ဇန်နဝါရီ ၂၁၊ ၂၀၂၆။
Zalen
မြန်မာ-ထိုင်းနယ်စပ်၊ မဲဆောက်မြို့မှာ ထိုင်းရဲကို လက်နက်ရောင်းဝယ်လုပ်တဲ့ မြန်မာနိုင်ငံသား ၂ဦးက ပစ်ခတ်ပြီး ထွက်ပြေးသွားတယ်လို့ မဲဆောက်ရောက်မြန်မာတွေဆီက သိရပါတယ်။
အဲဒီပစ်ခတ်ခံရတဲ့ ထိုင်းရဲတပ်ဖွဲ့ လှည့်ကင်းခေါင်းဆောင် ရဲတပ်ကြပ် ဆက်ဆန်ကန်ကာဟာ ပြင်းထန် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသတွင်း ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ယမန်နေ့ ဇန်နဝါရီလ ၂၀ရက် ညနေ ၅ နာရီ ၄၅ မိနစ်၀န်းကျင်မှာ မဲဆောက်မြို့၊ မယ်ကုဘက်ခြမ်းမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
“လက်နက်ရောင်းဝယ်လုပ်ဖို့ စောင့်နေတဲ့ မြန်မာလူငယ်နှစ်ဦးကို ရဲတွေက စစ်ဆေးဖို့ လုပ်နေတဲ့အချိန်မှာ ပစ်ခတ်သွားတာပါ” မယ်ကုမှာ နေထိုင်တဲ့ မြန်မာတဦးက ပြောပါတယ်။
ပစ်ခတ်ခံရတဲ့ ထိုင်းရဲတပ်ကြပ် ဆက်ဆန်ကန်ဟာ မဲဆောက်ဆေးရုံမှာ ဆေးကုသမှုခံယူနေရပြီး သူဟာ သွေးထွက်လွန်၍ သွေးသွင်းနေရတယ်လို့ သိရပါတယ်။
သေနတ်ပစ်ခတ်တဲ့ မြန်မာလူငယ်၂ဦးကိုလည်း ဖမ်းဆီးနိုင်ရေးအတွက် ထိုင်းရဲတပ်ဖွဲ့တွေက လိုက်လံရှာဖွေဖို့ တပ်ဖွဲ့တခု ဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။
ပြည်သူတွေနဲ့အနေနဲ့ သေနတ်သမားကို တွေ့ရှိပါက ၎င်းတို့ဟာ သေနတ်ပါတာကြောင့် ချည်းကပ်မှု မလုပ်ဖို့၊ ဘေးကင်းရာ ထွက်ပြေးဖို့၊ သက်ဆိုင်ရာ အကြောင်းကြားဖို့ကိုလည်း ထိုင်းရဲတွေက အကြံပြု ညွှန်ကြားထားပါသေးတယ်။
လက်ရှိမှာ သံသယရှိသူ မြန်မာလူငယ်တစ်ဦးကို ဖမ်းဆီးရမိတယ်လို့ သိရပါတယ်။
သတင်း-ဆလိုင်း
ဓာတ်ပုံ-လူမှုကွန်ယက်
#ထိုင်း#မဲဆောက်#သေနတ်#Zalen

မဲဆောက်မြို့မှာ ထိုင်းရဲကို မြန်မာနှစ်ဦးက ပစ်ခတ်ပြီး ထွက်ပြေး















