ကိုဗန်
၂၀၁၁ ခုနှစ် အာရပ်နွေဦးတော်လှန်ရေးကနေ စတင်ခဲ့တဲ့ ဆီးရီးယားတော်လှန်ရေးဟာ (၁၄)နှစ် နီးပါးအကြာမှာ အာဏာရှင်ခေါင်းဆောင် အာဆက်ကို ပြုတ်ကျသွားစေခဲ့ပြီ ဖြစ်တယ်။
ဆီးရီးယားစစ်ပွဲသမိုင်းဟာ နိုင်ငံတကာခေါင်းဆောင်တွေ၊နိုင်ငံရေးသုတေသီတွေရဲ့ ထင်မြင်ချက်၊ယူဆချက်တွေကိုတောင် မှားယွင်းကြောင်း ပြသသွားတဲ့ ပြယုဒ်တခုပဲ။
ဆီးရီးယား ပြည်တွင်းစစ်ဖြစ်တော့ စတင်ချိန်ကာလတွေမှာ အမြဲမပြတ် စောင့်ကြည့် လေ့လာခဲ့ဖူးတယ်။ ၂၀၁၁ ခုနှစ် ဝန်းကျင်ကာလမှာ ဆီးရီးယားတော်လှန်သူတွေအတွက် ၎င်းတို့ပုံရိပ်ကို ဖော်ပြဖို့ YouTube ကို အတော် အသုံးပြုခဲ့ကြတယ်။
သူတို့ရဲ့ လိုချင်တဲ့ သတင်းစကားတွေ၊တိုက်ခိုက်သိမ်းပိုက်နိုင်မှုတွေကို YouTube ကနေ အမြဲ တင်လေ့ရှိကြတာမို့ ဆီးရီးယားအရေး လေ့လာချင်သူတွေအတွက် YouTube က အကောင်းဆုံး ဖြစ်တယ်။
သတင်းစာမျက်နှာတွေက လိုချင်တာ ရွေးတင်ဆက်တာမို့ ဆီးရီးယားတော်လှန်သူတွေအတွက် ကိုယ်ပိုင် YouTube စာမျက်နှာတွေကနေ ဖော်ပြနေတာက ပိုပြီး လက်တွေ့ဆန်တယ်။
ဆီးရီးယား ပြည်တွင်းစစ်ဟာ အာရပ်နွေဦးရဲ့ အကျိုးဆက် ဖြစ်ပြီး လူပေါင်း(၅)သိန်းနီးပါး သေကြေခဲ့ရသလို လူသန်းချီ ပြည်ပကို ထွက်ပြေးခဲ့ကြရတယ်။
ကနဦး ဆီးရီးယားက တော်လှန်သူတွေဟာ အာဏာရှင် အာဆက်ရဲ့ စစ်တပ်ကို ဝင်စီးတာတွေကနေ လက်နက်ခဲယမ်းတွေ ရယူပြီး သိမ်းပိုက်ကြတာပါ။
စတင်တဲ့ ကာလမှာ နေရာဒေသအတော်များများကို သိမ်းပိုက်နိုင်ခဲ့သလို မြို့ကြီးအတော်များများကိုလည်း တော်လှန်သူတွေ ဝင်စီးနိုင်ခဲ့တယ်။
ပြဿာနာက ဆီးရီးယားမှာ မတူညီတဲ့ လူမျိုးစုတွေ၊ ဘာသာရေးအရ မတူညီတဲ့သူတွေ အပြင် ဆီးရီးယားကနေ ခွဲထွက်ချင်သူတွေ၊ စုစည်းပြီး အာဆက်ကိုသာ ဖြုတ်ချချင်သူတွေ ဆိုပြီး လက်နက်ကိုင် အဖွဲ့များစွာ ရှိတာပဲ။
ဆိုတော့ ပြည်ပနိုင်ငံတွေကနေလည်း ကိုယ်ထောက်ပံ့လိုတဲ့ အဖွဲ့အစည်းတွေကို ထောက်ပံ့ပြီး ပေးချင်တဲ့ သတင်းစကားကို ပေးကြတယ်။
တကယ်ဆိုရင် ဆီးရီးယား အာဏာရှင် အာဆက်ဟာ ၂၀၁၃ ခုနှစ်လောက်ကတည်းက ပြုတ်ကျသွားခဲ့ရမှာပါ။
ဒါပေမယ့် တော်လှန်သူ အဖွဲ့အစည်းတွေဟာ အယူအဆ မတူညီမှုတွေ၊ နောက်က ပံပိုးသူတွေ မတူညီပဲ လိုချင်တာ ပုံသွင်းခံရတဲ့ အချက်တွေကြောင့် အာဏာရှင်ဟာ ဆက်ပြီး ရှင်သန်ခဲ့တယ်။
