လွန်ခဲ့သော ၁၄၀ ကျော်က ဗြိတိသျှအရေးပိုင်တစ်ဦး မြင်ခဲ့တဲ့ ရခိုင်ရိုးမပေါ်က ချင်းကမ္ဘာ

Salai Tun Hla Kyaw

Major W. Gwynne Hughes ရဲ့ The Hill Tracts of Arakan (1881) ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၄၀ ကျော်၊ ဗြိတိသျှအုပ်ချုပ်ရေးယန္တရား ရခိုင်တောင်တန်းဒေသဆီ ခြေဆန့်လာချိန်မှာ ပြုစု ရေးသားခဲ့တဲ့ မှတ်တမ်းတစ်ခု ဖြစ်ပါတယ်။

Major Hughes ဟာ ဗြိတိသျှဘားမားရဲ့ ဒုတိယအရေးပိုင်တစ်ဦး ဖြစ်ခဲ့ရုံတင်မကဘဲ ရခိုင်တောင်တန်းဒေသကို ကိုယ်တိုင်ခြေဆန့် အုပ်ချုပ်ခဲ့တဲ့ ကြီးကြပ်ရေးမှူးတစ်ဦးလည်း ဖြစ်တာကြောင့် သူ့ရဲ့မှတ်တမ်းတွေဟာ အပေါ်ယံအမြင်မဟုတ်ဘဲ သေချာအချိန်ယူပြီး ကွင်းဆင်းလေ့လာထားတဲ့ လေ့လာမှုဆိုလည်း မမှားပါဘူး။

ဒီဆောင်းပါးက‌ေန Major Hughes ရဲ့ မျက်လုံးတွေကတစ်ဆင့် ရခိုင်ရိုးမတောင်တန်းပေါ်က အတိတ်က ချင်းလူမျိုး‌တွေရဲ့ ထူးခြားဆန်းပြားလှတဲ့ လူမှုကမ္ဘာဆီကို ခရီးသွားကြည့်ကြရအောင်ပါ။

Zalen ad

၁။ တိမ်တောင်တွေကြားက ဒေသ

ချင်းလူမျိုးတွေဟာ ရခိုင်ပြည်ရဲ့ အရှေ့ဘက်ခြမ်း၊ ဒီကနေ့ခေတ် မကွေးရိုးမနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ရခိုင်ရိုးမတောင်တန်းကြီးရဲ့ ရေဝေရေလဲတစ်လျှောက်မှာ အခြေချ နေထိုင်ကြပါတယ်။ အထူးသဖြင့် လေးမြို့မြစ်ရဲ့ ချိုင့်ဝှမ်းဒေသတွေဟာ သူတို့ရဲ့ အဓိက အင်ပါယာလေးတွေ ဖြစ်ခဲ့တယ်လို့ တင်စားရမှာပါ။ Major Hughes က ရခိုင်တောင်တန်းသားတွေကို အမျိုးအစား ခြောက်မျိုး ခွဲခြားပြရာမှာ ချင်းလူမျိုးကိုလည်း အဓိက လူမျိုးစု တစ်စုအနေနဲ့ ဖော်ပြခဲ့ပါတယ်။

၂။ မျက်နှာပေါ်က ဆေးမင်ကြောင်

ချင်းလူမျိုးတွေရဲ့ ရုပ်ရည်ဟာ မြန်မာတွေလိုပဲ မွန်ဂိုလီးယန်း အုပ်စုအနွယ်ဝင်တွေဖြစ်ပြီး ခိုင်မာတောင့်တင်းကြပါတယ်။ ဒါပေမဲ့ လူအများစုကို စွဲမက်စေတာကတော့ ချင်းအမျိုးသမီးတွေရဲ့ “မျက်နှာဆေးမင်ကြောင်”ဖြစ်တဲ့ ပါးရဲထိုး ဓလေ့ပါပဲ။ မိန်းကလေးတစ်ယောက် အရွယ်ရောက်ပြီဆိုတာနဲ့ တစ်မျက်နှာလုံးကို အနုစိတ်ဆေးမင်ကြောင်တွေနဲ့ ခြယ်မှုန်းတတ်ကြပါတယ်။

