အမျိုးသမီးတို့အတွက် လုံခြုံမှုကင်းမဲ့ လာတဲ့ ကလေးမြို့ပေါ်က လမ်းမများ

Helen 

” သူတို့(စစ်ကောင်စီ)ကို မြင်ကတည်းက ကျွန်မ ကြောက်နေခဲ့တာ။ အခုဆို အဲဒီဘက်ကို မသွားရဲတော့ဘူး။ အပြင်သွားရင် အဖော်ပါမှ သွားရဲတယ်။ အိမ်ပြန်ရောက်မှ စိတ်လုံခြုံတယ်လို့ ခံစားရတယ်။ “

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ နေထိုင်တဲ့ မ‌ချယ်ရီက သူကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်ကို ပြန်ပြော‌နေတာပါ။

ဒီလိုကြုံတွေ့ပြီးတဲ့နောက် မချယ်ရီဟာ အပြင်ကို တစ်ယောက်တည်း မသွားလာရဲတော့ပါဘူး။

မကြာသေမီက မချယ်ရီတစ်ယောက် နေ့ခင်းကြောင်တောင်မှာ စစ်ကောင်စီတပ်သား သုံးဉီးက လမ်းပေါ်မှာ သေနတ်နဲ့ခြိမ်းခြောက်တားဆီးကာ ပိုက်ဆံအိတ်နဲ့ ဖုန်းလုယူခံရပါတယ်။

ကလေးမြို့ စက်မှုဇုန်ဘက်ကနေ တောင်ဖီလာရပ်ကွက်ကို သွားချိန်မှာ စစ်ကောင်စီတပ်ရဲ့ ခြိမ်းခြောက် လုယက်ခံခဲ့ရတာ ဖြစ်ပါတယ်။

ဇူလိုင်လဆန်းပိုင်းကစပြီး တောင်ဖီလာရပ်ကွက်နဲ့ တာဟန်း ရပ်ကွက်‌ရဲ့ ဒုတိယလမ်းထောင့်တွေမှာ စစ်ကောင်စီတပ်သားတွေ ဖြန့်ကျက် နေရာယူလာကြပါတယ်။

အာဏာသိမ်းပြီးနောက် ကလေးမြို့ပေါ်မှာ စစ်ကောင်စီတပ်က စစ်ဆေးရေးဂိတ် ၅ခု ထက်မနည်း တပ်စွဲထားပြီး လမ်းမတွေပေါ်မှာ ရှောင်တခင် စစ်ဆေးတာတွေကို မကြာခဏ လုပ်လေ့ရှိပါတယ်။

လမ်းမကြီးပေါ်ရှိ စစ်ကောင်စီ စစ်ဆေးဂိတ်တွေကို ဖြတ်သန်းရတာ စွန့်စားခန်းတစ်ခုကို ကျော်ဖြတ်ရသလိုပဲလို့ ဒေသခံတွေက ပြောပါတယ်။

ကလေးမြို့ခံ မနွမ်နွမ်က ” ကျွန်မတို့ စစ်ဆေးရေးဂိတ်ရှေ့ကနေ ဖြတ်မယ်ဆိုရင် ဘုရားတ နေရတယ်၊ သူတို့ မထင်ရင် မထင်သလို‌ ခေါ်စစ်ပြီး ပိုက်ဆံတောင်းချင်လည်း တောင်းတယ်။ ဂိတ်ကို ကျော်သွားမှ အသက်၀၀ ရှုရဲတော့တယ်။  နောက်ကျောကနေ မလုံဘူး၊ ဘယ်ချိန် ကျည်ထိမလဲဆိုပြီး စိုးရိမ်နေရတယ်။ ” လို့  ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလအတွင်းမှာ ဆိုင်ကယ်စီးလာတဲ့ အမျိုးသမီးတစ်ဦး ကြို့သုံးပင်ရပ်ကွက်မှာ  စစ်ကောင်စီက နောက်ကနေ ပစ်ခတ်လို့ ကျည်ဆန် ညာဖက် လက်မောင်း ထိမှန် ဒဏ်ရာရခဲ့ပါတယ်။

စစ်ဆေးရေးဂိတ်တွေမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေဟာ သူတို့ ရိက္ခာပြတ်လပ်လာတဲ့အခါ ဖြတ်သန်းသွားလာတဲ့ ကားတွေရော၊ ဆိုင်ကယ်တွေကို စစ်ဆေး ငွေတောင်းသလို အမျိုးသမီးတွေကို ထိကပါးရိကပါး လုပ်တာ‌တွေလည်း ရှိတယ်လို့ မြင်တွေ့သူတွေက ပြောပါတယ်။