နောက်ပြီး ထူးခြားတာက ဆီးရီးယားပြည်တွင်းစစ်ဟာ နိုင်ငံရဲ့ အရှေ့ဘက်ခြမ်းမှာ ဖြစ်ပြီး မြို့သား ပညာတတ်၊ချမ်းသာသူတွေ အများစု နေထိုင်တဲ့ အနောက်ဘက် ကမ်းရိုးတန်းဒေသတွေဟာ အေးဆေး ဖြစ်နေတာပဲ။
၂၀၁၂-၁၃ ခုနှစ် ကာလတွေမှာ ဆီးရီးယားကမြို့ပေါ်နေ လူတန်းစားတွေ ပြည်တွင်းစစ်ဟာ သူတို့နဲ့ မဆိုင်သလို နေထိုင်ကြတာ တွေ့ရပြီး အာဏာရှင်အာဆက်ကိုတောင် ထောက်ခံကြတဲ့ လူတန်းစားဖြစ်နေကြတာပါ။
တော်လှန်သူတွေကို ပုံစံမျိုးစုံနဲ့ ဖျက်စီးသူတွေအဖြစ် ပုံဖော်လေ့ရှိတာကြောင့် ဆီးရီးယား ပြည်တွင်းစစ်ဟာ အရှေ့နဲ့ အနောက် ကွဲပြားလေသလားလို့တောင် ဆိုရမလိုပါ။
အာဏာရှင် အာဆက်အစိုးရဟာ ပြုတ်ကျဖို့ နီးပေမယ့် တော်လှန်သူတွေ မစည်းလုံး မညီညွက်တာ၊သူတလူ ငါတမင်း နေရာယူတာကြောင့် အစည်းပြေသလို ဖြစ်လာတယ်။ ဒီလိုကာလမှာ အီရတ်နဲ့ ဆီးရီးယားနိုင်ငံကြားကို သိမ်းပိုက်ပြီး အစ္စလာမ်မစ် အစွန်းရောက်အဖွဲ့အစည်း(ISIS) က ခေါင်းထောင်လာတယ်။
ဆီးရီးယားအရှေ့ဘက်ခြမ်းမှာ အခြေတည်ပြီး ဘာသာရေးအစွန်းရောက်တဲ့ IS အဖွဲ့အစည်းဟာ အင်မတန် နာမည်ကြီးလာပြီး ကမ္ဘာ့နိုင်ငံအသီးသီးက ဘာသာရေးအစွန်းရောက်သူတွေတောင် ဝင်ရောက် ပါဝင်ကြတဲ့အထိ ဖြစ်လာတယ်။
ရေနံပိုက်လိုင်းတွေ၊ ရေနံတွေအပြင် ကမ္ဘာတလွှားက ဘာသာရေးအစွန်းရောက်သူတွေ ပံ့ပိုးမှုတွေကြောင့် IS အဖွဲ့အစည်းဟာ ကမ္ဘာမှာ ငွေကြေးအင်အားအတောင့်တင်းဆုံး၊လူအင်အား အတောင့်တင်းဆုံး ဖြစ်လာပြီး နိုင်ငံပါ တည်ထောင်မယ် လို့ ကြွေးကြော်လာနိုင်ခဲ့တယ်။
၂၀၁၃-၁၄ ကာလတွေမှာ ဆီးရီးယား ပြည်တွင်းစစ်ဟာ (၄)ပွင့်ဆိုင် စစ်ပွဲအသွင် ဖြစ်လာတယ်။ အာဏာရှင် အာဆက်ရဲ့ စစ်တပ်၊အစ္စလာမ်မစ်(IS ) အဖွဲ့၊နိုင်ငံမြောက်ပိုင်းက ကော့ဒ် အဖွဲ့၊ တူရကီက ထောက်ပံ့တဲ့ ဆီးရီးယား လွက်မြောက်ရေးအဖွဲ့တွေအပြင် ဟစ်ဘိုလာအဖွဲ့၊အယ်လ်ကိုင်ဒါ လို့ အဖွဲ့တွေ ခြေကုပ်ရာ နယ်မြေလည်း ဖြစ်လာတယ်။
IS အဖွဲ့ဟာ အကြမ်းဖက်တဲ့ ပုံရိပ်တွေကြောင့် ထင်ရှားလာပြီး ဆီးရီးယားနဲ့ အီရတ်တင်မက ကမ္ဘာ့တလွှားက ဘာသာရေးအစွန်းရောက်သူတွေနဲ့ ချိက်ဆက်ပြီး တိုက်ခိုက်ဖျက်စီးတာ လုပ်လာတော့ နိုင်ငံတကာက အာရုံစိုက်လာရတယ်။