ဒီဓလေ့နဲ့ပတ်သက်ပြီး Hughes က စိတ်ဝင်စားစရာ မေး ခွန်းတွေကို ချပြချန်ထားခဲ့ပါတယ်။ ရှေးမြန်မာမင်းတွေ သိမ်းပိုက်တာ မခံရအောင် ရုပ်ဖျက်တာလား၊ ဒါမှမဟုတ် စစ်မက်ဖြစ်ပွားချိန်မှာ ကိုယ့်အမျိုးသမီးကို ခွဲခြားရလွယ်အောင်လားဆိုတဲ့ မေးခွန်းတွေပါ။ ဒါပေမယ့် Hughes ကိုယ်တိုင်ကတော့ ဒါဟာ အိမ်နီးချင်း မြန်မာတွေရဲ့ ဆေးမင်ကြောင်ထိုးတဲ့ အနုပညာကို အတုယူပြီး ကိုယ်ပိုင်ဟန်နဲ့ ဖန်တီးခဲ့တာလို့ပဲ ယူဆခဲ့ပါတယ်။

၃။ ကျောက်တိုင်သင်္ချိုင်း

ချင်းတွေရဲ့ သင်္ချိုင်းတွေဟာ အဝေးကကြည့်ရင် အင်္ဂလန်က စတုန်းဟင်းခ်ျ (Stonehenge) ပုံစံငယ်လေးတွေနဲ့ တူတယ်လို့ သူ (Hughes) က တင်စားပါတယ်။

ကျောက်တိုင်လေးတိုင် (သို့မဟုတ်) ခြောက်တိုင်ပေါ်မှာ ကျောက်ပြားကြီးတစ်ချပ် တင်ထားတဲ့ ဒီအဆောက်အအုံတွေဟာ ကွယ်လွန်သူတွေအတွက် နောက်ဆုံးအနားယူရာ နေရာတွေပါ။ (တချို့ဆွေမျိုးစုတွေဆိုရင် အရိုးပြာအိုးကို သူတို့ သတ်မှတ်ထားတဲ့ နေရာက သစ်ပင်ကြီးတွေပေါ်မှာ ထားထားမျိုးလည်း ရှိပါတယ်။)

မီးသင်္ဂြိုဟ်ပြီး ရရှိလာတဲ့ အရိုးပြာအိုးတွေကို ဒီကျောက်ပြားအောက်မှာ မြှုပ်နှံလေ့ရှိပြီး၊ ဘေးပတ်လည်မှာတော့ Hughes ဖော်ပြတဲ့ ဂုဏ်ပြုပူဇော်ထားတဲ့ တိရစ္ဆာန်ခေါင်းခွံတွေကို ချိတ်ဆွဲထားတဲ့ မြင်ကွင်းဟာ စိတ်ဝင်စားစရာ ကောင်းလှပါတယ်။

၄။ ဥပဒေနဲ့ သစ္စာရေ

ချင်းလူမျိုးတွေဟာ အဲ့ဒီခေတ်ကာလက သူတို့ အုပ်ချုပ်၊ စီရင်ပိုင်ခွင့်ရှိတဲ့ ဒေသမှာ ကိုယ်ပိုင် “ရာဇဝတ်ဥပဒေ” နဲ့ “အရပ်ဘက်ဥပဒေ” တွေ ရှိတယ်လို့ Hughes က ဆိုပါတယ်။

ဥပမာ –

လူသတ်မှု – သေဒဏ်ပေးရုံသာမက၊ လျော်ကြေးပေးမယ်ဆိုရင် ကျွန်ကိုးယောက် (ရူပီး ၂၇၀ ခန့်) ပေးရပါတယ်။

