စာရေးသူ-ဇို
စျေးကြီးတစ်ခုရဲ့ ကုန်စိမ်းတန်းဘက်ရောက်လာတော့ စျေးသည်အမျိုးသမီးတစ်ဦး မျက်နှာမ သာမယာနဲ့ ထိုင်နေတာကို သတိထားမိတယ်။ သူ့အနားရောက်တော့ ဘာကြောင့်မျက်နှာမကောင်းဖြစ်နေတယ်ဆိုတဲ့အဖြေကို သိလိုက်ရတယ်။
အဲဒီစျေးသည်အမျိုးသမီးက အသီးအနှံတွေ ရောင်းတာပါ။ အထူးသဖြင့် ရာသီပေါ်တွေဖြစ်တဲ့ သြဇာသီး၊ ကြက်မောက်သီး၊ မာလကာသီး စတဲ့အသီးအနှံတွေပဲ ဖြစ်ပါတယ်။
သူ့ရှေ့ကို စျေးဝယ်အမျိုးသမီးတစ်ဦး မတ်တပ်လာရပ်တယ်။ တဆက်တည်းမှာပဲ “သြဇာသီးက တစ်လုံးဘယ်လောက်လဲ”လို့ မေးလိုက်ပါတယ်။ စျေးသည်အမျိုးသမီးက မဆိုင်းမတွပဲ “တစ်လုံးမှ တစ်ထောင် ညီမလေး”တဲ့ ပြန်ဖြေပေးတယ်။ ပြီးတော့ သူကပဲ “လာတဲ့သူတွေက စျေးမေးပြီးရင် ပြန်လှည့်သွားကြတာချည်းပဲ”လို့လည်း ပြောလိုက်ပါသေးတယ်။
စျေးဝယ်အမျိုးသမီးက အဲဒီအပြောကို သိပ်ဘဝင်ကျပုံ မရဘူး။ ဒါကြောင့်ထင်ရဲ့။ အခုလိုပြန်ပြောလိုက်တာကို ကြားရတယ်။
“အော်…အစ်မရယ် သူတို့လည်း ငွေကိုချင့်ချိန်ပြီး သုံးနေရလို့ ဖြစ်မှာပေါ့”
မှန်ပါတယ်။ စျေးဝယ်အမျိုးသမီးလေး ပြောသလို တော်တော်များများက ကိုယ့်ဝင်ငွေနဲ့ ထွက်ငွေကို မျှတအောင် ချင့်ချိန်ပြီး သုံးနေကြရတာပါ။ ဘာကြောင့်လည်းဆိုတော့ ပြည်သူတွေမှာ ဝင်ငွေသာတိုးမလာတာ၊ ကုန်စျေးနှုန်းတွေက တရိပ်ရိပ်တက်လာနေတော့ သြဇာသီးလို သွားရေစာဝယ်စားဖို့အထိ လူတိုင်းက အပိုငွေမသုံးနိုင်ကြပါဘူး။
ကိုဗစ်ရောဂါကာလလို ကန့်သတ်ပိတ်ဆို့မှုတွေနဲ့ ကုန်စည်ကူးသန်းမှု ခက်ခဲတဲ့ကာလမှာတောင် ဆန်ကြမ်းတစ်အိတ် ကျပ်သုံးသောင်းခွဲ လေးသောင်းသာ ရှိခဲ့တာပါ။ ဒါပေမယ့် စစ်အုပ်စုအာဏာသိမ်းထားတဲ့ အခုကာလမှာတော့ ဆန် ကြမ်းတစ်အိတ်ဟာ ကျပ်တစ်သိန်းကျော်နေပါပြီ။ အဲဒီစျေးက စစ်ရေးတိုက်ခိုက်မှုနည်းတဲ့ မြေပြန့်ဒေသတွေမှာသာ ရနိုင်တဲ့စျေးဖြစ်ပါတယ်။ စစ်ဇုန်ထဲရောက်နေတဲ့ ပြည်နယ်နဲ့တိုင်းတွေမှာ အဲဒီထက် စျေးပိုပါတယ်။
စောစောကစျေးမှာ သြဇာသီးစျေးမေးတဲ့ အ မျိုးသမီးရဲ့အမည်က မနွေလို့ ခေါ်ပါတယ်။ အ သက်က ၂၆ နှစ်ပါ။ ရန်ကုန်တိုင်းရဲ့ မြို့နယ်တစ်ခုမှာ နေထိုင်ပါတယ်။ သူ့မှာ မိခင်ရယ်၊ သားလေးနှစ်ယောက်ရယ်၊ ခင်ပွန်းရယ် စုစုပေါင်းမိ သားစုဝင် ငါးဦးရှိပါတယ်။ သူက အလှကုန်ပစ္စည်းဆိုင်ဖွင့်ထားပြီး သူ့ခင်ပွန်းက ကျပန်းအလုပ်လုပ်ပါတယ်။
