အာဏာပိုင်တွေရဲ့ထိပါးစော်ကားမှုကို သည်းခံနေရတဲ့ အမျိုးသမီးတွေ

Helen

“ငါနဲ့အတူ အိပ်ပေးမလားလို့ မေးတယ်”

နိုင်ငံရေးပုဒ်မတပ် အကျဥ်းချခံထားရတဲ့ အ မျိုးသားကို ထောင်ဝင်စာတွေ့ခွင့်ရဖို့ ကြိုးပမ်းရင်း မဇူးဇူးတစ်ယောက် ထောင်ပိုင်ရဲ့ လိင်အ သားယူစော်ကားတဲ့ အမေးကို ခံခဲ့ရပါတယ်။

ထောင်ပိုင်ရဲ့ ရိုင်းပြတဲ့စကားကိုကြားတော့ မဇူးဇူးတစ်ယောက် မခံရပ်နိုင်လောက်အောင် ဒေါသထွက်သွားတယ်။ ပြီးတော့ စစ်ကောင်စီဝန်ထမ်းတစ်ဦးရဲ့ ခုလိုစော်ကားမော်ကားပြောဆိုခံရတဲ့အပေါ် ရှက်လည်းရှက်မိတယ်။

“ပြန်ပြောလိုက်ချင်ပေမယ့် အထဲမှာရှိနေတဲ့ ကျမ ယောက်ျားကြောင့် သည်းခံလိုက်ရတယ်”လို့ မဇူးဇူးက ရင်ဖွင့်ပါတယ်။

ဒါကတော့ နိုင်ငံရေးအကျဉ်းသားတစ်ဦးရဲ့ ဇနီး ဖြစ်တဲ့ မဇူးဇူးက ထောင်ဝင်စာတွေ့ရင်း ကြုံခဲ့ရပုံကို ပြောပြလာတာဖြစ်ပါတယ်။ မဇူးဇူးရဲ့ အ မျိုးသားဟာ စစ်ကိုင်းတိုင်း၊ ကလေးအကျဉ်း ထောင်မှာ ဖမ်းဆီးထောင်ချခံထားရတာပါ။

လက်ရှိ ကလေးအကျဉ်းထောင်မှာ အကျဉ်း သား၊ အကျဉ်းသူ စုစုပေါင်း ၁,၅၀၀ နီးပါးရှိပြီး အဲဒီထဲမှာ နိုင်ငံရေး အကျဉ်းသား၊ အကျဉ်းသူ ၅၀၀ နီးပါးရှိတယ်လို့ အကျဥ်းဦးစီးဌာန စာရင်းတွေအရ သိရပါတယ်။

ကလေးအကျဉ်းထောင်က အာဏာပိုင်တွေဟာ နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစုဝင်တွေအပေါ် လိင်ပိုင်းဆိုင်ရာနှောင့်ယှက်ပြော ဆိုမှုတွေ၊ ထိကပါးရိကပါးပြုလုပ်တာတွေ ရှိနေတယ်လို့ ကိုယ်တိုင်ကြုံရတဲ့ အကျဥ်းသားမိ သားစုဝင်တွေက ပြောပါတယ်။

အဲဒီလို ထိပါးနှောက်ယှက်ခံရသူတွေထဲမှာ မဇူးဇူးဟာ တစ်ဦးအပါအ၀င် ဖြစ်ပါတယ်။

“ကျွန်မ ထောင်၀င်စာတွေ့ပြီးနောက်မှာ ထောင် ပိုင်က ဖုန်းဆက်လာတယ်။ သူ့ကို ကိုကြီးလို့ခေါ်ခိုင်းတယ်။ အံ့ဩသွားတယ်၊။ သူက ကျွန်မရဲ့ ဦးလေးအရွယ်လေ”

ကိုကြီးလို့ ခေါ်ခိုင်းယုံတင်မဟုတ်ဘဲ ထောင်ပိုင်က ခုလို ဆက်ပြောတဲ့အကြောင်း မဇူးဇူးက ဆက်ပြီး ပြောပြပါတယ်။

“သူနဲ့ သီးသန့်ချိန်းတွေ့ပြီး အတူနေပေးရင် အမျိုးသားကိုလည်း လျှော့ရက်တွေရအောင် လုပ်ပေးလို့ရတယ်လို့ ပြောလာတယ်”

