မီဇိုရမ်၊ ဆိုက်ဟားခရိုင်က ပလက်ဝစစ်ဘေးရှောင်တွေ နေရပ်ပြန်ဖို့ဖိအားပေးခံနေရ

ဖေဖော်ဝါရီလ ၃ရက်၊ ၂၀၂၅

Zalen

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ဆိုက်ဟားခရိုင်၊ ခေခုံကျေးရွာနဲ့ လုံပူးကျေးရွာမှာ နေထိုင်တဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆင်အိုးဝအုပ်စုမှ စစ်ရှောင်ပြည်သူတွေကို နေရပ်ပြန်ဖို့ ဖိအာပေးခံနေရတယ်လို့ စစ်ဘေးရှောင်တွေဆီက သိရပါတယ်။

အဲဒီစစ်ဘေးရှောင်တွေကို နေရပ်ပြန်ဖို့နဲ့ နေရပ်ပြန်မလာပါက ပျက်စီးနေတဲ့အိမ်တွေ၊ အိမ်ယာတွေ ဖျက်ဆီးမယ်လို့ အာရက္ခတပ်တော်(အေအေ)နဲ့ မရာလဲန်းကာကွယ်ရေးတပ်(MDF)တို့ ခန့်အပ်တဲ့ ဆင်အိုးဝအုပ်စု အုပ်ချုပ်ရေးမှူးက ဖိအားပေးတာလို့ သိရပါတယ်။

“ပြီးခဲ့လက အုပ်ချုပ်ရေးမှူးက ပြန်လာကြဖို့ စာနဲ့အကြောင်းကြားတာပါ။ပြန်မတဲ့သူတွေအနေနဲ့ ရွာထဲမှာရှိတဲ့ ပျက်စီးနေတဲ့ကိုယ့်အိမ်တွေ ဖြိုဖျက်ဖို့၊ မဟုတ်ရင် အုပ်ချုပ်ရေးမှူးတွေနဲ့ရွာသားတွေက ဖြိုဖျက်ဆီးမယ်လို့ အကြောင်းကြားစာထဲမှာပါတယ်။” လို့ ဆင်အိုးဝစစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။

အခုလို ဖိအားပေးခံနေရတဲ့အတွက် စစ်ဘေးရှောင်တချို့ဟာ ပြန်လာကြသူတွေရှိသလို တချို့က လေကြောင်းရန်ကြောင့် ပြန်မလာရဲသေးဘူးလို့ သိရပါတယ်။

“ပြန်လာတာက ဟုတ်ပါပြီ။ လေကြောင်း ဗုံးကြဲတိုက်ခိုက်ရင် ဘယ်သူတာဝန်ယူပေးမလဲပေါ့။ လေကြောင်းရန်အတွက် သူတို့ဘယ်လို ကာကွယ်ပေးနိုင်မလဲ။ ဘယ်လိုပြင်ဆင်ပေးမလဲ။ စိတ်ချရတဲ့အခြေအနေမျိုးမှာ ရှိပြီးလာပေါ့။ တကယ်ပြည်သူတွေအသက်ကို ကာကွယ်ပေးနိုင်ရင် ကျွန်တော်တို့လည်း ပြန်လာဖို့အသင့်ပါ။” လို့ အထက်ပါ ဆင်အိုးဝစစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။

လက်ရှိမှာ ဆင်အိုးဝအုပ်စုက စစ်ဘေးရှောင်တွေဟာ ဆိုက်ဟားခရိုင်၊ လုံပူးကျေးရွာမှာ အိမ်ထောင်စု ၁၄၅ စုနဲ့ ခေခုံကျေးရွာမှာ အိမ်ထောင်စု ၇၈ စုနေထိုင်တယ်လို့ သိရပါတယ်။

သူတို့တွေဟာ ပလက်ဝမြို့နယ်မှာဖြစ်ပွားတဲ့ တိုက်ပွဲကြောင့် ၂၀၂၂ ခုနှစ်ကတည်းက အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ဆိုက်ဟားခရိုင်မှာ ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင်တွေဖြစ်ပါတယ်။

သတင်း – ခူမီး

နောက်ဆုံးရသတင်းများ

ကလေးမြို့မှာ စစ်ကောင်စီက လမ်းကျိုလမ်းကြားထိ စစ်မှုထမ်းဖို့ အတင်းအဓမ္မဖမ်းဆီးလာ

၃၊ ဖေဖော်ဝါရီလ၊ ၂၀၂၅ Zalen စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ဇန်နဝါရီ ၂၇ရက်နေ့ကနေ ဖေဖော်ဝါရီ ၂ ရက်နေ့အထိ တစ်ပတ်အတွင်းမှာ လူငယ် အမျိုးသား သုံးဆယ်ထက်မနည်း စစ်မှုထမ်းသင်တန်းတက်ဖို့ အတင်းအဓမ္မဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေနဲ့ မျက်မြင်တွေက ပြောပါတယ်။ ...

ဆက်ဖတ်ရန်