မြန်မာနိုင်ငံသားများ အိန္ဒိယမှ တတိယနိုင်ငံကိုထွက်ခွာခွင့်ရဖို့ ပြည်ထဲရေးဝန်ကြီးဌာနထံ တစ်ဦးကို ရူပီး ၅ သိန်းပေးနေရ

နိုဝင်ဘာလ ၂၆ ၊ ၂၀၂၅။

Zalen

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ကိုရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသားများအနေဖြင့် တတိယနိုင်ငံကိုသွားဖို့ ဗီဇာရရှိတဲ့ နောက်ပိုင်း အိန္ဒိယကနေထွက်ခွာခွင့် ( Exit Permit ) အတွက် အသက် ပြည့်ပြီးသူတစ်ဦးမှာ ရူပီး ၅ သိန်း (ကျပ်သိန်း ၂၅၀ ခန့်)အထိ ပေးဆောင်နေရလို့ မြန်မာနိုင်ငံသားများအကျပ်အတည်းနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

ယခုလို အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာနက တောင်းခံနေမှုကို ချင်းဒုက္ခသည်ကော်မတီ အနေဖြင့် ဖြေရှင်းနိုင်ရန် ကြိုးပမ်းလျက်ရှိပြီး မီဇိုရမ်ထဲက ရဲမင်းချုပ်တစ်ဦးကိုလည်း အကူအညီတောင်းခံသွားဖို့ရှိတယ်လို့ CRC-New Delhi ဥက္ကဋ္ဌ က ပြီးခဲ့တဲ့ နိုဝင်ဘာ လဆန်းပိုင်းမှာ ကျင်းပတဲ့ ဆောင်းရာသီအားကစားပွဲတော်အစီအစဉ်တစ်ခုမှာ ပြောကြားထားပါတယ်။

Zalen ad

“Exit Permit က CRC အနေနဲ့ လောလောလတ်လတ်ဖြေရှင်းရမယ့် ပြဿနာတစ်ခုဖြစ်နေတယ်။ ဘာလို့ဆို ဗီဇာရ ပြီးသား အသက် ၁၈ နှစ်နဲ့ အထက်လူတစ်ယောက်က နိုင်ငံခြားကိုသွားမယ်ဆိုရင် ရူပီးငွေ ၅ သိန်း ပေးရပါတယ်။ ၁၈ နှစ်နဲ့အောက်ဆိုရင် ရူပီးငွေ သုံးသိန်းပေးရတယ်ပေါ့နော်။ဒါက အိန္ဒိယအစိုးရကနေတောင်းတာပေါ့နော်။” လို့ ပြောပါတယ်။

ဆက်လက်ပြီးသူက “ကျွန်မတို့စိတ်ကူးထားတာကတော့ အိန္ဒိယမှာ အောင်ဆန်းသူရိကဘွဲ့လိုမျိုးရရှိထားတဲ့ မီဇိုး လူမျိုးတစ်ယောက် ၊ ရဲမင်းကြီးဖြစ်ပြီးတော့ အိန္ဒိယပြည်ထဲရေးမှာလည်း တော်တော်လေးကို လူသိများပြီးတော့ ဩဇာသက်ရောက်မှုလည်း ရှိတယ်။ အတိုင်းအတာတစ်ခုအထိ လုပ်ပိုင်ခွင့်နဲ့ အသိအကျွမ်းလည်းရှိတယ်ပေါ့နော် ။ ကျွန်မတို့ကသူ့ကိုခေါပြီး အကူအညီတောင်းဖို့ရှိပါတယ်။ သူလာလို့ ဒီကိစ္စရာနှုန်းပြည့်အောင်မြင်မယ်ဆိုတာ မပြောနိုင်ဘူး။ UN ရုံးကိုကျွန်မတို့စာနဲ့ဖြစ်စေ လူကိုယ်တိုင်ဖြစ်စေ သွားရောက်အကူအညီတောင်းခဲ့ပေမယ့် ဘာ မှ မလုပ်ပေးလို့ အခု Third Party ကို အကူအညီတောင်းဖို့ ကနဦးဆွေးနွေးချက်တော့ရှိတယ်။” လို့ ပြောပါတယ်။