အမှန်ဆို မဇူးဇူးထင်လိုက်တာက ထောင်ပိုင်ကြီးနဲ့သာ အဆက်သွယ်ရရင် သူ့ခင်ပွန်း ထောင်ထဲမှာ ပိုအဆင်ပြေမယ်ယူဆပြီး ဖုန်းနံပါတ်ပေးခဲ့မိတာ။ ခုတော့ အထင်နဲ့အမြင်လွဲနေပြီဆိုတာကို ထောင်ပိုင်ရဲ့ လိင်အမြတ်ထုတ်ပြောဆိုလာတဲ့စကားတွေက သက်သေခံနေပါတော့တယ်။

အခုလိုမျိုး ထောင်ပိုင်နဲ့ ထောင်ဝန်ထမ်းတွေရဲ့ ထိပါးစော်ကားမှုကိုခံရတာ မဇူးဇူးတစ်ယောက် တည်းတော့ မဟုတ်ပါဘူး။ တခြားနိုင်ငံရေးအ ကျဉ်းသား မိသားစု၀င်တွေလည်း ကြုံခဲ့ရတယ်လို့ ဆိုပါတယ်။

နိုင်ကျဥ်းမိသားစုတွေထဲက ကိုယ်တိုင်ကြုံခဲ့ရသူ နောက်တစ်ဦးဖြစ်တဲ့ မစန်းစန်းက သူ့အဖြစ်ကို ခုလိုရှင်းပြပါတယ်။

“ယောက်ျားနဲ့ ခွဲနေတော့မှ ပိုလှလာတယ်တို့၊ အသစ်ထားရင် ကျွန်တော့်ကို အရင်စဉ်းစားတို့၊အဲဒီလောက်ထိ အပြောခံခဲ့ရတယ်”လို့ ဆိုပါတယ်။

မစန်းစန်းရဲ့ အမျိုးသားဟာ ပေါက်ကွဲစေတတ်တဲ့လက်နက်ကိုင်ဆောင်မှုနဲ့ စွပ်စွဲခံရပြီး စစ်ကောင်စီရဲ့ နှစ်ရှည်ထောင်ဒဏ်ချမှတ်ခြင်းကို ခံထားရတာပါ။ ကလေးငယ်သုံးဦးနဲ့ကျန်ခဲ့တဲ့ မစန်းစန်းဟာ ဈေးရောင်းရင်း စား၀တ်နေရေး ရုန်းကန်နေရသူဖြစ်ပါတယ်။ အဲလို ခက်ခဲကြပ်တည်းတဲ့ကြားကပဲ အမျိုးသားထံ ကြိုးစားပြီးထောင်၀င်စာပို့ပေးနေသူ ဖြစ်ပါတယ်။

“တကယ်တော့ အထဲမှာရှိတဲ့ ကိုယ့်မိသားစု၀င်တွေကို အဆင်ပြေပါစေတော့ဆိုပြီး ထောင်၀န်ထမ်းပြောသမျှ ငြိမ်ခံခဲ့ရတာ။ ထိပါးပြောလည်း မသိချင်ယောင်ဆောင်ရတာ”လို့ မစန်းစန်းက သူ့ခံစားချက်ကို ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသူတွေရဲ့ အဆောင်တွေမှာလည်း အမျိုးသားထောင်၀န်ထမ်းတွေ သွားလာဝင်ထွက်တာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ဒါ့အပြင် အဲဒီအမျိုးသားဝန်ထမ်းတွေက အကျဉ်းသူတွေကို နှုတ်နဲ့ရော အပြုအမူနဲ့ပါ လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်တာတွေ ရှိတယ်လို့ ထောင်နဲ့နီးစပ်သူတွေက ပြောပါတယ်။

အကျဥ်းသူတွေနဲ့ အကျဥ်းသားမိသားစုဝင်တွေဟာ ထောင်အာဏာပိုင်တွေရဲ့ ထိပါးနှောက်ယှက်မှုတွေကို ရှောင်ရှားနိုင်ဖို့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေရှင်းနေကြရပါတယ်။​ အဲဒါကတော့ တစ်ဦးနဲ့တစ်ဦး သတိပေးတာပါ။

ဒါကို အကျဥ်းထောင်နဲ့နီးစပ်သူတစ်ဦးက “အခုနောက်ပိုင်းတော့ တဆင့်စကား တဆင့်ပေါ့၊ အဲလို ခေါ်ရင် မသွားနဲ့ ဘာညာပေါ့။ ပြောကြရာကနေ အဲဒီလို(ထိပါးနှောက်ယက်မှု)ကိစ္စမျိုးတွေ နည်းလာ(ရှောင်ရှားနိုင်လာ)တာပေါ့” ဟု သူ့အမြင်ကို ပြောပါတယ်။

