ဟားခါးကျူးကျော်မြေကွက်ရောင်းချသူ (၆)ဦးဖမ်းဆီးတဲ့ထဲတွင် အစိုးရရရှိတဲ့ပွဲစား (၁၀)ဦးထဲမှ သုံးဦးသာဖမ်းဆီးခံရ
ချင်းပြည်နယ်အစိုးရက ကျူးကျော်မြေကွက်များရောင်းချသူစာရင်း (၁၀)ဦးထဲမှ သုံးဦးသာ စက်တင်ဘာ (၈)ရက်နေ့တွင်ဖမ်းဆီးခံရတယ်လို့သတင်းရရှိပါတယ်။
ကျူးကျော်မြေကွက်ရောင်းချလို့ဖမ်းဆီးထားတဲ့သူများမှာ ဦးဇုန်မန် (၆၀ နှစ်)၊ ဦးဘွဲ့အောရ်(၅၄ နှစ်)၊ ဦးချန်တလိန်း (၆၀ နှစ်)၊ သိက္ခတော်ရဆရာ ဒေါက်တာဟရန်ကီးလ် (၅၈ နှစ်)၊ ဦးမဲ့အယ် (၇၄ နှစ်) နဲ့ ဒေါ်ငွန်ပါရ် (၅၂ နှစ်)တို့ဖြစ်ပါတယ်။ ၎င်းတို့ထဲမှ ပြည်နယ်အစိုးရရဲ့ မြေပွဲစားစာရင်တွင် သိက္ခတော်ရဆရာ ဒေါက်တာဟရန်ကီးလ်၊ ဦးချန်တလိန်း နဲ့ ဦးမဲ့အယ်တို့သာ ဖမ်းဆီးခံရပါတယ်။
ပြည်နယ်အစိုးရရဲ့ မြေပွဲစား (၁၀)ဦးစာရင်းမှာ သိက္ခတော်ရဆရာ ဒေါက်တာဟရန်ကီးလ်၊ ဦးမဲ့အယ်၊ ဦးမန်လှန့်၊ ဦးချန်တလိန်း၊ ဦးဟရန်ကဲ့၊ ဦးထလာကျူံး၊ ဦးတီရဲလ်လျန်မှုန်၊ ဦးအုပ်သဲ၊ ဦးချန်ဟရမ်၊ နဲ့ ဦးတီရဲလ်မန်တို့ဖြစ်ပါတယ်။
ပြည်နယ် စည်ပင်ဝန်ကြီး ဦးစိုးထက်က “ ပိုင်ဆိုင်မှုမပြနိုင်ပဲနဲ့ အစိုးရစီမံခန့်ခွဲပိုင်တဲ့မြေကို ရောင်းစားတာပေါ့။ နောက်ပိုင်းစိစစ်တော့ ၆ ယောက်ကအကျုံးဝင်တယ်။ ကျန်တဲ့ဟာတွေတော့ ကျနော်မသိဘူး။ လောလောဆယ်တော့ အစိုးရစီမံခန့်ခွဲပိုင်တဲ့မြေကို သူတို့ဟာနဲ့သူတို့ရောင်းတာပေါ့နော်။ ဟားခါးမြို့နယ် ထွေအုပ် ဒုအုပ်ချုပ်ရေးမှူး ဦးတင့်ဝေက ပြည်သူ့ပိုင်ပစ္စည်း ဥပဒေ ပုဒ်မ ၆ (၁)နဲ့တရားလိုလုပ်ပြီးတရားစွဲဆိုထားတယ်” လို့ပြောပါတယ်။
၁၉၄၇ ခုနှစ်တွင်ပြဌာန်းထားတဲ့ ပြည်သူပိုင်ပစ္စည်းကာကွယ်စောင့်ရှောက်ရေး အက်ဥပဒေ ပုဒ်မ -၆(၁) တွင်အစိုးရပိုင်(ပြည်သူပိုင်)ပစ္စည်းကို ခိုးယူ၊ အလွဲသုံးစားပြုလုပ်၊ အကျိုးဖျက်ဆီး၊ တရားမဝင်လက်ဝယ်ထားရှိရင် ထောင်ဒဏ် (၇)နှစ်အထိချမှတ်နိုင်တယ်လို့ဖော်ပြထားပါတယ်။
ဟားခါးမြို့ ကြောဘုတ်ရပ်ကွက်မြေကို ရောင်းချတဲ့ပွဲစားတွေကို စက်တင်ဘာ (၇)ရက်တွင် မြေကွက်ဝယ်ယူတဲ့သူတစ်ဦးက တိုင်ကြားထားတယ်လို့ ဦးစိုးထက်ကဆိုပါတယ်။