ဒီတော့ တစ်လတစ်လ သူတို့ နှစ်ယောက်ပေါင်းဝင်ငွေဟာ ကျပ်ငါးသိန်းနဲ့ဆယ်သိန်းကြား ရှိပါတယ်။ အရင်ကတော့ ဝင်ငွေရဲ့ထက်ဝက်လောက်ကို ချန်ထားနိုင်လို့ ရွှေတိုမြီဆလေးတွေ အလျဥ်းသင့်သလို စုစောင်းနိုင်ခဲ့ပါတယ်။ သို့ သော် အခုကာလမှာတော့ “ရတယ်၊ ကုန်တယ် တပြားမှ မစုမိဘူး”လို့ မနွေက ညည်း တွားပါတယ်။
သူတို့မိသားစုအဖို့ လစဥ်ကုန်ကျစရိတ်တွေထဲမှာ ဆန်၊ ဆီ၊ ဆား စတဲ့အခြေခံစားသောက်ကုန်တွေအတွက် သုံးရငွေ၊ ကလေးနှစ်ယောက်ရဲ့ မူကြိုကျောင်းလခ၊ ဆီးချိုရောဂါသည် မိခင်ကြီးရဲ့ဆေးဖိုး၊ သာရေးနာရေးနဲ့ လူမှုရေးစရိတ်တွေနှုတ်လိုက်ရင် လောက်ငှရုံပဲရှိတယ်လို့ မနွေက ရင်ဖွင့်ပါတယ်။
မနွေလိုပဲ ဝင်ငွေနဲ့ထွက်ငွေမမျှလို့ ညည်းတွားနေသူတစ်ဦးက အိမ်ထောင်ရှင်မ မဌေးဝင် ပါ။ သူ က အသက် ၃၂ နှစ်ရှိပါပြီ။ သူ့မှာ ခင်ပွန်းရယ်၊ သမီးတစ်ယောက်၊ သားတစ်ယောက်ရယ်နဲ့ မိ သားစုဝင်လေးဦး ရှိပါတယ်။ သူတို့မိသားစုက ရန်ကုန်တောင်ပိုင်းခရိုင်ထဲက ရွာလေးတစ်ရွာမှာ နေထိုင်ကြတာပါ။
ခင်ပွန်းဖြစ်သူက ဆိုင်ကယ်ပြင်ဆိုင် ဖွင့်ထားတယ်။ မဌေးဝင်းကတော့ ငါးပိလေး၊ ငါးခြောက်လေး ရောင်းပါတယ်။ သူတို့လင်မယားဟာ ဝင်ငွေကောင်းတဲ့အထဲမပါပေမယ့် ဝင်ငွေအရမ်းနည်းတဲ့အထဲ မပါကြဘူး။ တစ်လတစ်လ ငွေလေးငါးခြောက်သိန်းကတော့ ပုံမှန်ဝင်တယ်။
ဒါပေမဲ့ အခုကာလမှာ သူတို့ရနေတဲ့ အဲဒီဝင်ငွေမှာ နေ့စဥ်ထမင်းနပ်မှန်အောင်စားရဖို့တောင် အနိုင်နိုင်။ ဘာလို့ဆို အရင်က တစ်ရက်စျေးဖိုး ကျပ်တစ်သောင်းဆို မိသားစုစားဖြစ်တယ်။ အခုက ကျပ်တစ်သောင်းနဲ့ ညမနက်စာ အသားဟင်းတစ်ခွက်စားရဖို့တောင် မလွယ်ဘူးလို့ မဌေးဝင်းက ပြောပါတယ်။
မွေးမြူရေး စီပီကြက်တောင်မှ တစ်ဆယ်သားကို ရင်ဖုံဆိုရင် ကျပ် ၁,၈၀၀၊ ပေါင်သားက ၁,၅၀၀၊ ဗမာကြက်(အိမ်ကြက်)ဆိုရင် တစ်ဆယ်သား ကျပ် ၃,၃၀၀၊ ဝက်သားတစ်ဆယ်သားကို ကျပ် ၃,၅၀၀ ရှိနေတာလို့ မဌေးဝင်းက တွက်ပြတယ်။
ပြီးတော့ ကျောင်းနေအရွယ်တွေဖြစ်တဲ့ သူ့က လေးနှစ်ယောက်ရဲ့ မုန့်ဖိုးတင် တစ်ယောက်ကို ၁,၅၀၀ ကျပ်နဲ့ တစ်ရက်ကို ကျပ် ၃,၀၀၀ ဆိုတာ အသာလေးပဲတဲ့။ ဒါတောင် ကျောင်းကပြန်လာရင် ထပ်ပြီးဝယ်ပေးရတဲ့ မုန့်ဖိုးမပါသေးဘူးလို့ သူက ဆက်ပြောပါတယ်။ အဲတော့သူက “ပိုလျှံဖို့ နေနေသာသာရှင် မငတ်ရုံရှိပါတယ်”လို့ ညည်းတွားပါတယ်။
