မီဇိုရမ်ကမြန်မာစစ်ဘေးရှောင် ၁၉၀၀ ကျော်ရဲ့ဇီဝအချက်အလက်များကောက်ယူပြီ

၁၁၊ ဩဂုတ်လ၊ ၂၀၂၅

Zalen

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အတွင်းရှိမြန်မာစစ်ဘေးရှောင် ၃၂၀၀၀ ကျော်အနက် ၁၉၀၀ ကျော်ရဲ့ဇီဝအချက် အလက်များကိုကောက်ယူနိုင်ပြီလို့ ဒေသတွင်းသတင်းများကဖော်ပြထားပါတယ်။

အဆိုပါ အချက်အလက်ကောက်ယူမှုကို မီဇိုရမ်ပြည်နယ်ထဲက ခရိုင် ၁၁ ခုအနက် တစ်ချို့ကပြီးခဲ့တဲ့ ဇူလိုင်လ ၂၈ ရက်မှာ စတင်ခဲ့ကာ တစ်ချို့က ဇူလိုင်လ ၃၀ နဲ့ ၃၁ ရက်တို့မှာစတင်ခဲ့ကြတာဖြစ်တယ်။

Zalen ad

အဆိုပါလုပ်ငန်းစဉ်အတွင်း အခက်အခဲများကြုံတွေ့နေရပြီး စက်ချို့ယွင်းမှု နဲ့ အင်တာနက်လိုင်း ချို့ယွင်းမှုတို့ ကြောင့် ထင်သလောက်မမြန်ဆန်နိုင်ဘူးလို့ဆိုပါတယ်။ ဒါ့အပြင် စစ်ဘေးရှောင်စခန်းမှာ အစုလိုက်နေထိုင်သူ များရဲ့ အချက်အလက်ကောက်ယူဖို့ကလွယ်ကူပေမယ့် တစ်ချို့မှာ မိဘတွေဆီမဟုတ်ဘဲတစ်ခြားမြို့များမှာ ကျောင်းတက်နေသူများ၊ မြို့တွင်းမှ အိမ်ဌားနေထိုင်သူများရှိကြလို့ အချက်အလက်ကောက်ယူတာနှောင့်နှေးနေ တယ်လို့ဆိုပါတယ်။

ဒီလိုမျိုးအချက်အလက်ကောက်ယူရာမှာ လူတစ်ဦးချင်းစီရဲ့ အချက်အလက်များကိုကောက်ယူတာဖြစ်ကြောင်း၊ ဘာကြောင့်ကောက်ယူနေတယ်ဆိုတာကို အတိအကျမပြောကြောင်း လောင်တလိုင်မြို့၊ Chanmary ရပ်ကွက်ရှိ ချင်းစစ်ဘေးရှောင်တစ်ဦးကပြောပါတယ်။

“ပြီးခဲ့တဲ့အပတ်ထဲကပဲ ရပ်ကွက်အတွင်းလော်စပီကာနဲ့အော်ပြီးတော့ အိမ်ဌားနေထိုင်သူတွေကို ကျေးရွာ ကောင်စီ (Village Council ) ရုံးကိုသွားကြရတာ။ ဘာကြောင့်ကောက်တာလဲဆိုတာ အတိအကျမပြောကြဘူး။ သူတို့ကောက်ယူတာက ၊ နာမည်၊မွေးသက္ကရာဇ်၊ မိဘအချက်အလက်၊ မြန်မာပြည်က မှတ်ပုံတင်နံပါတ်တွေ။ ပြီးတော့ လက်ဗွေတွေနှိပ်ခိုင်းတယ်။ ဓါတ်ပုံရိုက်တယ် ဒါပါပဲ။ သူတို့က လုပ်ခိုင်းတော့ သွားလုပ်ရတာပါ။ ကျွန်တော်တို့အတွက် ရေရှည်ကောင်းကျိုးဖြစ်မလား၊ဆိုးကျိုးဖြစ်မလားမပြောတတ်ဘူး။”လို့ Zalen ကိုပြောပါတယ်။