ဆိုတော့ IS ကို ချေမှုန်းရေးအကြောင်းပြချက်နဲ့ ဆီးရီးယားမှာ အမေရိကန်နဲ့ ရုရှား စစ်တပ်တို့ ဝင်ပါလာသလို အစ္စရေးကလည်း တိုက်ခိုက်မှုတွေ လုပ်လာတယ်။
တကယ်ဆို ဆီးရီးယား တော်လှန်ရေးဟာ အာဏာရှင် အာဆက်ကို ဖြုတ်ချရေးနဲ့ တိုင်းပြည်တည်ဆောက်ရေးဖြစ်ပေမယ့် တဖက်မှာ အစ္စလာမ်မစ် အစွန်းရောက်အဖွဲ့အစည်းတွေ ခြေကုပ်နေရာယူလာခြင်းက အဆိုးရွားဆုံး ဖြစ်နေခဲ့တာပဲ။
နိုင်ငံအရှေ့ဘက်ခြမ်းသာမက မြို့တော် ဒမာစ်ကပ်မြို့အထိ တော်လှန်သူတွေ ဝိုင်းလာသည့်တိုင် ဆီးရီးယား လူကုံထံ အသိုင်းအဝိုင်းဟာ အေးအေးဆေးဆေး နိုင်ငံ အနောက်ပိုင်း ပင်လယ်ကမ်းရိုးတန်းဒေသ တလျှောက်မှာ ပျော်ရွှင်နေကြတာပါပဲ။
အဲကာလတွေမှာ နိုင်ငံတကာက ခရီးသွား Vlog သမားတွေတောင် ပျော်ပျော်ပါးပါး လှည့်လည်နေကြတာတွေ့ရမှာ ဖြစ်ပေမယ့် နိုင်ငံအရှေ့ဘက်ခြမ်းမှာတော့ ဆီးရီးယားပြည်သူ သိန်းချီဟာ စစ်ကြောင့် သေဆုံးရသလို သန်းချီ လူဦးရေဟာ ပြည်ပကို ထွက်ပြေးနေကြရတယ်။
IS အဖွဲ့အစည်း တဖြေးဖြေး ကြီးထွားလာခြင်းက ဆီးရီးယားတော်လှန်ရေးကို နှေးကွေးသွားစေသလို အာဏာရှင် ခေါင်းဆောင် အာဆက်ကို သက်တမ်းရှည်စေပြီး မိတ်ဖက်နိုင်ငံတွေ တိုးလာစေခဲ့တယ်။
အာဏာရှင်ဆိုတဲ့အတိုင်း ၎င်း ရှင်သန်ရေးအတွက် အကုန်ပေးတဲ့ စနစ်ပုံစံကြောင့် ရုရှား နဲ့ အီရန်လို နိုင်ငံတွေက ဝင်ပြီး ကာကွယ်ပေးလာတယ်။
ရုရှားဟာ သူတို့ရဲ့ စစ်လက်နက်တွေ ထုတ်ဖော်ပြသဖို့ နဲ့ အရှေ့အလယ်ပိုင်းဒေသမှာ ၎င်းဩဇာတည်ထောင်ဖို့အတွက် ဆီးရီးယား ပြည်တွင်းစစ်ထဲ ဝင်ပါလာတယ်။
ဆီးရီးယား စစ်တပ်ဘက်ကနေ လေကြောင်းနဲ့ ဖြစ်စေ တိုက်ခိုက်မှုတွေ ပြုလုပ်ပေးခဲ့ပြီး လေကြောင်းရန်ကာကွယ်ရေးတွေလည်း များစွာ ချပေးခဲ့တယ်။
ဒါက အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ တွန်းလှန်ဖို့ ဖြစ်သလို အမေရိကန်ရဲ့ တိုက်ခိုက်မှုတွေကို ရုရှားစစ်လက်နက်တွေက တားဆီးနိုင်ဖို့ ဖြစ်တယ်။ ဆီးရီးယားမှာ ရုရှားဝင်လာခြင်းက ဆီးရီးယားထွက် ရေနံတွေကို ပေါပေါသီသီရလိုက်သလို တဖက်မှာလည်း ရုရှားစစ်လက်နက်တွေကို လူပိုသိစေပြီး ဈေးကွက်ရရှိမှု မြင့်မားလာစေတယ်။ အရှေ့အလယ်ပိုင်းမှာ ရုရှား ဝင်ပါလာခြင်းက အမေရိကန်ဩဇာကြီးထွားလာမှုကိုတားဆီးနိုင်ဖို့ ရည်ရွယ်ထားတာလည်း ဖြစ်တယ်။
