ဇန်နဝါရီ ၂၆၊ ၂၀၂၆
Zalen
အကြမ်းဖက်စစ်တပ်က မတရားအာဏာသိမ်းပိုက်ခဲ့စဉ်က ဟားခါးမြို့လူငယ်များကို ဦးဆောင်ပြီး လူထုသပိတ် စတင်ဆင်နွှဲခဲ့သူ ၊ ချင်းလူငယ်များအနက် အားကိုးအားထားရတဲ့ လူငယ်ခေါင်းဆောင် ဆလိုင်းငွန်ဆန်းအောင် ဟာ ယမန်နေ့ ဇန်နဝါရီလ ၂၅ ရက်မှာရုတ်တရက်ကွယ်လွန်သွားတယ်လို့ သူနဲ့နီးစပ်သူတဦးထံကနေ သိရပါတယ်။
ဆလိုင်းငွန်ဆန်းအောင်ဟာ နာမကျန်းဖြစ်လို့ ဆေးကုသမှုခံယူနေသူလို့သိရပြီး ယမန်နေ့မနက်ပိုင်းမှာ မူးလဲခဲ့ပြီး ညနေပိုင်းမှာ ယခုလိုကွယ်လွန်သွားခြင်းဖြစ်တယ်လို့ သူနဲ့နီးစပ်သူတဦးက ပြောပါတယ်။
“မနေ့က ကလေးချီရင်းနဲ့ မူးလဲသွားတာ။ မူးလဲချင်းချင်းတော့ပြန်ထတယ်။ ဘာမှမဖြစ်သလိုပါဘဲ။ အဲလိုနဲ့ နေ့လယ်ပိုင်းမှာ အကြောဆွဲပြီးတက်သွားတာ။ နေခန်းသွားပြတော့ ဆေးခန်းရောက်တဲ့အချိန်ထိလည်း သူ ကောင်းကောင်းသတိရတယ်။ ဆေးခန်းရောက်ပြီးနောက်ပိုင်းမှာ ခေါင်းမူး၊ အော့အန်တာတွေဖြစ်ပြီးတော့ ဒီလိုနဲ့ ဆုံးသွားတာ။ သူဆုံးသွားတဲ့အဓိကအကြောင်းအရင်းတော့ မသိသေးဘူး။” လို့ သူနဲ့ခင်မင်ခဲ့သူ တဦးက Zalen ကိုပြောပါတယ်။
ဆက်လက်ပြီးသူက “ယခုလိုသူရုတ်တရက်ကွယ်လွန်သွားတာအရမ်းနှမြောမိပါတယ်။ ချင်းလူငယ်များထဲမှာ တကယ်ကိုအားထားရတဲ့သူပါ။ သူက အတွေ့အကြုံနဲ့ အထွေထွေဗဟုသုတလည်းကြွယ်ဝသူပါ။ မာနမကြီးဘူး။ လူတိုင်းနဲ့ပေါင်းသင်းတက်သူဆိုတော့ အပေါင်းအသင်းလည်းများတယ်။ သူ့အလုပ်ပေါ်မှာလည်းသူက တန်ဖိုးထားတယ်။ အနာဂတ်ချင်းခေါင်းဆောင်တဦးကို ဆုံးရှုံးတာပါဘဲ။” လို့ပြောပါတယ်။
အကြမ်းဖက်စစ်တပ်က အာဏာမသိမ်းခင် ဆလိုင်းငွန်ဆန်းအောင်ဟာ သတင်းသမားဖြစ်တဲ့အပြင် အရပ်ဘက် အဖွဲ့အစည်းများမှာလည်း ဦးဆောင်သူအဖြစ်ပါဝင်လေ့ရှိသူဖြစ်ကာ ကွယ်လွန်ချိန်မှာ သမီးနဲ့ဇနီးဖြစ်သူတို့ကျန်ရစ် ခဲ့တယ်လို့သိရပါတယ်။
သတင်း – Mickey
ဓာတ်ပုံ-လူမှုကွန်ယက်



