” ဂိတ်တွေက စစ်သားတွေ သူတို့ ငတ်လာပြီဆို ဆိုင်ကယ်တွေ၊ကားတွေတားပြီး စစ်တယ်။ အ‌ကြောင်းအမျိုးမျိုးပြပြီး ပိုက်ဆံတောင်းတယ်၊ ပိုက်ဆံ တစ်ရက်တောင်းပြီးရင် တပတ်လောက် ရိက္ခာဖူလုံသွားပြီလေ။ အဲဒီလို လုပ်စားနေတာ။ ပိုက်ဆံမရရင် ရိုက်တာနှက်တာ မြင်တွေ့နေရတယ်။ တချို့ဆို ညနေ ၅နာရီကျော် ၆နာရီ မှာ ဂိတ်ရှေ့က ဖြတ်ရင် ခေါ်ပြီး ပါးရိုက်တာတွေပါ ရှိတတ်တယ်။ ဒါကြောင့် ညနေ ၄နာရီကျော် ၅နာရီဆိုရင် ဂိတ်ကို မဖြတ်ရဲကြတော့ဘူး ” လို့ တာဟန်းရပ်ကွက်မှာ နေထိုင်တဲ့ မသဇင်က ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ စစ်ဆေးရိုက်နှက် နှိပ်စက်မှုကြောင့် ၂၀၂၃ စက်တင်ဘာလတွင် အမျိုးသမီး တစ်ဉီး သေဆုံးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃၊ ဩဂုတ်လ ၂၇ ရက်နေ့က မဒိုဒိတ်ဟွဲဟာ သူငယ်ချင်းတစ်ဦးနဲ့အတူ ပြည်တော်သာကနေ ကလေးမြို့အသွား လမ်းမှာပဲ သွေးထွက်တဲ့အထိ စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးရိုက်နှက်တာခံခဲ့ရပြီး ဆိုင်ကယ်၊ ဖုန်းနဲ့ ပိုက်ဆံအိတ်တွေပါ အသိမ်းခံခဲ့ရပါတယ်။

စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးရိုက်နှက်စစ်ဆေးတာခံခဲ့ရပြီးနောက်  အဲဒီဒဏ်တွေကြောင့် အသက် ၃၁ အရွယ် မဒိုဒိတ်ဟွဲဟာ နေမကောင်းဖြစ်ပြီး မန္တလေးမြို့ကို ဆေးကုသဖို့အသွား စက်တင်ဘာလ ၅ ရက်နေ့မှာ သေဆုံးသွားတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

ဒါ့အပြင် ၂၀၂၃ခုနှစ်၊ ဇူလိုင်လတွင် ကလေးမြို့၊ မွန်းလိုင်ရပ်ကွက်မှာ နေအိမ်အတွင်း တ‌စ်ယောက်တည်းရှိနေတဲ့ အမျိုသမီးတစ်ဦးကို စစ်ကောင်စီတပ်သားနှစ်ဦးက ဖုန်း၊ ပိုက်ဆံနဲ့ ရွှေလက်စွပ်၊ ရွှေနားကပ်တွေကို ခြိမ်းခြောက်လုယက်ခဲ့ပြီး အမျိုးသမီးကို သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့ပါတယ်။

ကလေးမြို့မှာ ဒီနှစ် ဇူလိုင်လလယ်ပိုင်းကစပြီး မြို့ပေါ်ရပ်ကွက်တွေက နေအိမ်တွေမှာ စစ်ကားတွေနဲ့ အင်အား အလုံးအရင်း ၀င်ရောက်စစ်ဆေးနေတယ်လို့ သိရပါတယ်။

” သူတို့က အကြောင်းမရှိ အကြောင်းရှာပြီး ဖမ်းသွားမှာပဲ စိုးတာ။ ကိုယ့်အိမ်‌ထဲမှာတောင် စိတ် မလုံခြုံဘူး။ လာပြီး သေနတ်ပြ ပိုက်ဆံတောင်းတာတွေက ပိုများလာတော့ ကြောက်နေရတယ်။ ကိုယ့်ရဲ့အိမ်မှာတောင် ကိုယ်တစ်ယောက်နေဖို့ မရဲတော့တဲ့ အခြေနေဖြစ်နေပြီ။ ” လို့ မမွမ်ပီးက ပြောပါတယ်။

