မတ် ၃၀၊ ၂၀၂၆
Zalen
မီဇိုရမ်ပြည်နယ်၊ လုံးလေခရိုင်၊ လုံးလေမြို့ကနေ မြန်မာပြည်ဘက်ကိုပို့ဆောင်မယ့်စက်သုံးဆီများကို ခရိုင်ရဲ တပ်ဖွဲ့က မတ်လ ၂၈ ရက်နေ့မှာဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။
လုံးလေခရိုင်အုပ်ချုပ်ရေးမှူးက ပြီးခဲ့တဲ့ မတ်လ ၂၀ ရက်နေ့မှာ လုံးလေခရိုင်မှတစ်ဆင့် စက်သုံးဆီများအား မြန်မာ နိုင်ငံအပါအဝင်အခြားသောအိမ်နီးချင်းနိုင်ငံများသို့ရောင်းချတင်ပို့ခြင်းကို တားမြစ်လိုက်ပြီးနောက် ယခုလို ဖမ်းဆီးခံရတာလို့သိရပါတယ်။
လုံးလေမြို့၊ AOC ရပ်ကွက်ရှိ ၊ Mizo Fed Filling Station စက်သုံးဆီဆိုင်ကနေ မြန်မာနိုင်ငံဘက်ကိုတင်ပို့ဖို့ ဝယ်ယူထားတဲ့ စက်သုံးဆီများကိုဖမ်းဆီးခဲ့ခြင်းဖြစ်ပါတယ်။

ဖမ်းဆီးထားတဲ့ စက်သုံးဆီများဟာ ဓါတ်ဆီ ၁၆၀၀ လီတာ နဲ့ ဒီဇယ် ၄၀၀ လီတာတို့ဖြစ်ကြတယ်လို့သိရပြီး SK Truck တစ်စီး နဲ့ Pick Up ကားတစ်စီးတို့ဖြင့်မြန်မာပြည်ဘက်ကိုတင်ပို့ဖို့ လုပ်ဆောင်နေတာလို့သိရပါတယ်။
လုံးလေခရိုင်အုပ်ချုပ်ရေးမှူးက ဒေသတွင်းပြည်သူများ စက်သုံးဆီလုံလောက်မှုရှိစေရန် ဒီတားမြစ်ချက်ကို ထုတ်ပြန်ထားခြင်းဖြစ်ပြီး ပြည်သူတစ်ချို့က အဆိုပါတားမြစ်ချက်ကို အလေးထားခြင်းမရှိဘဲ လုပ်ဆောင် နေကြကြောင်း၊ ဒါ့ကြောင့် ဒီတားမြစ်ချက်ဖောက်ဖျက်သူများကို ပုဒ်မ ၂၃ ( The Petroleum act 1934 ) နဲ့ ပုဒ်မ ၁၆၃ ( BNSS 2023 ) အရအရေးယူသွားမှာဖြစ်ကြောင်းသိရပါတယ်။
မြန်မာနိုင်ငံအတွင်း မတရားအာဏာသိမ်းမှုဖြစ်ပြီးနောက် ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်နေရာတစ်ချို့ဟာ ဒေသတွင်းလိုအပ်တဲ့ စက်သုံးဆီ၊ အခြေခံစားသောက်ကုန်နဲ့ ဆေးဝါးများကို မီဇိုရမ်ပြည်နယ်ဘက်ကနေ အဓိက တင်သွင်းနေရတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၈ ရက်ကနေစတင်ခဲ့တဲ့ အရှေ့အလယ်ပိုင်း ပဋိပက္ခများကြောင့် ကမ္ဘာဆီစျေးကွက် မြင့်တက်လာတာနဲ့အညီ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှာလည်း ယခုလို စက်သုံးဆီနဲ့ပတ်သက်တဲ့ တားမြစ် ချက်များထွက်ပေါ်လာတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၀ ရက်နေ့မှာလည်း ရှာဟာခရိုင်အုပ်ချုပ်ရေးမှူးက ဒေသတွင်းကနေတစ်ဆင့် မြန်မာနိုင်ငံသို့ စက်သုံးဆီတင်ပို့ခြင်းကိုတားမြစ်ခဲ့ပါတယ်။
သတင်း – Mickey
ပုံအညွှန်း – လုံးလေမြို့မှာဖမ်းဆီးခဲ့တဲ့ စက်သုံးဆီများ
ဓါတ်ပုံ – လူမှုကွန်ယက်

















