အောက်တိုဘာ ၉၊ ၂၀၂၅
မလေးရှားနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒါတိုဝ် စရီ အူတာမာ ဟာဂျီ မိုဟာမတ် ဘင် ဟာဂျီ ဟာဆန် ဟာ ဒီနေ့ အောက်တိုဘာလ ၉ ရက်နေ့မှာ မြန်မာပြည် နေပြည်တော်သို့ ၁ရက်တာ လုပ်ငန်းခရီးစဉ်အဖြစ် သွားရောက် ခဲ့တယ်လို့ မလေးရှားသတင်းတွေမှာ ဖော်ပြကြပါတယ်။
အဲဒီခရီးစဉ်ဟာ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လမှာ ကျင်းပခဲ့တဲ့ (၅၈) ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ အစည်းအဝေးရဲ့ ဆုံးဖြတ်ချက် အရ သွားရောက်တာဖြစ်တယ်လို့ သိရပါတယ်။
မလေးရှားနိုင်ငံဟာ ၂၀၂၅ ခုနှစ်အတွက် အာဆီယံ ဥက္ကဋ္ဌ ရာထူးကို ရယူထားပြီး နိုင်ငံခြားရေးဝန်ကြီး ဟာဆန် ဟာ အာဆီယံရဲ့ ငြိမ်းချမ်းရေး ၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုရန် ရည်ရွယ်၍ သွားရောက်တာဖြစ်ပါတယ်။
ခရီးစဉ်အတွင်း နိုင်ငံခြားရေးဝန်ကြီးဟာ စစ်ကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဝန်ကြီးချုပ်နဲ့ အမျိုးသားစီမံကိန်းဝန်ကြီး ဦးညိုစော တို့ တွေ့ဆုံမယ်လို့ သိရပါတယ်။
ဒါ့အပြင် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ နဲ့လည်း တွေ့ဆုံဆွေးနွေးဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
တွေ့ဆုံမှုမှာ အာဆီယံ ဘုံသဘောတူညီချက် (၅) ရပ် ကို အပြည့်အဝ နဲ့အဓိပ္ပာယ်ပြည့်ဝစွာ အကောင်အထည်ဖော်ဖို့၊ အပစ်ရပ်ဆဲရေး၊ လူသားချင်းစာနာမှု အကူအညီများ အတားအဆီးမရှိ ပေးအပ်ခွင့်ပြုရေးနဲ့ မြန်မာနိုင်ငံရှိ သက်ဆိုင်သူအားလုံးနဲ့ အားလုံးပါဝင်သော ဆွေးနွေးမှုတွေ ပြုလုပ်ရေး တို့ကို အလေးပေး ဆွေးနွေးမယ်လို့ သိရပါတယ်။
မကြာမီ ပြုလုပ်ရန် စီစဉ်ထားတဲ့ မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲ ကိစ္စကိုလည်း ဆွေးနွေးဖို့ မျှော်လင့်ထားပါတယ်။
မလေးရှားအစိုးရက ရွေးကောက်ပွဲကို လက်ရှိမှာ ဦးစားပေး မဟုတ်ဘဲ ငြိမ်းချမ်းရေးကိုသာ အာရုံစိုက်ရန် တိုက်တွန်းထားပါတယ်။
မလေးရှားနိုင်ငံ အစိုးရဟာ လက်ရှိ အခြေအနေကို မြန်မာနိုင်ငံပိုင်ဆိုင်ပြီး မြန်မာနိုင်ငံဦးဆောင်တဲ့ ဖြေရှင်းနည်းဖြင့်သာ အာဆီယံရဲ့ ထောက်ပံ့မှုဖြင့် ဖော်ဆောင်နိုင်ရေးကို ဆက်လက် အာရုံစိုက်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။
နိုင်ငံခြားရေးဝန်ကြီးနဲ့အတူ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ ဥက္ကဋ္ဌရဲ့ အထူးသံတမန် တန်စရီ အော့စ်မန် ဟာရှင်မ် လည်း လိုက်ပါသွားတယ်လို့ မလေးရှားသတင်းတွေမှာ ဖော်ပြကြပါတယ်။
ကိုးကား-မလေးရှာင်းသတင်း
သတင်း-ခူမီး