ဒီကိစ္စဟာ မီဇိုရမ်ပြည်နယ် အစိုးရရဲ့အစီအစဉ်ထက် ဗဟိုအစိုးရက ဖိအားပေးလုပ်ဆောင်ခိုင်းတာဖြစ်ကြောင်း၊ ဒီလိုအချက်အလက်ကောက်ယူတာဟာ စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲအတွက် အထောက်အကူပြုဖို့ လည်းဖြစ်နိုင်ကြောင်း နာမည်မဖော်လိုတဲ့ လောင်တလိုင်ခရိုင်အရပ်ဘက်အဖွဲ့အစည်းခေါင်းဆောင်တစ်ဦးက သုံးသပ်ပါတယ်။

“ အစကတော့ ဒီအချက်အလက်တွေကို မီဇိုရမ်အစိုးရကမကောက်ယူဖို့ပြောပါသေးတယ်။ နောက်တော့ စကား ပြန်ပြောကြရင်း အခုလိုဖြစ်လာတာ။ အိန္ဒိယ ဗဟိုအစိုးရက စစ်ဘေးရှောင်တွေကို တရားဝင်ဒုက္ခသည်တွေအဖြစ် အသိအမှတ်ပြုတာမျိုးမရှိဘူးလေ။ အသိအမှတ်လည်းမပြုဘဲနဲ့အခုလိုအချက်အလက်ကောက်ယူတာက ဘာအတွက်လည်းစဉ်းစားစရာဖြစ်နေတယ်။ လာမယ့်နှစ်ကုန်ပိုင်းမှာ မြန်မာစစ်အစိုးရက ရွေးကောက်ပွဲကျင်းပ ဖို့ ရှိတယ်ဆိုတော့ အိန္ဒိယနဲ့ မြန်မာစစ်အစိုးရကြားနီးစပ်တဲ့ဆက်ဆံရေးတွေရှိနေပြန်တော့ ဒီဟာနဲ့ပတ်သက်မှုရှိနိုင် တယ်လို့သုံးသပ်တယ်ပေါ့။”လို့ ပြောပါတယ်။

လက်ရှိမှာ မြန်မာစစ်ဘေးရှောင်အများဆုံးနေထိုင်တဲ့ ကျန်ဖိုင်ခရိုင်ထဲမှာ စက်ချို့ယွင်းမှုရှိတာကြောင့် စစ်ဘေးရှောင် ၇ ဦးရဲ့အချက်အလက်ကိုသာကောက်ယူနိုင်ပြီး စက်အသစ်ကိုအိုင်ဇောလ်မြို့ကိုပြန်မှာ နေကြောင်း၊ ဒီအပတ်ကုန်ပိုင်းမှာပြန်ကောက်ယူမှာဖြစ်ကြောင်းနဲ့ ကျန်ဖိုင်ခရိုင်ထဲမှာ မြန်မာစစ်ဘေးရှောင် ၁၃၅၀၀ ကျော်နေထိုင်နေကြောင်းသိရပါတယ်။

လက်ရှိမှာ မီဇိုရမ်ပြည်နယ်ထဲက Aizawl ခရိုင်၊ Lawngtlai ခရိုင်၊ Mamit ခရိုင်၊ Siaha ခရိုင်၊ Kolasib ခရိုင် Serchhip ခရိုင်၊ Lunglei ခရိုင် ၊ Champhai ခရိုင်၊ Saitual ခရိုင်၊ Khawzawl ခရိုင်, နဲ့ Hnahthial ခရိုင် စတဲ့ ခရိုင် ၁၁ ခုထဲမှာ မြန်မာ စစ်ဘေးရှောင် ၃၂၀၀၀ ကျော်နေထိုင်လျက်ရှိပါတယ်။

သတင်း – Mickey

ပုံအညွှန်း – လောင်တလိုင်ခရိုင်မှာ မြန်မာစစ်ဘေးရှောင်များဇီဝအချက်အလက်ကောက်ယူစဉ်

ဓါတ်ပုံ – လူမှုကွန်ယက်

နောက်ဆုံးရသတင်းများ

လေးလအတွင်း တိုက်ပွဲတွေမှာ CDF KKG တပ်စုမှူးအပါအဝင် ၁၂ ဦး ကျဆုံး

ဇန်နဝါရီ ၁၆၊ ၂၀၂၆ Zalen စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်းက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ ချင်းကာကွယ်ရေးတပ် ကလေး- ကဘော်- ဂန့်ဂေါ (CDF KKG ) အဖွဲ့ရဲ့ တပ်စုမှူး အပါအ၀င် ရဲဘော် ၁၁ ...

ဆက်ဖတ်ရန်