ခိုးမှု – ခိုးရာပါပစ္စည်းအပြင် ကျွန်နှစ်ယောက်တန်ဖိုး ဒဏ်ငွေဆောင်ရပါတယ်။

Hughes ရေးသားချက်အရ အငြင်းပွားမှုတွေမှာ သက်သေမရှိရင်တော့ “သစ္စာရေ” က အဆုံး အဖြတ်ပေးပါတယ်လို့ ဆိုပါတယ်။ သေနတ်၊ လှံ၊ မိကျောင်းသွား၊ မိုးကြိုးကျောက်နဲ့ ကျားသွားတွေ ထည့်စိမ်ထားတဲ့ ရေကို စွပ်စွဲသူရော/ အစွပ်စွဲ ခံရသူရောပါ သောက်ကြရတာပါ။ သတ်မှတ်ရက်အတွင်း ဘေးဒုက္ခမရောက်ရင် အဲဒီလူဟာ အမှန်အတိုင်း ပြောသူလို့ သတ်မှတ်ခံရပါတယ်။

၅။ အသက်မွေးဝမ်းကျောင်းနှင့် အမဲလိုက်သမားများ

ချင်းတွေရဲ့ အဓိက စိုက်ပျိုးရေးကတော့ စပါး ဖြစ်ပြီး စားဖို့အပြင် စီးပွားဖြစ်စိုက်ပျိုး ခြင်းမျိုးကို မလုပ်ကြဘူးလို့ ဆိုပါတယ်။ ပိုလျှံတာကိုတော့ “ချင်းရိုးရာခေါင်ရည်” အဖြစ် ပြောင်းလဲ ချက်လုပ်ကြတယ်လို့ ဆိုပါတယ်။ မြေယာပိုင်ဆိုင်မှုကို အလွန်တန်ဖိုးထားပြီး သဘာဝအတိုင်းဖြစ်တဲ့ နယ်နိမိတ်တွေကိုပဲ အတိအကျ ခွဲဝေသတ်မှတ် ထားတတ်ကြတာပါ။

လက်နက်ပိုင်းမှာ လေးနှင့်မြားကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ကြပြီး အဆိပ်လူးမြားနဲ့ ဆင်ကဲ့သို့သော တိရစ္ဆာန်ကြီးတွေကိုပင် အမဲလိုက် နိုင်ကြပါတယ်။

နောက်ပိုင်းမှာတော့ အထက်မြန်မာနိုင်ငံကတစ်ဆင့် မီးခတ်သေနတ်တွေ ဝင်ရောက်လာပြီး အသုံးပြုလာတယ်လို့လည်း Hughes က မှတ်တမ်း တင်ထားပါတယ်။

အချုပ် ဆိုရရင် Major Hughes ရဲ့ မှတ်တမ်းဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာကျော်က ရခိုင်ပြည်က ချင်းလူမျိုး/ ဘိုးဘေးတွေရဲ့ နေထိုင်မှုပုံစံ၊ ယဉ်ကျေးမှု၊ ကိုယ်ပိုင် စီရင်အုပ်ချုပ်ပိုင်ခွင့်နဲ့ ရိုးရှင်းတဲ့ လူမှုဘဝတွေကို ဖော်ပြနေပါတယ်။

ဒီစာအုပ်ဟာ ရခိုင်ပြည်အတွင်းက ချင်းလူမျိုးတွေရဲ့ သမိုင်းကြောင်းကို ရှာဖွေနေသူ/ စိတ်ဝင်စားသူတွေအတွက် အထောက်အကူ ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။

နောက်ဆုံးရသတင်းများ

Chinland ကောင်စီ အခွန်စနစ်အသစ် ပြဋ္ဌာန်း၊ ဝင်ငွေ ၁ သိန်းအောက် ကင်းလွတ်ခွင့်ရ

မတ် ၂၊ ၂၀၂၆ Zalen Chinland ကောင်စီဟာ ဘဏ္ဍာရေးစနစ် ပြုပြင်ပြောင်းလဲရေးအဖြစ် အခွန်စနစ်အသစ်တရပ်ကို ထုတ်ပြန် လိုက်ကြောင်း သိရပါတယ်။ အဆိုပါ ဉပဒေကို ဒုတိယအကြိမ်၊ ချင်းပြည် (Chinland) လွှတ်တော်၊ ပထမ ပုံမှန်အစည်းအဝေးရဲ့ ...

ဆက်ဖတ်ရန်