“Exit Permit ကိုဖြေရှင်းဖို့ လုပ်ဖြစ်မယ်ဆိုရင် ပထမဦးစားပေးအနေနဲ့ အဲဒီရဲမင်းချုပ်ကို အကူအညီတောင်းမှာ ဖြစ်ပြီးတော့ မီဇိုရမ်ထဲက လွှတ်တော်အမတ်တွေကိုလည်းတွေ့ဖို့ ရှိတယ်။ နောက်တစ်ခုက မီဇိုရမ် BJP ပါတီမှာ အတွင်းရေးမှူးယူထားတဲ့ သူနဲ့လည်းတွေ့ဖို့ရှိတယ်။” လို့လည်းပြောကြားထားပါတယ်။

ဒီကိစ္စတွေလုပ်ဖို့ဆိုရင် ငွေရေးကြေးရေး အကုန်ကျများမှာဖြစ်တဲ့အတွက် လက်ရှိမှာ CRC နှစ်ကုန် စာရင်းစစ် လုပ်ဆောင်နေပြီး အခြေအနေပေါ်မူတည်ပြီး လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ နယူးဒေလီရောက် ချင်းအမျိုးသားတစ်ဦးက “ကျွန်တော်တို့လည်းအစပိုင်းမှာတော့ ဩစတေးလျက်ဘက်သွားဖို့ ဒေလီကိုလာခဲ့တာဖြစ်တယ်။ ဒါပေမယ့်အခုက အသက်ပြည့်ပြီးသူ တစ်ဦးကို ရူပီး ၅ သိန်းဆိုတော့ အံ့ဩရုံကလွဲပြီးဘာမှ မတက်နိုင်ဘူးဖြစ်နေတယ်။ အခုကျွန်တော်တို့ မိသားစုမှာက အသက် ပြည့်ပြီးသူ ၄ ဦး ကလေး ၄ ဦးဆိုတော့ဘယ်လိုမှ မတက်နိုင်ဘူး။ အားလုံးအတွက်ဆို ရူပီး သိန်း ၃၂ သိန်း ဝန်းကျင် ကုန်မှာဆိုတော့ အခုအဲဒီကိုသွားဖို့လည်း လောလောဆယ်မစဉ်းစားတော့ဘူး။ အခြေအနေအပြောင်းအလဲတွေ ရှိလာရင်တော့ နောက်မှဘဲကြိုးစားဖို့ စဉ်းစားထားတယ်။” လို့ Zalen ကိုပြောပါတယ်။

လက်ရှိ နယူးဒေလီမြို့ကို တတိယနိုင်ငံထွက်ခွာနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ချင်းလူမျိုးများအပါအဝင် မြန်နိုင်ငံသား လေးထောင်ကျော်လာရောက်နေထိုင်ကြတယ်လို့ သိရပါတယ်။

သတင်း – Mickey

ပုံအညွှန်း – နယူးဒေလီရောက် မြန်မာနိုင်ငံသားတစ်ချို့အားတွေ့ရစဉ်

ဓါတ်ပုံ- CRC New Delhi

#အိန္ဒိယ#မြန်မာ#တတိယနိုင်ငံ#နယူးဒေလီ

#UN#ExitPermit #CRC#Zalen

နောက်ဆုံးရသတင်းများ

လေးလအတွင်း တိုက်ပွဲတွေမှာ CDF KKG တပ်စုမှူးအပါအဝင် ၁၂ ဦး ကျဆုံး

ဇန်နဝါရီ ၁၆၊ ၂၀၂၆ Zalen စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်းက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ ချင်းကာကွယ်ရေးတပ် ကလေး- ကဘော်- ဂန့်ဂေါ (CDF KKG ) အဖွဲ့ရဲ့ တပ်စုမှူး အပါအ၀င် ရဲဘော် ၁၁ ...

ဆက်ဖတ်ရန်