မနွေတို့၊ မဌေးဝင်းတို့လို မိသားစုဝင်များလို့ ဝင်ငွေထွက်ငွေမမျှတာမျိုးမဟုတ်ဘဲ အိမ်မှာတစ်ယောက်ထဲနေပြီး ဟိုးဘက်နဲနဲတိုးပါဦးလို့ ပြောရမလောက် ငွေကြေးကြပ်တည်းနေသူနောက်တစ်ဦးကတော့ ဒေါ်တင်တင် ဆိုသူပါ။ ဒေါ်တင်တင်ဟာ အသက် ၆၀ နီးပါးဖြစ်ပါတယ်။ သူဟာ ရန်ကုန်တိုင်းနဲ့ကပ်ရက် ပဲခူး တိုင်း၊ ပဲခူးခရိုင်ထဲက မြို့လေးတစ်မြို့မှာ နေထိုင်သူတစ်ဦးပါ။
သူ့မှာ အသက် ၂၅ နှစ်အရွယ် သမီးတစ်ယောက်ရှိပါတယ်။ ကရင်ပြည်နယ်၊ မြဝတီဟိုဘက်နားက တရုတ်ငွေလိမ်ဂိုဏ်း ကျားဖျန့်တွေကြီးစိုးရာ ရွှေကုက္ကိုလ်မှာ အလုပ်သွားလုပ်နေပါတယ်။ သူ့သမီးက လစဥ်တစ်လကို ကျပ်သုံးသိန်းနဲ့ ငါးသိန်းကြား လွှဲပို့နေပေမယ့် တစ်ယောက်တည်းနေတဲ့ ဒေါ်တင်တင်ဟာ မလောက်ငှပါဘူး။
ပြတ်တုန်းလပ်တုန်း ၂၃ ဆိုတဲ့အရပ်စကားလို ရက် ၂၀ ကျော်လာတာနဲ့ သုံးစရာလက်ထဲမကျန်လို့ ချေးငှားစားသောက်နေရတယ်လို့ သူက ရင်ဖွင့်ပါတယ်။ တစ်ကိုယ်တည်းသမားဆိုပေမယ့် အစာအိမ်ရောဂါအခံရှိထားတော့ ဆန်ပျော့ဆန်ကောင်းကိုပဲ စားရပါတယ်။ ဒီအခါမှာ ဆန်ကြမ်းနဲ့ ဆန်ချောက စျေးထက်ဝက်လောက်ကွာလေတော့ အပိုကုန်ကျပါတယ်။
အဲဒီလို အစားအသောက်ကို ဂရုစိုက်နေတဲ့ကြားက နဲနဲလေးအစားမှားတာနဲ့ အစာအိမ်က ပြဿ နာရှာလို့ ဆေးဖိုးဝါးခ အပိုကုန်ရပြန်ပါတယ်။ ဒီကြားထဲ ရပ်ကွက်သာယာနာရေးအတွက် ခွဲ တမ်း၊ စစ်မှုထမ်းကြေးခွဲတမ်းနဲ့ လှူရေးတန်းရေးတွေရှိလာတဲ့အခါ သမီးဖြစ်သူပို့ပေးတဲ့ လစာငွေဟာ လကုန်ရက်မရောက်ခင် ကုန်နှင့်နေပါတော့တယ်။
“ပြောတော့သာ တစ်ယောက်ထဲ ဟိုဟာလေး သုံးလိုက်ရ ဒီဟာလေးထည့်လိုက်ရနဲ့ (ငွေက) လောက်တယ်ကို မရှိဘူး”လို့ ဒေါ်တင်တင်က ဆိုပါတယ်။
အခုလည်း လကုန်ရက်ရောက်လာပြီဆိုတော့ ဒေါ်တင်တင်လက်ထဲ အသုံးစရိတ် ပြတ်နေပါပြီ။ ဒါကြောင့် သမီးဖြစ်သူ ပို့လာမယ့် စားရိတ်ငွေကို မျှော်နေရပါတယ်။ သူ့သမီးရဲ့အလုပ်က လကုန်ပြီး ၅ ရက်နေမှ လစာထုတ်ပေးတာဖြစ်ပြီး သူ့ဆီကို လဆန်း ၆ ရက်နေ့မှ ငွေပို့တတ်တာပါ။ ဒီတော့ ဟိုကပို့တဲ့ငွေလေး မရောက်မချင်း ဖြစ်သလို ချေးငှားစားသောက်ရမှာပဲလို့ ဒေါ်တင်တင်က ပြောပါတယ်။
ခုလိုအခြေအနေမှာ ဒေါ်တင်တင်အပါအဝင် မဌေးဝင်းတို့၊ မနွေတို့လို့ အိမ်ရှင်မတွေဟာ ဝင်ငွေတွေ တိုးလာဖို့ကို မမျှော်လင့်ကြပါဘူး။ သူတို့ မျှော်လင့်နေတာ တစ်ခုတည်းပါ။ အဲဒီမျှော်လင့်ချက်ကို မနွေက ခုလိုရင်ဖွင့်လာပါတယ်။
“ဝင်ငွေ မတိုးချင်နေ။ ကုန်စျေးနှုန်းတွေကျရင် တော်ပါပြီ”