ဇူလိုင် ၁၄၊ ၂၀၂၅
Zalen
အိန္ဒိယနိုင်ငံ၊ မဏီပူရ်ပြည်နယ်၊ မိုးရေးမြို့သွားတဲ့ အများပြည်သူသုံး တောလမ်းတစ်နေရာမှာ ပျူစော်ထီးတွေ ကင်းချထားလို့ လမ်းသွားလမ်းလာဒေသခံပြည်သူများအခက်တွေ့နေကြတယ်လို့ ဒေသခံများစီးကသိရပါတယ်။
စစ်ကိုင်းတိုင်း၊ တမူး မြိုမ (၁၄) ချောင်းနက်ကြီးရပ်ကွက်နဲ့ မိုးရေးမြို့အနီး Govajang ကျေးရွာကြား အများပြည်သူ အသုံးများတဲ့ တောလမ်းတစ်နေရာမှာ ပျူစောထီးများက အခုရက်ပိုင်း ဂိတ်ကင်းသစ်တစ်ခု ချထားလို့ လမ်းသွားလမ်းလာ ဒေသခံပြည်သူများ စိုးရိမ်နေကြရတယ်လို့ ဒေသခံများကပြောပါတယ်။
” အခုပျူစော်ထီးတွေ ဂိတ်ချထားတဲ့နေရာက နယ်စပ်ခြံစည်းရိုးနဲ့ သိမ်မဝေးတော့ဘူး၊ အဲ့ဒီလမ်းမှာ ကင်းချထားတာ ရက်ပိုင်းပဲရှိသေးတယ်။ အရင်က ချောင်းနက်ကြီးရပ်ကွက်အဝင် ညောင်ပင်နားမှာပဲချထားတာပါ။ အခုအဲ့မှာထပ်ချထားတော့ လမ်းသွားလမ်းလာ ဈေးသည်တွေက သူတို့ဖမ်းဆီးငွေညစ်မှာ စိုးရိမ်နေကြရတယ်” လို့ အဲဒီလမ်းကို အသုံးပြုသွားလာနေတဲ့ ဒေသခံတစ်ဦးက Zalen ကိုပြောပါတယ်။
တမူးပျူစော်ထီးများဟာ ၎င်းတို့ဂိတ်ချထားတဲ့ မြို့ပြင်ရပ်ကွက် အဝင်ဂိတ်တွေမှာ ခရီးသွားပြည်သူများနဲ့၊ လမ်းသွားလမ်းလာ ဒေသခံပြည်သူများကို စစ်ဆေး မေးမြန်းပြီး မသင်္ကာရင် ဖမ်းဆီးငွေညစ်တာ၊ အကြောင်းမဲ့ သတ်ဖြတ်တာမျိုး ပြုလုပ်နေကြလို့ ဒေသခံများက လူသူကင်းတဲ့ သူတို့ဂိတ်တွေကို ဖြတ်သွားရမှာကို စိုးရိမ်နေကြတာဖြစ်ပါတယ်။
” အဲဒီလမ်းက မိုးရေးမြို့ အနီးက Govajang ရွာကိုပေါက်တယ်။ အဲမှာ အိန္ဒိယက နယ်စပ်စည်းရိုး ဂိတ်ကြီး ကားဆိုင်ကယ်ဝင်လို့ရအောင်ဖွင့်ထားလို့ သွားရလာရတာ အဆင်ပြေတယ်။ ကျန်တဲ့နေရာက လူပဲဝင်လို့ရတာ။ မြို့မ (၁၄) ချောင်းနက်ကြီး ရပ်ကွက် အတွက်ပေါ့ဗျား။ ပျူစော်ထီးတွေက ဂိတ်ကင်းချထားတာ မကြာသေးဘူး။ အဖမ်းအဆီးရှိတယ်လို့ကြားနေရပြီ။ အထူးသဖြင့် လူငယ်တွေတွက် ပိုစိုးရိမ်ရတယ်” လို့လည်း နောက်ထပ် ဒေသခံတစ်ဦးက ပြောပြပါတယ်။
တမူး မြို့မ (၁၄) ချောင်းနက်ကြီး နဲ့ Govajang ကြားလမ်းဟာ တမူးမြို့မြောက်ဘက်ရှိ ဒေသခံပြည်သူများအတွက် ရာသီပေါ်သီးနှံနဲ့ အသေးစားကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ဖို့ အဓိကအားထားရတဲ့လမ်းလည်းဖြစ်ပါတယ်။
သတင်း/ဓာတ်ပုံ – တမူးနွေဦး
ပုံစာ – မိုးရေးမြို့၊ Govajang ကျေးရွာနဲ့ တမူး၊ ချောင်းနက်ကြီးရပ်ကွက်ကြားက နယ်စပ်ခြံစည်းရိုးအားတွေ့ရစဉ်။