အီရန် ဝင်ပါရခြင်းကလည်း ၎င်းတို့နဲ့ မျိုးနွယ်စု တူတဲ့ အာဏာရှင် အာဆက်အစိုးရကို ကူညီထောက်ပံ့ပေးတာအပြင် အစ္စရေးရန်ကို ကာကွယ်ဖို့၊ ဒေသတွင်းက အစွန်းရောက် အဖွဲ့အစည်းတွေကို ကူညီထောက်ပံ့ပေးနိုင်ဖို့ ရည်ရွယ်ချက်တွေ ရှိလာတယ်။
ဒီလို အချက်တွေကြောင့် ဆီးရီးယား ပြည်တွင်းစစ်ဟာ တော်လှန်မှု မဟုတ်တော့ပဲ ဒေသတွင်းနိုင်ငံတွေကြား ဩဇာပြိုင်ဆိုင်မှု နယ်မြေ ဖြစ်လာတယ်။
ဆီးရီးယားအရေးကြောင့် အရှေ့အလယ်ပိုင်းနိုင်ငံတွေကြား အဆင်မပြေမှုတွေ ဖြစ်လာပြီး အပြန်အလှန် စွပ်စွဲပြစ်တင်မှုတွေ တိုးလာတယ်။
ဒီအရေးမှာ ဝင်အကျိုးအမြတ်ရသွားတာက တရုတ်နိုင်ငံပါပဲ။ဆီးရီးယား ပြည်တွင်းစစ်မှာ တရုတ်စစ်လက်နက်ဈေးကွက် ဝေစု မြင့်တက်လာခဲ့ပြီး အကျိုးအမြတ်ဖြစ်စေခဲ့တယ်။
ဈေးပေါပေါနဲ့ ရတဲ့ တရုတ်စစ်လက်နက်ခဲယမ်းတွေဟာ အမေရိကန်နဲ့ ရုရှားတို့ထက် ပိုပြီး ဝယ်လိုအားမြင့်စေခဲ့တယ်။
အရှေ့အလယ်ပိုင်း မတည်ငြိမ်မှု မြင့်မားပြီး ဆော်ဒီနဲ့ အီရန်တို့ ရန်မတည့်မှုကနေ တရုတ်ဟာ ရေနံတွေကို ဈေးသက်သာစွာ ရရှိခဲ့တာပဲ။
တရုတ်ဟာ အရှေ့အလယ်ပိုင်းက လောင်စာဆီတွေကို သယ်ယူပြီး မြန်မာကနေ တဆင့် တရုတ်နိုင်ငံတောင်ပိုင်းကို တင်သွင်းနေခဲ့တာပါ။
အရှေ့အလယ်ပိုင်းအရေးမှာလည်း ဆော်ဒီနဲ့ အီရန်ကို ပြေလည်အောင် သဘောတူညီမှု လုပ်ပေးနိုင်ခဲ့လို့ တရုတ်ဩဇာက မြင့်တက်လာခဲ့တယ်။
တဖက်မှာလည်း IS ကြီးထွားလာမှုကို အပြင်းအထန် နှိမ်နင်းလာခဲ့ရတယ်။ အစ္စလာမ်မစ် အစွန်းရောက်အဖွဲ့ဟာ ဆီးရီးယား နဲ့ အီရတ်ကနယ်မြေ အတော်များများကို ထိန်းချုပ်နိုင်ခဲ့တာကြောင့် သူတို့ကိုယ် သူတို့ နိုင်ငံပါ တည်ထောင်ကြောင်း ကြေညာနိုင်ခဲ့ကြတဲ့အထိပါ။
ငွေကြေး၊လက်နက်၊လူသူအင်အားနဲ့ ပြင်းထန်တဲ့ ဘာသာရေးအယူဝါဒကြောင့် ဒီအဖွဲ့အစည်းကြီးကို နှစ်ပေါင်းများစွာ နှိမ်နင်းခဲ့ရတာပါ။
နောက်ဆုံး အားလုံးနီးပါး နှိမ်နင်းနိုင်တဲ့ အချိန်မှာ နိုင်ငံတကာက ဆီးရီးယား ပြည်တွင်းစစ်ကို စိတ်ဝင်စားမှု လျော့ကျလာခဲ့တယ်။
