေကြပါတယ်။
“လက်ရှိ ကုန်အဝင်တွေ ရပ်တန့်ပြီး ဆိုင်တချို့လည်း ကုန်စည်တွေ နည်းပါးလာပြီ။ ကုန်စျေးနှုန်းတွေလည်း အရင်ရက်တွေထက် ချက်ချင်းတက်သွားတယ်”လို့ မတူပီမြို့နယ်ဒေသခံတဦးက ပြောပါတယ်။
မတူပီမြို့နယ်ဟာ အခြေခံကုန်ပစ္စည်းများအတွက် ပြင်ပဒေသများကို အဓိက အားကိုးနေရသဖြင့် လမ်းပိတ်မှု ဆက်လက်ကြာရှည်ပါက ဆန်၊ ဆီ၊ ဆားကဲ့သို့ အခြေခံလိုအပ်ချက်များ ပြတ်လပ်နိုင်ပြီး ကျန်းမာရေးနဲ့ လူမှုရေး ဆိုင်ရာ အရေးပေါ်အခြေအနေများတွင်လည်း သွားလာခက်ခဲမည့် အခြေအနေကို ရင်ဆိုင်နေရပါတယ်။
သတင်း-ဆလိုင်း
ဓာတ်ပုံ-လူမှုကွန်ယက်
#မတူပီမြို့#လေကြောင်းအန္တရာယ်#လမ်းများ #ယာယီပိတ် #MRO/CDF–Matupi #Zalen

















