ဖေဖော်ဝါရီလ ၂၊ ၂၀၂၆
Zalen
တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားနေတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်ထဲကပြည်သူများအနေဖြင့် လေကြောင်းရန် နဲ့ ပတ်သက်လို့ သတိထားရမယ့်အချက် ၅ ချက်ကို ဖလမ်းဒေသကော်မတီ ( Falam Regional Committee ) က အသိပေးထုတ်ပြန်ထားပါတယ်။
လက်ရှိဖလမ်းမြို့နယ် ၃ နေရာမှာ အကြမ်းဖက်စစ်တပ်နဲ့ ချင်းတော်လှန်ရေးပူးပေါင်းတပ်များအကြား တိုက်ပွဲပြင်း ထန်လျက်ရှိပြီး Y12 ၊ E20 နဲ့ ATR-42 စတဲ့ စစ်တပ်လေယာဉ်များက နေ့စဉ်နဲ့အမျှကင်းထောက်ခြင်း၊ ရိက္ခာချပေး ခြင်းများပြုလုပ်နေတယ်လို့ဆိုပါတယ်။

အဆိုပါလေယာဉ်များကတစ်ဆင့် ဂျက်ဖိုက်တာများထံ ပစ်မှတ်ကို အကြောင်းကြားပြီး ဂျက်ဖိုက်တာက ပစ်မှတ် ကိုတိကျစွာဗုံးကြဲ တိုက်ခိုက်လေ့ရှိပြီး ဖလမ်းမြို့နယ်အတွင်း ပြည်သူများထိခိုက်သေဆုံး၊ ဒဏ်ရာရမှုများရှိခဲ့ တယ်လို့ဆိုပါတယ်။
ဒါ့ကြောင့် ဖလမ်းမြို့နယ်အတွင်းပြည်သူများအနေဖြင့် Y12 နဲ့ E20 များဖလမ်းမြို့နယ်အတွင်းပျံဝဲလာပါက အိမ်ထဲမှာပဲနေကြရန်၊ အိမ်ပြင်ဘက်မှာလှမ်းထားတဲ့အဝတ်အစားများသိမ်းရန်၊ မီးမရှို့ရန်၊ ဆိုင်ကယ်နဲ့ကားများ ကိုမမြင်အောင်ဝှက်ထားရန်၊ ဝတ်ပြုဆုတောင်းခြင်း နဲ့ အခြားသောလူမှုရေးပွဲများရှိရင်လည်း လေယာဉ်ပျံဝဲလာပါ က လူစုခွဲကြရန် အသိပေးထားတာဖြစ်ပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ဖလမ်းမြို့ကိုပြည်လည်သိမ်းပိုက်ဖို့ ထိုးစစ်ဆင်လာတာ ၃ လ ဝန်းကျင်ကြာမြင့် လာပြီ ဖြစ်ကာ လက်ရှိအချိန်ထိ ချင်းတော်လှန်ရေးတပ်ဖွဲ့များနဲ့ တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားလျက်ရှိပါတယ်။
စစ်တပ်က မြေပြင်ထိုးစစ်အပြင် ဝေဟင်အင်အားကိုပါအများအပြားအသုံးပြုနေပြီး တိုက်ပွဲပစ်မှတ်မဟုတ်တဲ့ အများပြည်သူနေထိုင်ရာနေရာများကိုပါ လေကြောင်းတိုက်ခိုက်မှုများဆက်တိုက်ပြုလုပ်နေပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၈ ရက်မှ ဖေဖော်ဝါရီလ ၁ ရက်နေ့အထိ ဖလမ်းမြို့နယ်ထဲက Sunthla ကျေးရွာ၊ Sim Dihai ကျေးရွာ၊ SumHrang ကျေးရွာ နဲ့ Nganzawl ကျေးရွာများကိုလေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့တာကြောင့် Nganzawl ကျေးရွာမှ အသက် ၇၀ အရွယ်အဘွားအိုတစ်ဦးသေဆုံးသလို နေအိမ်မီးလောင်ပျက်စီးမှုများလည်း ရှိခဲ့ပါတယ်။
သတင်း – Mickey



