ဆီးရီးယား တော်လှန်တဲ့ အဖွဲ့အစည်းတွေ မညီညွက်မှု၊ အပြန်အလှန် တိုက်ခိုက်နေကြမှုနဲ့ အစွန်းရောက်ဝါဒတွေ ကြီးထွားနေမှုကြောင့် အာဏာရှင် အာဆက်အစိုးရက တဖြေးဖြေးနေရာ ပြန်ရလာတယ်။
မြို့ပြတွေ အတော်များများကို ပြန်ထိန်းချုပ်လာနိုင်ခဲ့သလို နိုင်ငံတကာစာမျက်နှာမှာလည်း နေရာပြန်ရလာ၊ ဆီးရီးယားမှာ နိုင်ငံတကာသံရုံးတွေ ပြန်ဖွင့်လာကြတဲ့ အထိပါ။
ဆီးရီးယားအရေးနဲ့ ပါတ်သက်ပြီး နိုင်ငံတကာခေါင်းဆောင်တွေ၊ နိုင်ငံရေးလေ့လာသူတွေ ရှုမြင်ကြတာက ဆီးရီးယား သမ္မတ အာဆက်ကို ဖြုတ်ချဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး။ ဆီးရီးယားအရေးဟာ ဒီလိုနဲ့ပဲ ပြီးသွားမယ် ဆိုပြီး အာဏာရှင်အစိုးရကိုတောင် ပြန်ချိတ်ဆက်လာနေကြတာပါ။
သန်းနဲ့ ချီတဲ့ ဆီးရီးယားပြည်သူတွေရဲ့ မျော်လင့်ချက်ကို မေ့လျော့ပြီး အာဏာရှင်အာဆက်အစိုးရကို ပြန်ချိတ်ဆက်နေကြတဲ့ နိုင်ငံတွေလည်း သိသိသာသာတိုးတက်လာတယ်။
ဆီးရီးယားက တော်လှန်သူတွေ မစည်းလုံးတာ၊ညီညီညွတ်ညွတ် မပူးပေါင်းကြတာဟာ အဓိက ပြဿာနာ ဖြစ်ပြီး အယူဝါဒ၊လူမျိုး မတူညီကွဲပြားချက်တွေကြောင့် မဖြစ်နိုင်တော့ဘူး လို့တောင် ဆီးရီးယားအရေး လေ့လာနေသူတွေက ပြောဆိုခဲ့ကြတာပါ။
ဒီလို ထင်မြင်ချက်ဟာ မှားယွင်းကြောင့် ဆီးရီးယား ပြည်တွင်းစစ်ဖြစ်ပြီး (၁၄)နှစ်အကြာမှာ အာဏာရှင် အာဆက်အစိုးရဟာ ပြုတ်ကျ ထွက်ပြေးသွားခဲ့ရပါတယ်။
ဒီလို ဖြစ်လာရခြင်းကလည်း အကြောင်းချင်း များစွာ ရှိပါတယ်။
ဆီးရီးယား အာဏာရှင် အာဆက်အစိုးရဟာ အာဏာရှင်တို့ ထုံးစံအတိုင်း ပြည်သူကို ထိန်းချုပ်ရက်စက်ပြီး တဖက်မှာ အားကိုးရာ နိုင်ငံကြီးတွေကို အလွန်အကျူးမှီခိုကြတာပါ။
အာဆက်ဟာ သူ့အာဏာတည်မြဲဖို့ ရုရှားသမ္မတ ပူတင်ကို အလွန်အကျူးဆက်ဆံရေးတည်ထောင်ပြီး အကာအကွယ်ယူတာပါပဲ။
ဆီးရီးယား သဘာဝသံယာဇာတတွေကို ဈေးပေါပေါနဲ့ ပေးပြီး တဖက်ကနေ စစ်လက်နက်နဲ့ အထောက်အပံအကူအညီ ရယူပြီး တော်လှန်သူတွေနဲ့ ဆီးရီးယားပြည်သူတွေကို ထိန်းချုပ်ဖိနှိပ်ထားတာပါ။
သို့သော် ရုရှားဟာ ယူကရိန်းကို ကျူးကျော်ပြီးနောက်ပိုင်း ဖိအားတွေ တိုးလာသလို ဆုံးရှုံးမှုတွေ မြင့်မားတာ များလာတယ်။ ဒီလို ဖြစ်လာတော့ တဖက်မှာ သူ အကူအညီပေးနေရတဲ့ နိုင်ငံငယ်တွေကို အရင်လို အပြည့်အဝ မကူညီနိုင်တော့တာ တွေ့လာရတယ်။
