လောက်တူနယ်ဒေသအတွင်း ငါးရစ်တက်ကာလမှာ ငါးဖမ်းခြင်းမပြုလုပ်ရန်တားမြစ်

၂၅၊ စက်တင်ဘာလ၊ ၂၀၂၄

Zalen

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ ဟားခါးမြို့နယ် နဲ့ မတူပီမြို့နယ် စတဲ့မြို့နယ် ၃ ခုမှာစုစည်းနေထိုင်ကြတဲ့ လောက်တူပြည်သူများအနေနဲ့ငါးရစ်တက်ကာလအတွင်း ချောင်းထဲက ငါးများမဖမ်းဖို့ လောက်တူဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့က တားမြစ်စာ တစ်စောင်ကိုစက်တင်ဘာလ ၂၀ ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

ထုတ်ပြန်ချက်ထဲမှာ ငါးရစ်တက်ကာလအတွင်း ငါးများကို မည်သူမှ နည်းလမ်းအမျိုးမျိုးဖြင့် ဖမ်းဆီးခြင်း၊သိမ်းကျုံးခြင်း နဲ့ ဖမ်းယူခြင်းတို့ကို လုံးဝ (လုံးဝ ) မပြုလုပ်ကြဖို့တားမြစ်ထားတာဖြစ်ပါတယ်။ ဒီတားမြစ်ချက်ဟာ အမိန့်ထုတ်ပြန်တဲ့ ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၂၀ ရက်ကနေစပြီးတော့ နိုဝင်ဘာလ ၃၀ ရက်နေ့အထိ အကျုံးဝင်တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ယခုလိုတားမြစ်ရခြင်းနဲ့ ပတ်သက်လို့ လောက်တူဒေသအုပ်ချုပ်ရေးမှူး ဆလိုင်းစော်ဗီး ( Salai Saw Bii ) က “တောနေ၊ ရေနေ သတ္တဝါတွေဆိုတာ အလွန်အကျွံဖမ်းဆီးသတ်ဖြတ်တာတွေလုပ်ရင် မျိုးတုန်းသွားနိုင်တဲ့ အမျိုးတွေဖြစ်တယ်။ အဓိကအားဖြင့် သူတို့မျိုးပွားတဲ့အချိန်မှာပေါ့။ ဒီခေတ်မှာက သဘာဝနည်းနဲ့တောင် မဟုတ်တော့ပဲ ချောင်းထဲမှာ မိုင်းခွဲခြင်း၊ ရှော့တိုက်ပြီးတော့ ငါးဖမ်းခြင်းစတာတွေ အများကြီးလုပ်လာကြ တယ်။ဒါတွေကို လုံးဝရှောင်ရမှာဖြစ်တယ်။အဲလိုမျိုးတွေလုပ်ရင်တော့ အသက်အန္တရာယ် ထိခိုက်သွား နိုင်သလို အဆိုပါငါးဖမ်းနည်းကိုလုပ်နိုင်တဲ့သူကပဲ သဘာဝငါးတွေရတော့မှာ။မျိုးတုန်းသွားတာလည်းဖြစ်နိုင် တယ်လေ။ တားမြစ်ချက်လေးတွေလိုက်နာကြမယ်ဆိုရင်တော့ နောက်နောင်လောက်တူပြည်သူများအားလုံး လူတန်းစားမရွေး သဘာဝ ငါးလေးတွေကိုစားနိုင်မှာဖြစ်တယ်။ ဒါတွေအကုန်လုံးက လောက်တူနယ်အတွက် လုပ်တာဖြစ်တဲ့အတွက် လိုက်နာပေးကြဖို့တိုက်တွန်းချင်တယ်။”လို့ Zalen ကိုပြောပါတယ်။

