ဇွန် ၂၁၊ ၂၀၂၅။
Zalen
မလေးရှားနိုင်ငံမှာ ဖမ်းဆီးခံရတဲ့ မြန်မာဒုက္ခသည်တွေကို အာဏာပိုင်တွေက နှိပ်စက်ညှဥ်းပန်း အကြမ်းဖက်ခံနေရတယ်လို့ လူ့အခွင့်ရေးအဖွဲ့ဖြစ်တဲ့ Fortify Rights က ဇွန်လ ၁၈ ရက်နေ့က အစီရင်ခံစာ ထုတ်ပြန်ထားပါတယ်။
ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒုက္ခသည်အများအပြားဟာ အာဏာပိုင်တွေရဲ့ ရိုက်နှက်တာ၊ ဖိစီးမှုအနေအထားတွေ၊ ကိုယ်လုံးတီးချွတ်ခံရတာတွေနဲ့ အကျဉ်းထောင်ထဲမှာ အခြေခံလိုအပ်ချက်တွေ မရရှိတာတွေ ခံနေရတယ်လို့ ဆိုပါတယ်။
မလေးရှားအာဏာပိုင်တွေရဲ့ နှိပ်စက်ညှဉ်းပန်းတွေနဲ့ အကြမ်းဖက်မှုတွေကို ကိုယ်တိုင်ခံခဲ့ရတဲ့ ကာယကံရှင်နဲ့ မျက်မြင်သက်သေ ၁၇ ဦးတို့ကို တွေ့ဆုံမေးမြန်းထားပြီး မွတ်ဆလင်၊ ရခိုင်၊ ဗမာ၊ မွန်နဲ့ ကချင် စတဲ့ ဒုက္ခသည်တွေပါတယ်လို့ Fortify Rights က ပြောပါတယ်။
“ငါလည်းထောင်ကျတုန်းက အထိုးခံရတယ်။ ပါးရိုက်ခံရတယ်။ အခုအချိန်ထိနားတစ်ဖက်နာနေတုန်းပဲ အရိုက်ခံရတယ်။ ထောင်ထဲမှာ ဖုန်းတစ်ခါ ဆက်ဖို့ ၁၅မိနစ်ကို မလေးရှား Rm ၃၀၀ ပေးရတယ်။”လို့ ကိုယ်တိုင်ကြုံတွေ့ရတဲ့ ချင်းအမျိုးသားတစ်ဦးက လှုမှုကွန်ရက်ပေါ်မှာ ရေးသားထားပါတယ်။
ဒုက္ခသည်တွေအပေါ် အကြမ်းဖက်မှုနဲ့ အရှက်တရားတွေကို အသုံးချတာဟာ ဥပဒေမဲ့ဖြစ်ပြီး လူမဆန်တဲ့ လုပ်ရပ်လို့ Fortify Rights မှ လူ့အခွင့်အရေးဆိုင်ရာ အထူးကျွမ်းကျင်သူ Yap Lay Sheng က ပြောကြားထားပါတယ်။
ဆက်ပြီး ” လုံခြုံမှုနဲ့ အကာအကွယ်ကိုလိုအပ်နေတဲ့ ဒုက္ခသည်ကို မလေးရှားအာဏာပိုင်တွေက အစုလိုက်အပြုံလိုက်ဖမ်းဆီးမှု၊ ခွဲခြားဆက်ဆံမှုနဲ့ ညှင်းပန်းနှိပ်စက်မှုတွေကို တွေ့နေရပါတယ်။”လို့ Yap Lay Sheng က ဆိုပါတယ်။
ဒါ့အပြင် မလေးရှားနိုင်ငံ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR မှာ မှတ်ပုံတင်ထားတဲ့ ဒုက္ခသည်တွေဟာလည်း မလေးရှားအာဏာပိုင်အဖွဲ့တွေရဲ့ မတရားစီးနင်းဖမ်းဆီး ထိန်းသိမ်းတာခံခဲ့ရတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ အစောပိုင်းက Semenyih IDC မှာ ထိန်းသိမ်းခံခဲ့ရတဲ့ UNHCR မှတ်ပုံတင်ထားတဲ့ (၅၈) နှစ်အရွယ် မွတ်ဆလင်ဒုက္ခသည်ကို လဝက က အကျဥ်းသားတွေကို ပြစ်ဒဏ်ပေးသလို ခွေးနဲ့နှိုင်းပြီး နှိပ်စက်ခဲ့တယ်လို့ သိရပါတယ်။
အလားတူ Semenyih IDC မှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ အသက် ၂၁ နှစ်အရွယ် မွတ်ဆလင်ဒုက္ခသည်တစ်ဦးကိုလည်း စကားပြောပြီး ရေပိုတောင်းတဲ့အတွက် အနက်ရောင်ပိုက်တို့ဖြင့် ရိုက်နှက်ခံရတယ်လို့ ဆိုပါတယ်။
မလေးရှားမှာ ဒုက္ခသည်တွေ ဖမ်းဆီးခံရမှုဟာ ပိုမိုမြင့်တက်လာတယ်လို့ ဆိုပါတယ်။
ဖမ်းဆီးထိန်းသိမ်းထားတဲ့ ရွှေ့ပြောင်းနေထိုင်သူ ဒုက္ခသည်တွေကို နှိပ်စက်ညှဉ်းပန်းမှုတွေကို ရပ်တန့်ဖို့နဲ့ ဥပဒေမဲ့ ဖမ်းဆီးထိန်းသိမ်းတာတွေကို လည်း ရပ်တန့်ဖို့ Fortify Rights အဖွဲ့က မလေးရှားကို တိုက်တွန့်တောင်းဆိုထားပါတယ်။
UNHCR မှတ်ပုံတင်ထားပြီး ဖမ်းဆီးခံရတဲ့ မြန်မာဒုက္ခသည်တွေကို မလေးရှားအစိုးရက လဝက ဥပဒေဖြင့် ထောင်ချပြီး မြန်မာပြည် ပြန်လည် ပို့ဆောင်တာတွေ လုပ်ဆောင်နေဆဲဖြစ်ပါတယ်။
သတင်း-ကိုခူမီး