ဒါအပြင် အီရန်ဟာလည်း အစ္စရေးနဲ့ စစ်ပြင်တာတွေကြောင့် အထိနာနေသလို တဖက်က ဟစ်ဘိုလာ အဖွဲ့အစည်းတွေ၊ပါလက်စတိုင်းအဖွဲ့အစည်းတွေ အထိနာနေခြင်းကလည်း ပံပိုးနိုင်အား လျော့ကျလာစေတယ်။
ဒါအပြင် ဆီးရီးယားစစ်တပ်ထဲမှာလည်း ရုရှားဩဇာခံတဲ့ တပ်မှူးတွေ၊ အီရန်ဩဇာကို နာခံတဲ့ တပ်မှူးတွေ မညီညွတ် စိတ်ဝမ်းကွဲတာ များလာတယ် လို့လည်း ဆိုကြတယ်။
အာဏာရှင် အာဆက်ကတော့ သူလိုချင်တာ မရရင် ဆီးရီးယားစစ်တပ်အရာရှိတွေကိုပါ ဖိနှိပ် ရက်စက်လာတာကြောင့် စစ်တပ်အတွင်း လူမှန်နေရာမှန်လျော့ကျလာနေတာပဲ။
ကမ္ဘာ့နိုင်ငံရေးအခြေအနေအရ အစ္စရေးနဲ့ အာရပ်နိုင်ငံတွေကြား စစ်အေးပြိုင်ပွဲက ပြင်းထန်လာသလို စစ်ပြင်နေကြရတဲ့ အခြေအနေက ဆီးရီယားကို ပံပိုးမှုတွေ လျော့ကျသွားစေတာပါပဲ။
ဒီလို အဖက်ဖက်က အပြောင်းအလဲ ဖြစ်နေချိန်မှာ ဆီးရီးယား တော်လှန်သူတွေကြား ပူးပေါင်းကာ ထိုးစစ်ကြီးတရပ် စတင်လိုက်တာပဲ ဖြစ်တယ်။ စစ်ရေးလေ့လာနေသူတွေ အံဩသွားစေမယ့် တော်လှန်ရေးအဖွဲ့တွေ စုပေါင်းပြီး အာဏာရှင် အာဆက်ရဲ့ စစ်တပ်ကို ထိုးစစ်ဆင်တာပါပဲ။ မဖြစ်နိုင်တော့ဘူး လို့ ယူဆထားကြကာ ကမ္ဘာ့နိုင်ငံတွေတောင် ဆီးရီးယားပြည်သူတွေကို မေ့လျော့ပြီး အာဏာရှင်ကို ပြန်ပြီး ဆက်ဆံရေးတည်ထောင်နေကြတဲ့ အချိန်မှာပါ။
ဒါပေမယ့် အာဏာရှင်တို့ရဲ့ လက်ကိုင်အဖွဲ့အစည်းတွေရဲ့ ထုံးစံအတိုင်း ကြီးနိုင်ငယ်နင်းပြီး အခွင့်အရေးရှာသူတွေ ပြည့်တာ၊ အပေါ်ဖား အောက်ဖိပြီး ကိုယ့်ကျိုးရှာတဲ့ စစ်တပ်ဟာ စိတ်ဓါတ်ခိုင်မာပြီး ကြိုးစားတဲ့ တော်လှန်သူတွေရဲ့ ထိုးစစ်ကို ကြုံရတဲ့အခါ မခံနိုင် အလျော့ပေးကြရတာပါပဲ။
ဆီးရီးယားစစ်တပ်မှာလည်း အောက်ခြေစစ်သားတွေကသာ အချိန်ပြည့်တိုက်ခိုက်နေကြရပြီး အရာရှိ၊အကြီးအကဲတွေက မြို့ပြမှာ အေးဆေးနေနေကြသလို ပြီးခဲ့တဲ့ (၁၄)နှစ်တာကာလပါတ်လုံး ရုရှားလေကြောင်းတိုက်ခိုက်မှုတွေ၊ ဆီးရီးယားလေတပ်နဲ့ တင့်ကားတပ်ဖွဲ့တွေရဲ့ ထိုးစစ်ကိုသာ အမှီပြုခဲ့ကြရတာ ဖြစ်တယ်။
သို့သော် တဖက်က တော်လှန်ရေးအဖွဲ့အစည်းတွေကြားမှာလည်း ဖိနှိပ်ငြင်းပန်းရက်စက်ခံရလေလေ ပြန်ပြီး နိုးထလာတဲ့ အားအင်ကြောင့် ပိုပြီး တက်ကြွတိုက်ခိုက်လာမှုကြောင့် လက်နက်ချင်းကွာသည့်တိုင် တိုက်ခိုက်မှု အရှိန် တိုးလာတာပါ။
