အောက်တိုဘာ ၂၇၊ ၂၀၂၅
Zalen
စစ်ကောင်စီရဲ့ ရွေးကောက်ပွဲမှာ သုံးစွဲမယ့် ကုန်ကျ စရိတ်ကို ကျပ် သိန်း ၁၅၀ ကနေ ၃၀၀ အထိ တိုးမြှင့်သတ်မှတ်လိုက်တယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) က အောက်တိုဘာ ၂၆ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။
တရားဝင် မဲဆွယ်စည်းရုံးခွင့်ပြုတဲ့ရက်မတိုင်ခင် တစ်ရက်အလိုမှာ လွှတ်တော်ကိုယ်စားလှယ်လောင်း တွေရဲ့ ရွေးကောက်ပွဲ အသုံးစရိတ်ကို အခုလို တိုးပေးလိုက်တာပါ။
သက်ဆိုင်ရာရွေးကောက်ပွဲနည်းဥပဒေပါ ရွေးကောက်ပွဲအသုံးစရိတ် သတ်မှတ်ချက်တွေကို ပြင်ဆင်ချက်အဖြစ် တိုးမြှင့် သတ်မှတ်ပေးလိုက်ဝာာလို့ UEC က ဆိုထားပါတယ်။
ဒါအပြင် တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို အရင် ကျပ်သိန်း ၃၀၀ သာ ခွင့်ပြုထားရာကနေ ကျပ်သိန်း ၅၀၀ ထိ တိုးမြှင့်သုံးစွဲခွင့်ပြုလိုက်ပါတယ်။
လွှတ်တော်ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ရွေးကောက်ပွဲကုန်ကျစရိတ်တွေကို စနစ်တကျမှန်ကန်စွာ စာရင်းပြုစုပြီး သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေမှာ သတ်မှတ်ရက်အတွင်း တင်သွင်းရမယ်လို့ ဆိုပါတယ်။
မတင်သွင်းရင် ခုံအဖွဲ့ နဲ့စစ်ဆေးပြီး အရည်အချင်းပျက်ယွင်းသူအဖြစ် ကြေညာမယ်လို့ ရွေးကောက်ပွဲကော်မရှင်က ဖော်ပြထားပါတယ်။
၀န်ကြီးဟောင်း ဒေါ်သက်သက်ခိုင် အပါအ၀င် စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ဝင်ပြိုင်ဖို့ စာရင်းပေးသွင်းထားသူ ၈၆ ဦးကို ရွေးကောက်ပွဲဥပဒေနဲ့ ငြိစွန်းနေတာကြောင့် ကိုယ်စားလှယ်လောင်းအမည်စာရင်းကနေ ပယ်ဖျက်ခဲ့ပါတယ်။
လာမယ့် ဒီဇင်ဘာ ၂၈ ရက် စတင်ကျင်းပမယ့် ရွေးကောက်ပွဲအတွက် တရားဝင်မဲဆွယ်စည်းရုံးခွင့်ကို အောက်တိုဘာ ၂၈ ရက်ကနေ ဒီဇင်ဘာ ၂၆ ရက်ထိ ရက်ပေါင်း ၆၀ သတ်မှတ်ထားပါတယ်။
Mo Mo
















