အာဏာသိမ်းပြီး ငါးနှစ်နီးပါးအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းတိုင်းရင်းသား ၃၆၆ ဦးသေဆုံး

နို၀င်ဘာ ၁၇၊ ၂၀၂၅

Zalen

အာဏာစသိမ်းချိန် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂၀၂၅ ခုနှစ် ၊ အောက်တိုဘာလ ၃၁ ရက်နေ့အထိ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းတိုင်းရင်းသား စုစုပေါင်း ၃၆၆ ဦးသေဆုံးခဲ့ရပြီး ၁,၁၀၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ချင်းရေးရာအဖွဲ့ချုပ် ( ICA) မှ ထုတ်ပြန်ပါတယ်။

သေဆုံးတဲ့ စာရင်းထဲမှာ ချင်းပြည်နယ်နှင့် ချင်းပြည်နယ်ပြင်ပမှာ နေထိုင်သည့် ချင်းလူမျိုးများလည်း ပါ၀င်ပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းပြည်နယ်အတွင်း လူနေအိမ် ၁,၁၀၀ ကျော်၊ ဘာသာရေးအဆောက်အဦး ၈၁ လုံးနှင့် အစိုးရအဆောက်အဦး ၉၀ ကျော် ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။

ချင်းပြည်နယ်မှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အကြိမ် ၃၃၀ ကျော်ပြုလုပ်ခဲ့ပြီး မင်းတပ်မြို့နယ်ကိုတော့ အကြိမ် ၁၀၀ ကျော်နဲ့ အများဆုံး ဗုံးကြဲတိုက်ခိုက်ခံခဲ့ရပါတယ်။

ချင်းပြည်နယ် ပြင်ပ ချင်းလူမျိုးတွေ နေထိုင်ကြတဲ့ စစ်ကိုင်း၊ မကွေး၊ ရခိုင်ပြည်နယ်ရှိ ချင်းတိုင်းရင်းသား များ နေထိုင်ရာ ဒေသတွေမှာ ၈၈ ကြိမ်ကျော် တိုက်ခိုက်ခံခဲ့ရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ တစ်လအတွင်းမှာပဲချင်းပြည်နယ်မှာ စစ်‌ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အပြစ်မဲ့အရပ်သား ခုနှစ်ဦးနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင် သုံးဦး သေဆုံးခဲ့တယ်လို့ ချင်းရေးရာအဖွဲ့ချုပ် ( ICA )က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီက တစ်လအတွင်း လေကြောင်းတိုက်ခိုက်မှု ၁၃ ကြိမ် အထိပြုလုပ်ခဲ့တာကြောင့် ၂၅ ဦးကျော် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုတွေအတွင်းမှာ ဗုံးအလုံးရေ နှစ်ဆယ် ကျော်နဲ့ ကြဲချတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ ရက်နေ့ကလည်း ကန်ပက်လက်မြို့၊ မြို့မ (၂) ရပ်ကွက်၊ (၁၀) မိုင်ကုန်းမှာ လုပ်တဲ့ မင်္ဂလာဆောင်ပွဲကို စစ်ကောင်စီက လေကြောင်းက‌ နေ ဗုံးကြဲလို့ လေးဦး သေဆုံးခဲ့ရပြီး ၁၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်ကောင်စီဟာ သူတို့ကျင်းပမယ့် ရွေးကောက်ပွဲကာလ နီးသထက်နီးလာတာနဲ့အတူ လေကြောင်းတိုက်ခိုက်မှုတွေကိုလည်း အကြိမ်ကြိမ် ပိုပြီးပြုလုပ်လာနေတယ်လို့လည်း ICA ရဲ့ နို၀င်ဘာ ၁၄ ရက်ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

Helen

နောက်ဆုံးရသတင်းများ

ဖလမ်းမြို့နယ်မှာ စစ်ကောင်စီနဲ့ ချင်းတော်လှန်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်၊ လေယာဥ်လေးစီးဖြင့်တစ်ပြိုင်နက်တိုက်ခိုက်

နို၀င်ဘာလ ၁၇၊ ၂၀၂၅။ Zalen ကလေးမြို့နယ်၊ နတ်ချောင်းရွာမှတဆင့် ‌‌ဖလမ်းမြို့နယ်၊ ‌‌‌‌ဝေဘူလမြို့ကနေတက်လာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ချင်းတော်လှန်ရေးပူးပေါင်းတပ်တို့ဟာ ဖလမ်းမြို့နယ်အရှေ့ဘက်မှာ အပြင်းထန်တိုက်ပွဲဖြစ်ပွားပြီး နေ့လယ်ပိုင်းမှာ လေယာဥ်လေးစီးဖြင့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေထံမှ သတင်းရရှိပါတယ်။ စစ်ကောင်စီကိုတိုက်ခိုက်တဲ့ ချင်းတော်လှန်ရေးပူးပေါင်းတပ်တွေဟာ ...

ဆက်ဖတ်ရန်