အရင်တုန်းက မစည်းလုံး မညီညွက်မှုတွေကြောင့် ဆီးရီးယား စစ်တပ်ဟာ သူတို့ကြိုက်တဲ့ နေရာကို ထိုးစစ်ဆင်နိုင်ခဲ့တယ်။ အခုလို စည်းလုံးညီညွတ်စွာ နေရာစုံက ထိုးစစ်ဆင်လာချိန်မှာ မခံနိုင်တော့ပဲ ချက်ချင်းပြိုဆင်းသွားခဲ့ရတာပါ။ ဆီးရီးယားနိုင်ငံက ဒုတိယအကြီးဆုံး အလက်ပိုမြို့ကို သိမ်းပိုက်ပြီးနောက် ဆက်တိုက်ဆိုသလို ဟုမ်းမြို့ကိုပါ ဆက်သိမ်းခဲ့တယ်။နောက် သိပ်မကြာမှီ ဆီးရီးယား မြို့တော် ဒမားစကပ်မြို့နားထိ ရောက်လာပြီးနောက် ဆီးရီးယားရဲ့ အာဏာရှင် အာဆက်ဟာ နိုင်ငံကို စွန့်ခွာပြီး ထွက်ပြေးသွားခဲ့ရပါတယ်။
လက်ရှိကာလမှာ မိတ်ဖက် ရုရှားနိုင်ငံကို ထွက်ပြေးသွားတယ် လို့ ဆိုနေကြပေမယ့် အတိအကျ မသိရသေးပေမယ့် ဆီးရီးယားမှာတော့ တော်လှန်သူတွေ စုစည်းပြီး ကြားဖြတ်အစိုးရတရပ်ကို ဖွဲ့စည်းနိုင်ခဲ့ကြပြီလို့ ဆိုရမှာပါ။
ဒီအချက်တွေဟာ ဆီးရီးယားနိုင်ငံကို နှစ်ပေါင်း(၅၀)ကျော်ကြာ အုပ်ချုပ်ခဲ့ကြတဲ့ အာဏာရှင် မျိုးရိုး ပြုတ်ကျမှုရဲ့ နောက်ဆုံး မြင်ကွင်း ဖြစ်သလို တဖက်မှာလည်း ဆီးရီးယားနိုင်ငံရဲ့ ခြေလှမ်း အစလည်း ဖြစ်နေပါတယ်။
အာဏာရှင်ကို တိုက်ထုတ်ဖို့ မတူညီမှုတွေ ဘေးဖယ်ထားပြီး ရင်ဆိုင်တိုက်ထုတ်ပြီး ဖြစ်ပေမယ့် စိန်ခေါ်မှုတွေလည်း တပွေးတပိုက်နဲ့ပါ။
အာဏာရှင် အာဆက် ပြုတ်ကျသွားပြီးချိန်မှာတော့ တော်လှန်သူတွေကြားမှာ မတူညီမှုတွေ၊ကွဲပြားမှုတွေကို ဆက်ညိနှိုင်းကြရမယ့်သဘောပါ။
နိုင်ငံတကာက အစွန်းရောက်အဖွဲ့အစည်းလို့ စာရင်းသွင်းထားတဲ့ HTS အဖွဲ့က ထောက်ခံတဲ့ မိုဟာမက် အယ်လ်ဘရှား က ကြားဖြတ်အစိုးရခေါင်းဆောင် အဖြစ် (၃)လ တာဝန်ယူသွားဖို့ သဘောတူညီမှု ရထားကြပါတယ်။
ဒါအပြင် ဒီအဖွဲ့ဟာ အရင်က အယ်လ်ကွေဒါ အဖွဲ့နဲ့ ဆက်စပ်တဲ့ အဖွဲ့အစည်းဖြစ်ပေမယ့် နောက်ပိုင်း ခေါင်းဆောင်ဖြစ်သူ အဘူလ်မိုဟာမက် အယ်လ်ကိုလာနီ က ဂျီဟက်ဝါဒီကို ရှေ့တန်းမတင်သူ အဖြစ် ပြသထားပါတယ်။
ဒါအပြင် ဆီးရီးယားနိုင်ငံ မြောက်ပိုင်းမှာ ခရစ်ယာန် ကောဒ့်လူမျိုးစုတွေက နယ်မြေခြေကုပ်ယူထားပြီး တဖက်မှာလည်း တူရကီထောက်ပံထားတဲ့ ဆီးရီးယားတော်လှန်ရေးအဖွဲ့နဲ့ အပြန်အလှန် တိုက်ခိုက်နေကြဆဲ ဖြစ်တယ်။