အခုလက်ရှိ ကလေးကျဥ်းထောင်မှာ ထောင်ဝင်စာတွေ့တာကို ‌လူတွေ့လက်ခံပြီဖြစ်လို့ ထောင်အာဏာပိုင်တွေရဲ့ ထိပါးနှောက်ယှက်တဲ့ရန်က အနည်းငယ်ရှောင်တိမ်းလာနိုင်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားဟောင်းများကွန်ရက်(PPNM)ကလည်း ကလေးအကျဉ်းထောင် အာဏာပိုင်တွေရဲ့ နိုင်၊ကျဉ်းမိ သားစုဝင်တွေအပေါ် လိင်ပိုင်းဆိုင်ရာနှောင့်ယှက်နေမှုတွေ ကျူးလွန်နေတယ်လို့ ထောက်ပြထားပါတယ်။

အဲလိုလုပ်တာဟာ လူ့ကျင့်ဝတ်နဲ့ လူ့အခွင့်အ ရေးကို ချိုးဖောက်ခြင်းဖြစ်တာကြောင့် အပြင်း အထန်ရှုတ်ချပြီး တရားမျှတမှု ဖော်ဆောင်သွားမယ်လို့ အသိပေးထားပါတယ်။

“ဒါမျိုးတွေက လုံးဝ လက်မခံနိုင်စရာပါ။ သူတို့က အာဏာရှင်သဘောမျိုးကို လုပ်နေကြတာ”  လို့ ထောင်အာဏာပိုင်တွေရဲ့လုပ်ရပ်ကို အ ကျဉ်းထောင်နဲ့နီးစပ်သူတစ်ဦးက မှတ်ချက်ပေးပါတယ်။

အာဏာသိမ်းပြီးနောက် ကုန်ဈေးနှုန်းကြီးမြင့်လာတာနဲ့အမျှ အခြေခံလူတန်းစားတွေဟာ ပိုပြီး ခက်ခဲကြပ်တည်းမှုတွေ ရင်ဆိုင်လာရပါတယ်။ အဲဒီအထဲမှာ အကျဥ်းသားမိသားစုဝင်တွေလည်း ပါဝင်နေပါတယ်။

ဒီအခြေအနေမှာ ကလေးအကျဉ်းထောင်ရဲ့ အာ ဏာပိုင်တွေကတော့ နေထိုင်တဲ့အခန်းခဆိုပြီး အကျဉ်းသားတွေဆီက ငွေညှစ်တာတွေရှိနေပါတယ်။ အကြောင်းအမျိုးမျိုးပြပြီး အကျဥ်းသားမိသားစု၀င်တွေထံက ပိုက်ဆံတောင်းတာတွေ လုပ်လေ့ရှိတယ်လို့ ဆိုကြပါတယ်။

ငွေကြေးမတတ်နိုင်လို့ မပေးတဲ့သူတွေကို မတ ရားဖိနှိပ်တာ၊ ခိုင်းစေတာတွေလုပ်နေပါတယ်။ အဲလို မတရားခိုင်းစေခံရမှုကြောင့် ကျန်းမာရေးထိခိုက်ပြီး ဆေးကုသခွင့်မရဘဲ သေဆုံးသူတွေလည်းရှိခဲ့တယ်လို့ အကျဥ်းသားမိသားစုဝင်တွေက ပြောပါတယ်။

“တချို့တွေဆို ​ဗြောင်ကို ပိုက်ဆံတောင်းတာ။ ဘယ်လောက်ပေး ဘာညာပေါ့။ အဲဒီလို ပြောရင် ကိုယ်က မတတ်နိုင်ဘူးလို့ ပြောတဲ့အခါ အထဲမှာရောက်နေတဲ့သူတွေအတွက် စဉ်းစားနော်၊ ပေးရင် သက်သာမှာ၊ လျော့ရက်ရမှာ အဲဒီလို ပြောပြောပြီး တောင်းတာ”လို့ အကျဉ်းသားတစ်ဦးရဲ့ အစ်မဖြစ်သူက ပြောပါတယ်။

စစ်ကောင်စီရဲ့ မတရားဖမ်းဆီးထောင်ချခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ တခြားပြစ်မှုကျူးလွန်သူ အကျဉ်းသားတွေထက်ပိုပြီး ဖိနှိပ်ခွဲခြားဆက်ဆံခံနေရတာ ဖြစ်ပါတယ်။ ကလေး အကျဉ်းထောင်အတွင်းမှာဆိုရင် ရော ဂါအခံရှိသူတွေကို အလုပ်မလုပ်ရင် လျှော့ရက်ဖြတ်မယ်လို့ ခြိမ်းခြောက်ကာ အလုပ်ကြမ်းတွေ ခိုင်းစေနေတယ်လို့ ဆိုပါတယ်။

