မြန်မာနိုင်ငံသားတွေအတွက် TPS ဖျက်သိမ်းမယ့်အစီအစဉ်ကို အမေရိကန်တရားရုံးက ယာယီရပ်ဆိုင်း

ဇန်နဝါရီ ၂၄၊ ၂၀၂၆
Zalen
အမေရိကန်မှာ နေထိုင်နေတဲ့ မြန်မာနိုင်ငံသားတွေ
အတွက် ပေးထားတဲ့ ယာယီနေထိုင်ခွင့် (TPS – Temporary Protected Status) ကို ဖျက်သိမ်းမယ့်အစီအစဉ်ကို အမေရိကန်ဖက်ဒရယ်တရားရုံးက ယာယီရပ်ဆိုင်း လိုက်ပါတယ်။

ဇန်နဝါရီ ၂၃ ရက်နေ့မှာ ဖက်ဒရယ်တရားသူကြီး Matthew F. Kennelly က ယာယီရပ်ဆိုင်းဖို့ အမိန့်ချမှတ်ခဲ့တာ ဖြစ်ပြီး TPS ကို ချက်ချင်းရပ်ဆိုင်းမယ့်အစီအစဉ်ကို လောလောဆယ် မလုပ်နိုင်တော့ပါဘူး။

အရင်က အမေရိကန် အမိမြေလုံခြုံရေးဌာန (DHS) က မြန်မာနိုင်ငံသားတွေ အတွက် TPS ကို ၂၀၂၆ ဇန်နဝါရီ ၂၆ ရက်မှာ သက်တမ်းကုန်မှာဖြစ်ပြီး နောက်ထပ် သက်တမ်းမတိုးပေးတော့ဖို့ ၂၀၂၅ခုနှစ်နိုဝင်ဘာ ၂၄ ရက်မှာ ဆုံးဖြတ်ထားခဲ့တာပါ။

ဒါပေမယ့် အခုတော့ တရားရုံးက အဲဒီဆုံးဖြတ်ချက်ကို မေးခွန်းထုတ်လိုက်တာ ဖြစ်ပါတယ်။

Zalen ad

တရားသူကြီး Kennelly ရဲ့ သုံးသပ်ချက်အရ
TPS ဖျက်သိမ်းဖို့ ဆုံးဖြတ်တဲ့‌နေရာမှာ ဥပဒေအရ လိုအပ်တဲ့ ဌာနတွေကြား တိုင်ပင်ဆွေးနွေးမှု မလုပ်ခဲ့တာ၊ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ဆိုးရွားနေတယ်ဆိုတဲ့ အစိုးရအစီရင်ခံစာတွေကို လျစ်လျူရှုထားခဲ့တယ်လို့ ဆိုပါတယ်။

အစိုးရအစီရင်ခံစာတွေ အရဆိုရင်မြန်မာနိုင်ငံက မြို့နယ် ၃၃၀ လောက်ထဲက ၃၂၁ မြို့နယ်မှာ အကြမ်းဖက်မှုတွေ ဖြစ်ပွားနေတယ် ဆိုတာ ထင်ရှား ပေမယ့် အဲဒီအခြေအနေတွေကို မစဉ်းစားဘဲ TPS ကို ဖျက်သိမ်းဖို့ ကြိုးစားခဲ့တာဟာ ဥပဒေအရ သေချာစိစစ်ထားတာ မရှိတဲ့ ပုံစံခွက်လုပ်ရပ်တခုသာ ဖြစ်တယ်လို့ တရားသူကြီးက ပြောကြားခဲ့ပါတယ်။

လက်ရှိအချိန်မှာ အမေရိကန်နိုင်ငံအတွင်း
TPS နဲ့ နေထိုင်နေတဲ့ မြန်မာနိုင်ငံသား ၄,၀၀၀ နီးပါး ရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၂ ရက်ကလည်း
မြန်မာနိုင်ငံသားတွေအပေါ် TPS ဖျက်သိမ်းရေး ဆုံးဖြတ်ချက်ကို ပြန်လည်စဉ်းစားဖို့အမေရိကန် အောက်လွှတ်တော်မှာ ဥပဒေကြမ်း တင်သွင်းခဲ့ပါတယ်။

လွှတ်တော်ကိုယ်စားလှယ် Bill Huizenga ကလည်း
စစ်အာဏာရှင်ကို ဆန့်ကျင်နေတဲ့ အပြစ်မဲ့ ပြည်သူတွေကို သတ်ဖြတ်နေတဲ့ စစ်တပ်ရဲ့ ရွေးကောက်ပွဲကို
အမေရိကန်အနေနဲ့ အသိအမှတ်ပြုလို့ မရဘူး လို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် အမေရိကန်မှာ တရားဝင် ခိုလှုံနေကြတဲ့ မြန်မာနိုင်ငံသားတွေကိုပြည်တွင်းစစ်ဖြစ်နေတဲ့ နေရာကို ပြန်ပို့တာဟာTPS ပေးတဲ့ အဓိကကျင့်ဝတ်နဲ့ မကိုက်ညီဘူး လို့လည်း ထုတ်ပြန်ခဲ့ပါတယ်။
သတင်း-Mary

ဓာတ်ပုံ-လူမှုကွန်ယက်

#TPS#US#မြန်မာ#Zalen

နောက်ဆုံးရသတင်းများ

စစ်ကောင်စီရဲ့ရွေးကောက်ပွဲ အပိုင်း (၃)ကို စောင့်ကြည့်ဖို့ နိုင်ငံ ၆ နိုင်ငံ ကိုယ်စားလှယ်အဖွဲ့တွေ ရောက်ရှိ

ဇန်နဝါရီ ၂၄၊ ၂၀၂၆Zalen ဇန်နဝါရီ ၂၅ ရက်နေ့ မနက်ဖြန် တနင်္ဂနွေနေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲအပိုင်း ၃ နောက်ဆုံးအဆင့်ကို လေ့လာစောင့်ကြည့်ဖို့ နိုင်ငံ ၆ နိုင်ငံက ကိုယ်စားလှယ်အဖွဲ့တွေ ရန်ကုန်ကို ရောက်ရှိလာပြီလို့ စစ်ကောင်စီက ...

ဆက်ဖတ်ရန်