ဒါအပြင် ဆီးရီးယားနိုင်ငံမှာ IS အယူဝါဒတွေ တဖန်ပြန်ထလာမှာကို စိုးရိမ်ရသလို အစ္စရေးကလည်း အစွန်းရောက် အဖွဲ့တွေဆီ ဆီးရီးယားစစ်တပ်ရဲ့ စစ်လက်နက်တွေ မရောက်သွားဖို့ အကြိမ်ရေ ရာချီ တိုက်ခိုက်ဖျက်စီးထားပါတယ်။
ရုရှားစစ်အခြေစိုက်စခန်းတွေလည်း ပြန်ဆုတ်ခွာနေပြီ ဖြစ်သလို အာဆက်ကျဆုံးမှုဟာ ရုရှားအစိုးရ ပုံရိပ်ကို အကြီးအကျယ်ထိခိုက်သွားစေခဲ့တယ်။ဒါအပြင် အီရန်လို နိုင်ငံအတွက်လည်း အကြီးအကျယ် ထိုးနှက်ချက်ဖြစ်စေခဲ့သလို ဆီးရီးယားမှာ ခြေကုပ်ပြီး အစွန်းရောက်အဖွဲ့အစည်းတွေကို ထောက်ပံဖို့ ခတ်ခဲသွားစေပါတယ်။
ဒါအပြင် မျိုးနွယ်တူတဲ့ အင်အားစုတရပ် လျော့ကျသွားခြင်းက ဒေသတွင်းမှာ ဩဇာကျဆင်းမှု ဖြစ်သွားစေတာပါ။
ဒီအပြင် လက်ရှိ ဆီးရီးယားနိုင်ငံကို ဘယ်လို ပုံဖော် အုပ်ချုပ်ကြမလဲဆိုတာက ခက်ခဲကြမ်းတမ်းတဲ့ စိန်ခေါ်မှုပါ။ အရှေ့ အာရပ်နွေဦးနိုင်ငံတွေမှာလည်း အခုထိ အစည်းမပြေသေးတဲ့ ပဠိပက္ခတွေ ကျန်ရှိနေသေးသလို အချင်းချင်းတိုက်ခိုက်မှုတွေလည်း ကြီးထွားနေဆဲပါ ။
ဆီးရီးယား သူပုန်တပ်ပေါင်းစုဟာ အာဏာရှင် အာဆက်အစိုးရကို ဖြုတ်ချနိုင်ပေမယ့် အချင်းချင်း အာဏာရှင် ဖြစ်မလာကြဖို့ ရှင်းလင်းကြရအုန်းမှာပါ။
နှစ်ပေါင်း(၁၄)နှစ်ကြာတဲ့ အာဏာရှင် ဖြုတ်ချရေးလမ်းကြောင်းဟာ ရှည်ကြာခဲ့ပေမယ့် တကယ်တမ်း အာဆက်အစိုးရ ပြုတ်ကျသွားခဲ့တာက ရက်အနည်းငယ်အတွင်း ပြိုဆင်းသွားခဲ့တာပါ။
ဒါဟာ အာဖဂန်နေစ္စတန်နိုင်ငံပြီးရင် အလျှင်အမြန် ပြိုလဲသွားတဲ့ ကျဆုံးခန်းကို မြင်ကြရတာပါ။ သို့သော်လည်း မဖြစ်နိုင်ဘူး ယူဆကြတဲ့ အခြေအနေကို ဆီးရီးယားတော်လှန်သူတွေက ပြောင်းပြန်လှန်လိုက်ကြပါပြီ။
ဒီထက် ပိုကြုံတွေ့လာရမယ့် စိန်ခေါ်မှုကိုလည်းစည်းလုံးမှုနဲ့ ဖြေရှင်းနိုင်ကြမလား ဆိုတာက စိတ်ဝင်စားစရာပါ။
ဘာပဲ ဖြစ်ဖြစ် ဆီးရီးယား ပြည်တွင်းစစ်ကတော့ သင်ခန်းစာ ယူစရာတွေ အပြည့် ရှိနေပါတယ်။ ကမ္ဘာကြီးက ထင်မြင်ထားတဲ့ ယူဆချက်ကိုပါ ပြောင်းလဲသွားစေနိုင်ခဲ့တာက ချီးကျူးစရာ ကောင်းတဲ့ အချက်ပါပဲ ။ဒါပေမယ့် ဒါဟာ နိဂုံး မဟုတ်ပဲ အစဦး ဖြစ်နေတာပါ။
သမိုင်းတခေတ်ကုန်ဆုံးရင် သမိုင်းသစ်က စတင်ရေးထိုးနေတာမို့ ဆီးရီးယား အရေးဟာ ဆက်စောင့်ကြည့်ရမယ့် အရေးပါပဲ။