အကျဉ်းထောင်မှာ မီးသီး၊ မီးလုံး၊ သော့အပါ အဝင် အထွေထွေပြင်ဆင်စရိတ်တွေကို အ ကျဉ်းသားတွေထံကနေ ငွေကြေးကောက်ခံပါတယ်။ ဒါ့အပြင် ဝန်ထမ်းတွေရဲ့ ခရီးသွားလာရေး စရိတ်တွေကိုပါ အကျဉ်းသားတွေထံက အတင်းအကျပ် တောင်းယူလေ့ရှိတယ်လို့ သိရပါတယ်။

“အထဲမှာ နိုင်၊ကျဉ်းတွေကို ကောင်းကောင်းမွန်မွန် ထားမယ်ဆိုပြီး မိသားစုဆီက ပိုက်ဆံတွေယူ၊ ပြီးရင် ဟုတ်တာလည်း မဟုတ်ဘူး။ တခြားအကျဉ်းသားတွေနဲ့တောင် တန်းတူဆက်ဆံတာမဟုတ်ဘူး”လို့ နိုင်ငံရေးအကျဥ်းသားဟောင်းတစ်ဦးက သူ့အတွေ့အကြုံကို ပြောပါတယ်။

နိုင်၊ကျဥ်းတွေကို ပြစ်ဒဏ်ကျအကျဥ်းသားတွေလို ခွဲခြားဆက်ဆံတဲ့အပြင် နိုင်ကျဥ်းမိသားစုဝင် အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာထိပါးစော် ကားမှုတွေလုပ်နေတဲ့အပေါ် လက်မခံနိုင်သလို ရှုတ်ချတယ်လို့ သူက ဆက်ပြောပါတယ်။

လက်ရှိမှာ နိုင်ငံရေးအကျဥ်းသား မိသားစုဝင်တွေဟာ စား၀တ်နေရေးအပါအ၀င် ဘက်ပေါင်းစုံ ကြပ်တည်းခက်ခဲမှုတွေကို ရင်ဆိုင်နေရတာပါ။ ဒါကြောင့် သူတို့အနေနဲ့ တော်လှန်ရေးအောင်မြင်ပြီး မတရားဖမ်းဆီးအကျဥ်းချထားရာက လွတ်ငြိမ်းခွင့်ရလာမယ့်နေ့ကို မျှော်လင့်နေကြပါတယ်။

နိုင်ငံရေးအကျဥ်းသားဟောင်းတစ်ဦးကတော့ ထောင်အာဏာပိုင်တွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ နှောက်ယှက်စော်ကားမှုတွေနဲ့ ရင်ဆိုင်လာရရင် ငြိမ်ခံမနေကြဖို့ ခုလိုအကြံပြု တိုက် တွန်းထားပါတယ်။

“ဒီလိုမျိုးအလုပ်ခံရပြီဆိုရင် ငြိမ်မနေဘဲ တိုင် တန်းတာ လုပ်ရမယ်။ ပြောရမယ်။ မဟုတ်ဘဲငြိမ်ခံနေရင် ပိုဆိုးမှာ။ အရေးမယူပေမယ့်လည်း အတိုင်ခံရတော့ နည်းနည်းပါးပါး တန့်သွားမှာပေါ့ဗျာ။ ကိုယ်က ကြောက်ပြလေ သူတို့က ပိုခြောက်လေပဲ”

(ဆောင်းပါးမှာပါ၀င်တဲ့ အမည်တွေဟာ လုံခြုံ ရေးအရ အမည်လွှဲပေးထားတာ ဖြစ်ပါတယ်)

နောက်ဆုံးရသတင်းများ

ဂန့်ဂေါမြို့နယ်အတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး‌ ကြောင့်အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရ

၂၅ ၊ ဇွန် ၊ ၂၀၂၅ Zalen မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် ၊အနောက်ဂန့်ဂေါကျေးရွာကို မနေ့က ဇွန်လ ၂၅ ရက်နေ့ မှာ ခလရ ၅၀ တပ်ရင်းရှိ စစ်ကောင်စီတပ်က လက်နက်ကြီးရမ်းသမ်း ပစ် ...

ဆက်ဖတ်ရန်