ဆိုင်ကယ်ကိုသာ အဓိက သုံးပြီး သွားလာနေရတဲ့ ကလေးမြို့မှာ အရင်က အလုပ်သွား၊ အလုပ်ပြန်ကို ဆိုင်ကယ် စီးပြီး ည ၈နာရီလောက်အထိ  သွားလာနေခဲ့ကြတာပါ။

အာဏာသိမ်းပြီးနောက်မှာတော့ အရင်က ညနေဆို စည်းကားခဲ့တဲ့ ကလေးမြို့ လမ်းမတွေဟာ အခုတော့ ခြောက်ကပ် တိတ်ဆိတ်နေကြပါပြီ။

၂၀၁၉ ခုနှစ်တွေက ညနေခင်းတွေမှာ အလုပ်သိမ်းချိန် မိသားစုတွေနဲ့အတူ မုန့်ထွက်စားပြီး လေညှင်းခံရတဲ့ အချိန်တွေကို ပြန်လွမ်းမိတယ်လို့ အိမ်ရှင်မတစ်ဦး ဖြစ်တဲ့ မဝါက ပြောပါတယ်။

“အရင်ကဆို ကျွန်မတို့ အလုပ်သိမ်းချိန် ကလေးတွေနဲ့ မြို့ထဲသွားကြတယ်။ ကလေး၀ လမ်းမပေါ်မှာ ဈေးဆိုင်တွေ တန်းစီလို့ လေညှင်းခံရင်း မုန့်စားကြတာ သတိရတယ်။ ကလေးတွေလည်းပျော်၊ ကိုယ်တွေ စိတ်အပန်းဖြေပေါ့။ အခုတော့ ညဘက် နေမ၀င်ခင် အိမ်ရောက်ဖို့ပဲ စိတ်လောနေရတယ်။ ဒီလိုကြီး မနေချင်ဘူး၊ အမြဲစိုးရိမ်ပြီး အမြဲကြောက်လန့်နေရတယ်။ ” လို့ မဝါက ဆိုပါတယ်။

၂၀၂၄ခုနှစ်၊ ဇန်နဝါရီ၁ရက်ကနေ ဇူလိုင် ၃၁ရက်အထိ ၇လတာအတွင်း စစ်ကောင်စီတပ်ကြောင့် စစ်ကိုင်းတိုင်းက အမျိုးသမီး ၁၁၁ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)

က ဩဂုတ် ၂ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

AAPPရဲ့ စာရင်းအရ အာဏာသိမ်းပြီးချိန်ကစလို့ လက်ရှိအထိ စစ်ကောင်စီတပ်ကြောင့် အမျိုးသမီး ၁၀၈၇ ဦး ‌သေဆုံးပြီး စစ်‌ေကာင်စီက ဖမ်းဆီးထားတဲ့ အမျိုးသမီး ၅၆၁၁ ဦးအထိ ရှိနေပါတယ်။

ဤဆောင်းပါးမှာ ပါ၀င်တဲ့ အမျိုးသမီးများ၏ အမည်များကို  သူတို့ရဲ့ လုံခြုံရေးအရ အမည်လွှဲဖော်ပြထားပါတယ်။

နောက်ဆုံးရသတင်းများ

မထင်မှတ်ပဲ သာမန်မဟုတ်တဲ့ ဘဝသစ်ကို လျှောက်လှမ်းတဲ့ အောက်ချင်းငှက်

Grace သွတ်မိုးသွတ်ကာနဲ့ ၁၀ ပေ ပတ်လည်အခန်းကျဉ်း လေးထဲမှာ လူငယ်တစ်ယောက် ကုတင်ပေါ်မှာ မလှုပ်မရှားအိပ်နေတယ်။ အခုလို ကိုယ်နဲ့ကုတင်မခွာအိပ်လာတာ တစ်နှစ်ကျော်လာပြီ။ ခြေရင်းမှာလည်း ဂီတာတစ်လုံးချိတ်ထားတယ်။ ဂီတာ သပ်သပ်တော့မဟုတ်ဘူး၊ ဒါဟာ သူ့ရဲ့အဖော်လည်းဖြစ်တယ်။ သူ့မျက်နှာကြည့်ရတာတော့ ဆယ်ကျော်သက်အရွယ်လေးပေါ့။ ...

ဆက်ဖတ်ရန်