ရန်ကုန်မှာ ပလက်ဝ ချင်းစစ်ဘေးရှောင် လူငယ် နှစ်ဦး စစ်မှုထမ်းဖို့ စုဆောင်းခံရ

ဇန်နဝါရီလ ၂၉ရက်၊ ၂၀၂၅။

Zalen

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်မှာ စစ်ဘေးရှောင်တဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်က အမျိုးသားလူငယ် နှစ်ဦးဟာ စစ်ကောင်စီတပ်ရဲ့ စစ်မှုထမ်းဖို့ ဖမ်းဆီးခံရပြီး စစ်သင်တန်းကို ပို့ဆောင်ခံရတယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

သူတို့တွေဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ အာရက္ခတပ်တော် (အေအေ) နဲ့ စစ်ကောင်စီတပ်တို့ဖြစ်ပွားတဲ့ တိုက်ပွဲကြောင့် ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်မှာ ထွက်ပြေးတိမ်းရှောင်လာကြပါတယ်။

ဖမ်းဆီးခံရသူတွေဟာ အသက် ၂၇ နှစ်အရွယ်နဲ့ ၂၅ နှစ်အရွယ်ဖြစ်ပါတယ်။

အသက် ၂၇ ရွယ် စစ်ဘေးရှောင်အမျိုးသားတစ်ဦးဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ဒုတိယအပတ်က ရွှေဘိုမြို့မှာ သူရဲ့ ယောက္ခထီး နာရေးကိစ္စသွားရာမှာ ရွှေဘိုမြို့က စစ်ကောင်စီတပ်ရဲ့စစ်ဆေးရေးဂိတ်တစ်ခုမှာ ဖမ်းဆီးခံရတာဖြစ်ပါတယ်။

“အဖမ်းခံရတာ ဟုတ်ပါတယ်။ သူ့အစ်မရဲ့ယောကျ်ား အဖေ ဆုံးသွားတဲ့ နာရေးသွားတာပေါ့။ အသွားမှာပဲ အဖမ်းခံရတာပါ။ အစတော့ ဘုန်းကြီးတွေရဲ့ ညှိုနှိုင်းမှုနဲ့ ငွေကြေး ၁၅ သိန်းနဲ့ ရွေးဖို့ အဆင်ပြေသွားတယ်။ နောက်မှ စစ်သားတွေက ဖုန်းထပ်ဆက်လာပါတယ်။ စစ်သင်တန်းတက်ဖို့ တောင်ကြီးကို ပို့လိုက်ပြီတဲ့။” လို့ မိသားစုဝင်တွေနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

အလားတူ အသက် ၂၅ နှစ်အရွယ် စစ်ဘေးရှောင်အမျိုးသားတစ်ဦးကိုလည်း ဇန်နဝါရီလ တတိယအပတ်လောက်က မှော်ဘီမြို့ ရုပ်ရှင်ရုံအနားက စစ်ကောင်စီတပ်ရဲ့ စစ်ဆေးရေးဂိတ်တစ်ခုမှာ အလုပ်ကအပြန် ညဘက် ဖမ်းဆီးခံရပါတယ်။

“သူက ပန်းရံအလုပ်လုပ်တာ။ သူလုပ်တဲ့အလုပ်က စစ်တပ်ဂိတ်ကို ဖြတ်ရတယ်။ မနက်ပိုင်း ကျတော့ ဘာမှမဖြစ်ဘူးပေါ့။ အလုပ်ပြန်လာတဲ့ခါကျတော့ မှောင်သွားပြီ။ အဲ့မှာပဲ အဖမ်းခံရတာပါ။ အဖမ်းခံရတုန်းက မှော်ဘီ ဗကသကျောင်းမှာတဲ့။ စစ်သင်တန်း ခြောက်လတက်ရမယ်။ သင်တန်းပြီးရင် ထမင်းချက်ခိုင်းမယ်။ လစာရမယ်။ သုံးနှစ်ပြည့်ရင် ထွက်လို့ရတယ်ပြောတယ်။ အခုတော့ အဆက်သွယ်မရတော့ဘူး။”လို့ မိသားစုဝင်နဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

အခုလို စစ်ကောင်စီတပ်ရဲ့ စစ်မှုထမ်းဖို့ ဖမ်းဆီးမှုတွေကြောင့် မှော်ဘီ၊ ထောက်ကြန့်၊ လှိုင်သာယာ၊ မင်္ဂလာဒုံ၊ လှည်းကူး၊ တိုက်ကြီး၊ ရွှေပြည်သာစတဲ့မြို့နယ်တွေက ပလက်ဝစစ်ဘေးရှောင်တွေဟာ စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။

သတင်း-ခူမီး

နောက်ဆုံးရသတင်းများ

ZORO ဦးဆောင်မှုဖြင့် အိန္ဒိယဗဟိုအစိုးရရဲ့ နယ်စပ်အရေးအမိန့်ထုတ်ပြန်ချက်မိတ္တူကိုမီးရှို့

၂၉၊ ဇန်နဝါရီလ၊ ၂၀၂၅ Zalen မီဇိုရမ်ပြည်နယ်ရှိ အရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ZORO ဦးဆောင်မှုဖြင့် ဒီကနေ့ ဇန်နဝါရီလ ၂၉ ရက်နေ့မှာ အိန္ဒိယဗဟိုအစိုးရရဲ့ အိန္ဒိယ-မြန်မာ နယ်စပ်ခြံစည်းရိုးခတ်မဲ့အစီအစဉ်နဲ့ လွတ်လပ်စွာဖြတ်သန်းသွားလာခွင့် (FMR) ဖျက်သိမ်းတဲ့ ကိစ္စကို ကန့်ကွက်တဲ့အနေနဲ့ ...

ဆက်ဖတ်ရန်