ကျွန်တော်တို့လောက်တူနယ်အတွင်းမှာရှိတဲ့ ချောင်းအသီးသီးမှာ ငါးများကောင်းကောင်းမျိုးပွားနိုင်ဖို့ကို အဓိကရည်ရွယ်တာဖြစ်တယ်။ ချောင်းတစ်ခုနဲ့တစ်ခုမှာ ငါးရစ်တက်ကာလတွေမတူကြဘူး၊ ဒါကြောင့် တားမြစ်ချက်ကို နိုဝင်ဘာ ၃၀ ထိလုပ်ထားတာ။ငါးရစ်တက်ကာလမှာတော့ ဘယ်နည်းနဲ့ဖြစ်ဖြစ် ချောင်းငါး တွေဖမ်းခြင်းကိုတားမြစ်ထားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကွန်ပစ်ဖို့ သွားတာဖြစ်ဖြစ်၊ ပိုက်အသုံးပြုပြီး သဘာဝနည်းလမ်းနဲ့ငါးဖမ်းတာဖြစ်ဖြစ် သူတို့ချောင်းသွားတဲ့အချိန်မှာ ငါးရစ်တက်တာတွေ့ရင်တော့ ဖမ်းဆီး တာတွေလုပ်ကြတယ်။ ဒါကြောင့်အဲဒီကာလအတွင်းမှာတော့ လုံးဝ ချောင်းမသွားကြဖို့တားမြစ်ထားတာပါ။

လောက်တူနယ်ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့ပေါ်ပေါက်လာပြီးတဲ့နောက်မှာ ကျွန်တော်တို့အတတ်နိုင်ဆုံး ကုန်းနေ၊ ရေနေ သတ္တဝါ နဲ့ သဘာဝတောတောင်တွေကို ထိန်းသိမ်းဖို့ကြိုးစားလာပါတယ်။ ဒီနှစ်ဆန်း ပိုင်းမှာလည်း တောနေတိစ္ဆာန်များ မျိုးပွားကာလမှာ တောထွက်အမဲလိုက်ခြင်းတွေကိုတားမြစ်ခဲ့တယ်။ ဒီလို လုပ်တယ်ဆိုတာချောင်းက ငါးတွေပဲဖြစ်ဖြစ်၊ တောကောင်တွေပဲဖြစ်ဖြစ် ကောင်းကောင်းမျိုးပွားပြီးတော့ နောင်အခါ မှာ ပြည်သူအားလုံးကိုအကျိုးပြန်ပြုနိုင်ဖို့ပါပဲ။ လောက်တူနယ်အတွင်းမှာ အသိပေးထားပြီဖြစ်တဲ့ အတိုင်း သဘာဝ နည်းနဲ့မဟုတ်ပဲငါးဖမ်းတဲ့အခါ အသုံးပြုတဲ့ ( Dynamo ) တွေကိုသိမ်းသွားမှာဖြစ်တယ်။ အဲဒါ ပြည်သူများအနေ နဲ့ ကြည်ဖြူစွာ ပူးပေါင်းပါဝင်ပေးကြဖို့ တောင်းဆိုချင်ပါတယ် လို့ သူကဆက်ပြောပါတယ်။

ယခုလိုလောက်တူနယ်ဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့တားမြစ်ချက်ကို ကျူးလွန်တဲ့မည်သူမဆို ကျပ် တစ်သိန်းထက်မနည်း ကျပ်သုံးသိန်းထက်မပိုသော ငွေဒဏ်ကိုဖြစ်စေ၊ အခြားတည်ဆဲဥပဒေအပါ ပြစ်ဒဏ် တစ်ရပ်ရပ်ကိုဖြစ်စေ ပြစ်ဒဏ်နှစ်ရပ်လုံးကိုပေါင်းပြီးတော့ဖြစ်စေ ကျူးလွန်သူတစ်ဦးချင်းကို အရေးယူသွား မယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

သတင်း – Grace

နောက်ဆုံးရသတင်းများ

သုံးနှစ်ကျော်အတွင်း နေအိမ်အပါအ၀င် ပိုင်ဆိုင်မှု တစ်ထောင်ကျော် ချိပ်ပိတ်သိမ်းဆည်းခံရ

၂၈၊ စက်တင်ဘာ၊ ၂၀၂၄ Zalen အာဏာသိမ်းပြီးနောက် သုံးနှစ်ကျော်အတွင်း အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် (NLD) လွှတ်တော်ကိုယ်စားလှယ်တွေ၊ ပါတီဝင်တွေနဲ့ အရပ်သားပြည်သူတွေရဲ့ နေအိမ်တွေ အပါအ၀င် ပိုင်ဆိုင်မှု ၁၀၁၄ ခုကို စစ်ကောင်စီက ချိပ်ပိတ်သိမ်းဆည်းခဲ့တယ်လို့ NLD ...

ဆက်ဖတ်ရန်